Saturday, March 23, 2013

အမျိုးဘာသာ သာသနာကို ဘယ်လို ကာကွယ်ကြမလဲ

ရေးသားသူ — စိုးမိုးသူ

အမျိုးဘာသာ သာသနာကို ကာကွယ်တာပါဆိုပြီး ဗုဒ္ဓဘုရားရဲ့ အဆုံးအမကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့ သူတွေကို ဘယ်လို ဂုဏ်ယူပေးရမလဲ မသိပါ။

သေချာတာက ဒီလုပ်ရပ်တွေ ကျူးလွန်နေတဲ့ သူတွေဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမနဲ့  ဆန့်ကျင်တဲ့ နည်းလမ်းကို သုံးပြီးလုပ်နေတာဖြစ်တာကြောင့် ကျေးဇူးရှင် မြတ်စွာဘုရားကို မထီမဲ့မြင်ပြုသူတွေ၊ ဘုရားကို ခုတုံးလုပ်ပြီး ကိုယ့် လူရမ်းကား ဒုစရိုက်ကို ဓမ္မဖြစ်အောင်ကြိုးစားနေသူတွေ ဖြစ်နေကြတာကတော့ အမှန်ပါပဲ။

တကယ့်ကို အမျိုး ဘာသာ သာသနာကို ကာကွယ်လိုတယ်ဆိုရင်

၁) တရားဟော သံဃာတွေအနေနဲ့ ဘာသာကွဲတွေကို ဆန့်ကျင်ဘို့ တရားပွဲထဲမှာပါ အချိန်ဖဲ့ဟောပြောနေတာထက် မြန်မာနိုင်ငံသားတွေကို မြတ်ဘုရားရဲ့ မွန်မြတ်တဲ့ တရားတော်ကို လေး 
နက်စွာ သိရှိလာအောင်၊ ဘုရားတရားသံဃာအပေါ် ပိုမို ယုံကြည်သက်ဝင်လာအောင်၊ တရားနာသူတွေ ပိုမိုများပြားလာအောင် ကြိုးစား အားထုတ်တဲ့နေရာမှာ အချိန်ပေးသင့်ဟောပြောပေးသင့်ပါတယ်။ သံဃာဆိုတဲ့ အရှိန်အ၀ါကို အသုံးချပြီး ပြည်သူတွေ အသိစိတ်ထဲကို သူများကို မုန်းတီးစိတ်၊ ကလဲ့ စားချေချင်စိတ်တွေ သွင်းသွပ်ပြီး အကုသိုလ်ပွားအောင် မလုပ်သင့်ပါ။ ဗုဒ္ဓဘာသာဟာ စစ်မှန်တဲ့ ဘာသာဖြစ်တာကြောင့် မှတ်ကျောက်တင်ခံနိုင်ပါတယ်။ စစ်မှန်တဲ့ ဘာသာတရားကို အမှန်တကယ် ယုံကြည်နေတဲ့သူတွေက ဘယ်ဘာသာကိုမှ ပြောင်းလဲဖို့ ကြံစည်မှာ မဟုတ်ပါဘူး။

၂) အစိုးရအနေနဲ့ ပြည်သူတွေ အပူအပင်မရှိ စားဝတ်နေရေး အဆင်ပြေအောင် စေတနာရှေ့ထားပြီး စွမ်းဆောင်ပေးရပါ့မယ်။ အများအားဖြင့် စီးပွားရေးအခြေအနေကြောင့် မိမိဘာသာကို မျက်ရည်စက်လက်နဲ့ စွန့်ခွာပြီး အခြားဘာသာကို မျက်စိမှိတ် အံကြိတ်လက်ခံလိုက်ရတဲ့ သူတွေရှိနေကြ တာကြောင့် အစိုးရအနေနဲ့ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေအောင် ကြိုးစားဆောင်ရွက်ပေးဖို့ အထူး လိုအပ်ပါတယ်။ မိမိပြည်သူတွေကိုမှ ၀မ်းဝအောင် မကျွေးနိုင်တဲ့ အစိုးရကို ဘယ်ပြည်သူမှ အားကိုးမှာ မဟုတ်ပါဘူး။

ကျနော်တို့ ဗုဒ္ဓဘာသာဟာ ဒီမိုကရေစီဝါဒကို တန်ဘိုးထားပါတယ်။
ဒီမိုကရေစီဟာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်။

တနိုင်ငံလုံးရဲ့ 4%သာ ရှိတဲ့ လူနည်းစု၊ ဘာသာခြားတွေနောက်ကို မိမိလူမျိုးတွေ လိုက်ပါသွားမှာကို စိုးထိတ်ကြောက်ရွံ့နေကြရလောက်အောင် မိမိလူမျိုးကို မိမိ မယုံကြည်ဖြစ်ရန် မလိုပါ။

မိမိလူမျိုးကို  အကျင့်၊ပညာမှာ ပိုမို အရည်အသွေးရှိတဲ့ လူမျိုးဖြစ်အောင် ကြိုးစားမယ်၊
မိမိနိုင်ငံမှာ ဗုဒ္ဓတရားသံတွေနဲ့ လွှမ်းမိုးနေအောင် ကြိုးစားမယ်၊
မိမိတိုင်းပြည်ကို သာယာဝပြောတဲ့ တိုင်းပြည်ဖြစ်အောင် ကြိုးစားမယ်ဆိုရင်နဲ့ပဲ 
လူမျိုး ဘာသာ သာသနာကို ကာကွယ်နိုင်ယုံသာမက အရည်အသွေးရှိတဲ့လူမျိုး၊ အများကလေးစားရတဲ့ တိုင်းပြည်အဖြစ်နဲ့ပါ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်နေနိုင်မှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။

စစ်မှန်တဲ့ ဘာသာရှိပြီး မိမိဘာသာအပေါ် ယုံကြည်မှုခိုင်မြဲတဲ့နိုင်ငံသားတွေနေတဲ့ စီးပွားရေး အဆင်ပြေ တဲ့နိုင်ငံမှာ ဓါးဓါးချင်း ဒုတ်ဒုတ်ချင်း အကြမ်းဖက်လုပ်ရပ်နဲ့ အမျိုးဘာသာ သာသနာကို အကျည်းတန်စွာ ကာကွယ်ဖို့ မလိုအပ်တော့ဘူးလို့ အကြံပေးပါတယ်။

တိုင်းပြည်ကို မီးလောင်ပြာကျခံပြီး အမျိုး ဘာသာ သာသနာကို ကာကွယ်တာထက်
တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်ရောင်ကို မြင့်တင်ပြီး အမျိုးဘာသာ သာသနာကို ကာကွယ်ကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။
ကျနော် မြန်မာပြည်နဲ့ ဗုဒ္ဓဘာသာကို သိပ်ချစ် တန်ဘိုးထားပါတယ်။

No comments: