Saturday, March 23, 2013

အစိုးရက ဘာလို့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းရသလဲ

ရေးသားသူ — စိုးမိုးသူ 

မနေ့က သတင်းတပုဒ်တက်လာပါတယ်။
ချောင်းဂျူးလူဝင်မှုကြီးကြပ်ရေးဌာနဟာ လွန်ခဲ့တဲ့ မတ်လ၂၁ရက်နေ့က  ချောင်းဂျူးမြို့တွင်းရှိ
 ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၃ဦးကို ဖမ်းဆီး ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဖမ်းဆီးမိခဲ့သူများဟာ တရုတ်လူမျိုးများ ဖြစ်ကြပါတယ်။

ဌာနက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်စေခိုင်းသူ အလုပ်ရှင်ကိုလည်း လူဝင် မှုကြီးကြပ်ရေးဥပဒေအရ အရေးယူဖို့ စီစဉ်နေပါတယ်။ အလုပ်ရှင်ဟာ အထောက်အထားမဲ့ အလုပ်သ မားတွေဆိုရင် လစာနဲနဲပဲပေးလည်း ရတာမို့ အသုံးပြုခဲ့တာပါလို့ ဖြေကြားပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနမှူးက ကိုရီးယားနိုင်ငံသားတွေရဲ့ အလုပ်နေရာတွေ အထောက် အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလက်ထဲ မရောက်အောင် ဆက်လက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
သတင်း မူလ လင့်ခ် http://news.naver.com/main/read.nhn?mode=LSD&mid=sec&sid1=102&oid=001&aid=0006159791

သတင်းကို ဖတ်ရင်း လ၀ကဌာနမှုးပြောတဲ့ စကားအပေါ်အမြင်ကို စာတပုဒ်ရေးဖို့ ကြိုးစားလိုက်ပါတယ်။

ကိုရီးယားအစိုးရဟာ အထက်ပါ သတင်းမှာ ပါတဲ့အတိုင်း အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သ မားတွေကို ဖမ်းဆီးရတဲ့ အကြောင်းရင်းဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကိုရီး ယားနိုင်ငံသားတွေရဲ့ အလုပ်နေရာကို မောင်ပိုင်စီးထားတာကြောင့် ကိုရီးယားနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်နေကြရလို့ လို့ ဆိုပါတယ်။


ကိုရီးယားမှာ ရွှေ့ပြောင်းသူ ၁သန်း ၄သိန်းကျော်ရှိတဲ့အနက် ၇၀%ဟာ ရွှေ့ပြောင်းအလုပ်သမား များ ဖြစ်ကြပါတယ်။ 

အတိအကျပြောရရင် ကိုရီးယားနိုင်ငံသားတွေ မလုပ်ချင်လို့ စွန့်ပြစ်ထားတဲ့ ကိုရီးယားနိုင်ငံရဲ့ ခက်ခဲ ပင်ပန်း အန္တရာယ်များတဲ့ အလုပ်အကိုင်နေရာတွေကို ရွှေ့ပြောင်းအလုပ်သမားများရဲ့ အင်အား နဲ့ ဖြည့်ဆီးပြီး နိုင်ငံစီးပွားရေးကို ကျားကန်ထားရတာပါ။
 
ကိုရီးယားရဲ့ ဥပဒေအရ အလုပ်သမားအလိုရှိတဲ့ အလုပ်ရှင်ဟာ ပထမဦးဆုံး မိမိနိုင်ငံသား အလုပ်သမားကို ရှာဖွေရမယ်လို့ ပြဌာန်းထားပါတယ်။ နိုင်ငံသားအလုပ်သမားကို ၁၅ရက်အတွင်း မရှာဖွေနိုင်ရင် တနည်း အားဖြင့် အဲဒီ အလုပ်ကို ကိုရီးယားအလုပ်သမားက မလုပ်လိုလို့ရှောင်ရှားတဲ့ကာလက ၁၅ရက်ကြာ လာပြီဆို ရင်တော့ အလုပ်ရှင်ဟာ အလုပ်သမားဝန်ကြီးဌာနမှာ သွားရောက်ပြီး အီးပီအက်စ်စနစ်အောက်
 နိုင်ငံခြားသား အလုပ်သမားကို အသုံးပြုလိုကြောင်း လျှောက်ထားနိုင်ပါတယ်။

ကိုရီးယားနိုင်ငံသား ဘယ်သူမှ မလုပ်တဲ့ အလုပ်နေရာဖြစ်ပေမယ့်  နိုင်ငံစီးပွားရေးအရ ဒီအတိုင်း ပြစ်ထား
လို့ မရတဲ့ အတွက် အဲဒီနေရာတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်အင်အားနဲ့ ဖြည့် ဆီးရပါ တယ်ဆိုတဲ့ အကြောင်းကို ဖုံးဖိထားပြီး အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ ကိုရီးယားနိုင်ငံသားတွေရဲ့ အလုပ်နေရာကို မောင်ပိုင်စီးထားလို့ သူတို့ကို ဖမ်းဆီးပြန်ပို့မှ ဖြစ်မယ် လို့ သူ့ ပြည်သူကို သူ့အစိုးရက ဗြောင်လိမ် အကြောင်းပြနေရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကို ကျနော်တို့ သိထားဖို့ လိုအပ်နေပါတယ်။

ခေတ်သစ် အရင်းရှင်စီးပွားရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေတဲ့ ကိုရီးယားအစိုးရဟာ လစာနဲနဲ နဲ့ အလုပ်လုပ်ပေးမယ့် အလုပ်သမားတွေကို ငမ်းငမ်းတက် လိုလားနေပါတယ်။ ကိုရီးယားနိုင်ငံသားတွေ ကတော့ ကြီးမားလှတဲ့ ကိုရီးယားရဲ့ လူနေမှု စရိတ်အောက်မှာ တောင့်ခံနေထိုင်နိုင်ဖို့အတွက် တလကို လစာ အနဲဆုံး ၀မ်သိန်း၂၀အထက်ရမှာ ဘ၀အစဉ်ပြေမှာမို့ လစာနဲနဲပေးတဲ့ အလုပ်နေရာ ကို ရှောင်ရှားပါတယ်။ 3D(dirty, dangerous, difficult)ဆိုတဲ့ အလုပ်တွေက အလုပ်ချိန်ရှည်၊ လစာနဲ၊ ပင်ပန်း ခက်ခဲ အန္တရာယ်များလွန်းတာမို့ ကိုရီးယားနိုင်ငံသားတွေ ဒီလိုနေရာကို ရှောင်ရှားကြတာပဲ ဖြစ်ပါ တယ်။

ဒီတော့ ကိုရီးယားအစိုးရဟာ မိမိနိုင်ငံထက် လစာပိုရတဲ့(ဒီနိုင်ငံမှာတော့ လစာနဲတဲ့ အလုပ်ဆိုပေ မယ့်) နိုင်ငံခြားတိုင်းပြည်မှာ အလုပ်လုပ်လိုတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ခေါ်ယူ အလုပ်စေခိုင်းတဲ့ နည်းကို အသုံးပြုလာကြပါတယ်။ ဒါပေမယ့် အစိုးရဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေအရ ကန့် သတ်ချက်တွေကို တင်းကြပ်စွာ ပြဌာန်းထားသလို၊ အလုပ်ရှင်ဆိုးတွေကလည်း ရွှေ့ပြောင်းအလုပ်သမား
တွေရဲ့ ဘာသာစကားမတတ်ကျွမ်းမှု၊ ကိုရီးယားရဲ့ ဥပဒေကို နားမလည်ထားမှုကို အခွင့်ကောင်းယူပြီး ခေါင်း ပုံဖြတ် အမြတ်ထုတ်ဖို့ လုပ်ကြတာကြောင့် ကိုရီးယားကို ရည်မှန်းချက် အိပ်မက်တွေ တပွေ့တပိုက်နဲ့ ၀င် လာသူတွေ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ကြရတော့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ အစိုးရရဲ့ ဥပဒေဖြင့် ချုပ်ချယ်မှု၊ အလုပ်ရှင်ဆိုးတွေရဲ့ လူမဆန်မှုတွေ
 ကြောင့် တရားဝင် အလုပ်သမားအဖြစ် ဆက်လက် ရပ်တည်နိုင်စွမ်း မရှိတော့တာမို့ နောက်ဆုံးမှာ အထောက်အထားမဲ့(တရားမ၀င် နေထိုင်သူ အိုဗာစတေး)အလုပ် သမားဘ၀ကို ကျရောက်သွားခဲ့ကြ ရခြင်း၊  တွေ့ကြုံကြရတဲ့ အနိုင်ကျင့်မှုများကြောင့် အလုပ်လုပ်ကိုင်ရန် သတ်မှတ်ပေးထားတဲ့ ကာလ အတွင်းမှာ မိမိရည်မှန်းချက်ကို ဖြည့်ဆည်းဖို့အတွက် မဖြစ်နိုင်တော့တာမို့ သက်မှတ်ရက်လွန်နေထိုင်ကြ ရင်းဖြင့် အထောက်အထားမဲ့ အလုပ်သမားဘ၀ကို ကျရောက်ခဲ့ကြကြရပါတယ်။

ကိုရီးယားအစိုးရဟာ မိမိနိုင်ငံရဲ့ လိုအပ်ချက်အရ ရွှေ့ပြောင်းအလုပ်သမားများရဲ့ အကူအညီကို ရယူခဲ့ပေမယ့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်းဖြင့် ဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဟာ သူတို့ရဲ့ နွေးထွေးမှု မရှိခဲ့မှုကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အထောက်အထားမဲ့ အလုပ်သမားဘ၀ကို ကျရောက်ခဲ့တဲ့ အပေါ် နောင်တရခြင်း အလျှင်းမရှိသလို အထောက်အထားမဲ့ရွှေ့
 ပြောင်း အလုပ်သမားများအား အတင်းအကြပ် ဖမ်းဆီးပြန်ပို့ခြင်းကိုသာ တခုတည်းသော ဖြေရှင်းရန် နည်းလမ်း အဖြစ်ဖြင့် ပြသနာကို ဖြေရှင်းဖို့ ကြိုးစားလာခဲ့တာ ယနေ့ထိတိုင်ပါပဲ။

ဖိနှိပ်မှု ခေါင်းပုံဖြတ်မှုကို ခံစားရတဲ့အခါ တွန်းထွက်ဖို့ ကြိုးစားတာဟာ လူသားတွေရဲ့ သဘာဝပါ။ ဒါကြောင့် မိမိခံစားနေရတဲ့ အခြေအနေက လွတ်မြောက်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ယနေ့ထိတိုင် ပုံစံအမျိုးမျိုးနဲ့ တော်လှန်နေကြဆဲပါ။

ဒါပေမယ့် လက်ရှိ ကိုရီးယားမှာ ရွှေ့ပြောင်းအလုပ်သမား အများစုဟာ မိမိခံစားရတဲ့ ဒုက္ခပြေပျောက်ဖို့ အတွက် မိမိမှာ ဖြစ်ပေါ် နေတဲ့ ပြသနာလောက်ကိုပဲ ဖြေရှင်းတဲ့ နည်းကိုသာ စိတ်ဝင်စားကြတာ တွေ့ရှိရ ပါတယ်။ မိမိခံစားနေရတဲ့ ပြသနာဟာ အလုပ်သမားတစုလုံးရဲ့ ပြသနာဆိုတဲ့ အမြင်အထိ ရောက်ဖို့လိုသ လို ပြသနာကို စုပေါင်း ဖြေရှင်းခြင်းဖြင့် မိမိပြသနာပါ ပြေလည်နိုင်တယ်ဆိုတဲ့ အမြင်ကို ရရှိဖို့ လိုနေ ပါတယ်။

ကိုရီးယားမှာ ရွှေ့ပြောင်းအလုပ်သမားအရေးကို ဦးဆောင် ကြိုးစားနေတဲ့ ကိုရီးယား အန်ဂျီအို အဖွဲ့အစည်း
တွေ များစွာ ရှိကြပါတယ်။ သူတို့တွေက မိမိနိုင်ငံတွင်းမှာ အင်အားနဲသူတွေ ဖိနှိပ်ခံနေကြရတာကို မခံမရပ်နိုင်ဖြစ်ပြီး နှစ်ပေါင်းကြာရှည်စွာ တက်တက်ကြွကြွ ကြိုးပမ်း လှုပ်ရှားနေကြပေမယ့် မိမိ အရေးဖြစ်
သော်ငြားလည်း ပူးပေါင်း ပါဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေက အထူး နည်းပါးလျှက် ရှိနေပါတယ်။

အထောက်အထားမဲ့ အလုပ်သမားတို့ရဲ့ ပြသနာဖြစ်လို့ မိမိတို့နဲ့ မဆိုင်ဆိုတဲ့ ရွှေ့ပြောင်းအလုပ်သမား များလည်း အံသြဖွယ် ရှိနေကြပါတယ်။ သူတို့တွေ အနေနဲ့ "ဘယ်အရာမှ အလကား မရပါ၊ ဘယ်အရာမှ သူ့အလိုလို ပေါ်ပေါက်လာခြင်းမရှိပါ" ဆိုတဲ့ သဘာဝ အမှန်တရားကို သိထားဖို့ လိုအပ်ပါတယ်။ 

လက်ရှိ EPSစနစ်ဆိုတာဟာ လွန်ခဲ့တဲ့ အနှစ်၂၀က ရွှေ့ပြောင်းအလုပ်သမားတွေကို ခေါင်းပုံဖြတ် ဖိနှိပ်ခဲ့တဲ့ အလုပ်သင်သင်တန်းသား စနစ်ကို တောက်လျှောက် ဆန့်ကျင်တိုက်ဖျက်ရာမှ ရယူနိုင်ခဲ့တဲ့ အသီးအပွင့် တခုပါ။ 

အထောက်အထားမဲ့ အလုပ်သမားဟာလည်း မိမိတို့နဲ့ ဘ၀တူ အလုပ်သမားဖြစ်ပါတယ်။
သေချာတာကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အချင်းချင်း သွေးကွဲနေသမျှ ကိုရီးယားအရင်းရှင် အစိုးရ
ကတော့ အစွယ်တဖွေးဖွေးနဲ့ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ သွေးကို မြိန်ရှက်
စွာ သောက်သုံးနေမှာဆိုတာပါပဲ။

ဒါဆို ကျနော်တို့တွေ ရွှေ့ပြောင်းအလုပ်သမားအရေးအတွက် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ။
-မိမိတို့ နီးစပ်ရာ ရွှေ့ပြောင်းအလုပ်သမားများအချင်းချင်း အစုအဖွဲ့များကို တည်ထောင်ခြင်း၊
-ဒေသတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သည့် အသင်း၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆက်သွယ်လှုပ်ရှားခြင်း၊ အလုပ်သမားဆိုင်ရာ သတင်းများ၊ ဥပဒေများကို သင်ယူခြင်း၊ ဖြန့်ချိခြင်း ကို ပြု လုပ်ခြင်း၊
-ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ လှုပ်ရှားမှုများတွင် မိမိတို့ အဖွဲ့အစည်းအလိုက် ပူးပေါင်း ပါဝင်ကြခြင်း၊
-မိမိတို့ အသံများကို ဆိုရှယ်မီဒီယာ နက်ဝက်ခ်(SNS)ကို အသုံးပြုပြီး  ကျယ်ပြန့်စွာ ဖြန့်ချိကြခြင်း၊ ဖြန့်ချိ 
ပေးနိုင်စွမ်းရှိသူများထံ မိမိတို့ အခြေအနေများကို သတင်းပေးပို့ကြခြင်း၊
ဆိုတဲ့ လှုပ်ရှားမှုတွေကို စိတ်ပါဝင်စားစွာ လုပ်ဆောင်ကြမယ်ဆိုရင် မကြာမီသောကာလမှာ 
ရွှေ့ပြောင်းအလုပ်သမားများကို လေးစားတန်ဘိုးထားတတ်တဲ့၊
အလုပ်သမားထု တရပ်လုံးကို တန်ဘိုးထား လေးစားတဲ့ လူမှုအသိုက်အ၀န်းကို ရယူနိုင်မယ်လို့ အကြံပြု လိုက်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားများ အားလုံး ဘေးရန်ကင်းကြပါစေ။
စိုးမိုးသူ

No comments: