Saturday, October 13, 2012

အမှိုက်ပစ်ခြင်း ယဉ်ကျေးမှုနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာ့အမှိုက်

ရေးသားသူ — မေရီနွမ်
သည်နေ့ အန်ဆန်မြို့ကနေ ဖုန်းဝင်လာပါတယ် ။ အမှိုက်အိတ်ထဲပါလာတဲ့ ၊ ကျမရဲ့ ဆန်ကြော်ငြာစာရွက်ကိုကြည့်ပြီး ၊ ဖုန်းနံပတ်ရရှိကြောင်း ၊ မြန်မာဟု ယူဆရတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ၊ သည်ပတ်ဝန်းကျင်မှာ နေထိုင်သည်ထင်ကြောင်း ၊ အမှိုက်အိတ်ဝယ်ယူအသုံးပြုခြင်းမရှိပဲ ၊ အမှိုက်တွေကို နေ့စဉ် ဂျွတ်ဂျွတ်အိတ်မဲဖြင့် ပစ်လေ့ရှိကြောင်း ၊ ရက်သတ္တတစ်ပတ်လျင် ၁~၂ ကြိမ် ၊ ညအချိန်လာရောက်စွန့်ပစ်လေ့ရှိကြောင်း ၊ ၂~၃နှစ်တာ ကာလလုံးလုံး သည်လိုဆောင်ရွက်သွားတဲ့အတွက် ၊ ရဲစခန်းကို အကြောင်းကြားပြီးအရေးယူမည်ဖြစ်ကြောင်း ၊ ဒေါသတကြီး ပြောသွားပါတယ် ။


[ကိုရီးယားနိုင်ငံ အမှိုက်ပုံရောက် မြန်မာ့အမှိုက်]

ကျမလည်း မြန်မာလူမျိုးဖြစ်ခဲ့လျင်တောင်းပန်ပါကြောင်း ၊ တာဝန်မဲ့လုပ်ရပ်နှင့် သူတစ်ပါးအားဒုက္ခပေးသူအား ၊ တတ်နိုင်သမျှကြေညာ၍ အသိပေးမည်ဖြစ်ကြောင်း ၊မြန်မာများ ကိုရီးယားနိုင်ငံရဲ့ အမှိုက်ပစ်စနစ်ကိုမသိ၍ ဂျွတ်ဂျွတ်အိတ်သုံးခြင်းဖြစ်နိုင်ကြောင်း ၊ သည်တစ်ကြိမ်ကိုတော့ ရဲစခန်းသို့ တိုင်တန်းခြင်းမပြုပါရန်မေတ္တာရပ်ခံပါကြောင်း ၊ တောင်းတောင်းပန်ပန်ပြောဆိုလိုက်ရပါတယ် ။

[တရားမဝင်ပစ်ထားတဲ့အမှိုက်]
အမှိုက်ပစ်သူဟာ အန်ဆန်မြို့ ၊ ရှီဟွာဂုံဒန် ၊ ဆောင်းဂုံဒုန် ၊ (안산시 시화공단 성공동) အနီးနေထိုင်သူဖြစ်၍ ၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ၊ ဖူပြောင်း လိုတီမတ် (Lotte Mart) မှ ၊ ချိုချဉ်နှင့် ချောကလက် ၂သောင်း၎ထောင်ဝမ်ဖိုးကို ညနေ ၅နာရီ ၂၀မိနစ်တွင် ၊ ဝယ်ယူသွားကြောင်း ၊ အမှိုက်အိတ်ပါဘောက်ချာအရ ၊ တွေ့ရှိရပါတယ် ။ မည်သူမည်ဝါဖြစ်ကြောင်း ၊ လောလောဆယ် ၊ လိုတီမတ်ရှိ စီစီတီဗီ လျှို့ဝှက်ကင်မရာဖလင်မှ ၊ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

[မြန်မာပြည်ကလာတဲ့အမှိုက်]
မြန်မာညီအစ်ကိုမောင်နှမများရှင့် ၊ ကျေးဇူးပြု၍ အမှိုက်အိတ်ဝယ်ယူသုံးစွဲကြပါရန်နှင့် ၊ ရပ်ကွက်ဆိုင်တိုင်းမှာ ဝမ် ၇၀၀~ ၁၀၀၀ခန့်ဖြင့်ဝယ်ယူ၍ရပါတယ် ။ အိတ်သေး ၁၀လီတာ ၊ အိတ်လတ် ၂၀ လီတာ ၊ အိတ်ကြီး ၅၀ လီတာ ၊ လို့ခေါ်ပါတယ် ။

[စည်ပင်အမှိုက်အိတ် ၊ တရားဝင်အမှိုက်အိတ်]

ကိုရီးယားနိုင်ငံမှာ အမှိုက်ပစ်တဲ့အခါမှာ မြို့တော်စည်ပင်က စီမံရောင်းချတဲ့ အမှိုက်အိတ်များမှာထည့်ပြီး ပစ်ရပါတယ် ။ သဘောကတော့ စည်ပင်သာယာကို အခွန်ဆောင်ပြီး အမှိုက်ပစ်ရတဲ့သဘော ၊ ကိုယ်ကအခွန်ဆောင်တော့ စည်ပင်ယာယာက အမှိုက်အိတ်ပေးတဲ့သဘော ၊ အခွန်ဆောင်ပြီး အမှိုက်အိတ်မှာ အမှိုက်ထည့်ပြီး အမှိုက်ပစ်ရတဲ့သဘော ပါ ။

အမှိုက်ပစ်ခြင်းစနစ်နှင့် ပတ်သက်ပြီး ၊ ဆောအူးလ်မြို့တော်မှာ ၈ နှစ်ခန့်နေလာဖူးတဲ့ ကျမမိတ်ဆွေတစ်ဦးကိုမေးကြည့်လိုက်တော့ ၊ သူကဒီလိုပြောပါတယ်-
ဆောအူးလ်မြို့တော်မှာတော့ အခွန်မဆောင်ပဲ ပစ်တဲ့အမှိုက်ကို စည်ပင်သာယာက သိမ်းလေ့မရှိပါဘူး ။ သည်အတိုင်းချန်ထားခဲ့တာပါ ။ အမှိုက်ပုံမှာ ၊ ရပ်ကွက်ထဲမှာ တရားမဝင် ပစ်တဲ့ (စည်ပင်အိတ်မပါပဲပြစ်တဲ့ ၊ အခွန်မဆောင်ပဲပြစ်တဲ့) အမှိုက်ပြဿနာကို သက်ဆိုင်ရာ ရပ်ကွက်လူကြီးနှင့် လမ်းလူကြီးများက တာဝန်ယူ ဖြေရှင်းကြရပါတယ် ။ ၂ခါ ၃ ခါထက်မပိုပါဘူး ၊ အမှိုက်တရားခံကို တန်းပြီးမိတာပါပဲ ။ တရားလွန်ဖြစ်လာရင်တော့ အမှိုက်ပုံကို စီစီတီဗီတပ်ပြီး စောင့်ဖမ်းတော့တာပါပဲ ။

နောက်ပြီး ဆောအူးလ်မြို့တော်မှာ အမှိုက်ကို စနစ်တကျပစ်တာ ၊ ဥပဒေနှင့်အညီပစ်တာဟာ ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေပြီမို့ ၊ တရားမဝင် အမှိုက်မပစ်ပါနှင့်လို့ ဘယ်သူမှ လာပြောမနေပါဘူး ။ အမှိုက်မပစ်ဖို့ ဆော်သြတာတွေလည်းမရှိတော့ပါဘူး ။ တရားမဝင်အမှိုက်ပစ်တာတို့ ၊ စည်းကမ်းမဲ့ ယာဉ်ရပ်တာတွေအတွက်လည်း ဘယ်သူမှ ဆော်သြမနေပါဘူး ။ ကိုယ်လုပ်ကိုယ်ခံဆိုတဲ့သဘောမျိုးပါ ။ သက်ဆိုင်ရာ ရုံးကနေ တရားဝင်စာ ရောက်လာတော့တာပါပဲ ။ ဘယ်နေ့ဘယ်ရက် ဘယ်အချိန်က ဘယ်နေရာမှာ ဘာအမှိုက် ပစ်သွားပါတယ် ။ လူကြီးမင်းရဲ့ တရားမဝင် အမှိုက်ပစ်မှုအတွက် မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မဘယ်လောက်အရ ဒဏ်ငွေဘယ်လောက်ပေးဆောင်ရန် ၊ အသိပေးအပ်ပါတယ် ။ ဒဏ်ငွေ ကို ဘယ်နေ့နောက်ဆုံးထားပြီး ၊ ဘယ်ဘဏ်စာရင်းသို့ ပေးဆောင်ရန် ထပ်ဆင့်နှိုးဆော်ပါတယ် ဆိုတဲ့ စာသာရောက်လာလေ့ရှိပါတယ် ။ ဘယ်သူမှ ငြင်းလို့မရပါဘူး ။ ခိုင်လုံတဲ့ သက်သေခံများ ရှိနေတတ်တာမို့ ငြင်းရင်လည်း ရှုံးမှာပါပဲ လို့ ပြောပါတယ် ။

နောက်ပြီး အမှိုက်သဘောထားလေးပေးပါဦးဆိုတော့ ကျမမိတ်ဆွေက-
သည်အမှိုက်ပစ်ခြင်းယဉ်ကျေးမှုကို ကိုရီးယားရောက်မြန်မာများအတုယူပြီး မိခင်နိုင်ငံသို့အရောက်ယူသွားကြဖို့သင့်ကြောင်း နှင့် သည်ယဉ်ကျေးမှုဟာ မြန်မာ့ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရာမှာ အထောက်အကူဖြစ်စေနိုင်မည်ဟု ယူဆကြောင်းလည်းပြောပါတယ် ။

အမှိုက်ပစ်ခြင်းဓလေ့နှင့် ပတ်သက်ပြီး ၊ ကျမတို့ မြန်မာများရဲ့ ဂုဏ်သိက္ခာ မထိပါးစေလိုပါ ။
အမှိုက်ကစ ပြဿဒ်မီးလောင်တာမျိုးလည်း မဖြစ်စေလိုပါ ။

မေတ္တာဖြင့်-
မေရီနွမ်

No comments: