Friday, April 19, 2013

စစ်မှန်တဲ့ မျိုးချစ်စိတ်ဖြင့် တရားမျှတတဲ့ ရွေးခြယ်မှုသို့၊ ထိုမှ တဆင့် တန်ဘိုးရှိတဲ့ ရလာဒ်ကို ရယူခြင်း

ရေးသားသူ — စိုးမိုးသူ



လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ်အဖြစ် Timeမဂ္ဂဇင်းက ဒေါ်အောင်ဆန်း စုကြည် ကို ရွေးချယ် လိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံရေး ၊ လူမှုရေးနဲ့ စီးပွားရေး နယ်ပယ်အသီးသီးက သြဇာအကြီး မားဆုံး လူပုဂ္ဂိုလ် ၁၀၀ ကို ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ် စစ်တမ်း ကောက်ဖော်ပြနေရာမှာ ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်း စုကြည်က  ကမ္ဘာကျော် အမေရိကန်အဆိုတော် Lady Gaga ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

မြန်မာလူမျိုးများအတွက် ဒေါ်စုနိုင်တာ တကယ် ဂုဏ်ယူစရာပါ။
ဒါပေမယ့် လေဒီဂါဂါဆိုတာကလည်း သာမန် နံမည်ကြီး အဆိုတော်မဟုတ်ပါ။ အနုပညာဘက်မှာလည်း အလွန် ထူးချွန်သလို လူမှုရေးဘက်မှာလည်း စွမ်း စွမ်းတမံ ဆောင်ရွက်နေသူပါ။

ဂါဂါဟာ အေ့စ်ရောဂါသည်တွေအတွက်၊ အိုင်တီမြေငလျှင်၊ ဂျပန်ငလျှင် စတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့ တိုင်းပြည်တွေက ဒုက္ခရောက်  သူပြည်သူတွေ အတွက် ဒေါ်လာသိန်းသန်းချီပြီး အလှူပေးခဲ့ တဲ့သူ၊ အမေရိကန်က ဂေးလ်တွေရဲ့ လူ့အခွင့်အရေး၊ အမေရိကန်စစ်တပ်တွင်း မမှန်ကန်တဲ့ စစ်ဥပဒေကို ဆန့်ကျင်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမန် ဆောင်ရွက်နေသူဖြစ်ပါတယ်။

အဆိုတော်ဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ လူ့အခွင့်အရေးနဲ့တရားမျှတမှုကို တန်ဘိုးထားတာခြင်း တူတာ မို့ Timesမဂ္ဂဇင်းက ဒီလို အစီအစဉ်လုပ်ပေးတာဖြစ်ပါတယ်။ အဖြေကတော့ ဆုနဲ့ ထိုက်တန်သူ က ရွေးခြယ်ခံရတာပါပဲ။

ဒီနေရာမှာ ကျနော် တွေးမြင်မိတာကို ပြောပါ့မယ်။

 ဒေါ်စုထက်စာရင် လေဒီဂါဂါရဲ့ ပရိသတ်က ပိုများမယ် ထင်သလို သူမွေးဖွားရာ တိုင်းပြည်ဖြစ်တဲ့ အမေရိ ကန် လူဦးရေကလည်း မြန်မာပြည် လူဦးရေထက် အပြတ်အသတ်ကွာခြား ပိုမို များပြားပါတယ်။

ဒါပေမယ့် ဒေါ်စုရွေးခြယ်ခံရတာကိုကြည့်ခြင်းအားဖြင့် ဒေါ်စုဟာ  မြန်မာတွေပေးတဲ့ မဲအရေအ တွက်ကြောင့် ရွေးခြယ်ခံရတယ် ဆိုတာထက် မြန်မာ မဟုတ်သော်လည်းပဲ ဆု ရသင့် ရထိုက်သူကိုသာ မဲပေးရွေးခြယ်ပေးရမယ်ဆိုတဲ့ ခံယူချက်ရှိသူတွေရဲ့ မဲအရေအတွက် ပါဝင်မှုကြောင့်သာ ဖြစ်တယ်လို့ ယူဆမိပါတယ်။

ဒါဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဖြစ်လို့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူကိုပဲ ရွေးခြယ်ရမယ် ဆိုပြီး အရည်အချင်း ရှိသူကို ဘေးဖယ် မမှန်တာကို ရလာဒ် ဖြစ်အောင် လုပ်တဲ့ စရိုက်ဆိုး ကင်းမဲ့မှုရဲ့ သက်သေကောင်း တခုလို့ မြင်ပါ တယ်။

ပြောင်းပြန် စဉ်းစားကြည့်ကြရအောင်။
အကယ်၍များ ဒေါ်စုဟာ မြန်မာမဟုတ် အမေရိကန်ဖြစ်ပြီး လေဒီဂါဂါက မြန်မာဆိုရင် ကျနော်တို့  မြန်မာ
 တွေ ဘယ်သူ့ကို မဲပေးကြမလဲ။

တလောက ဖေ့စ်ဘွတ်မှာ မြန်မာ မော်ဒယ်ဖြစ်လို့၊ မြန်မာဘောလုံးသမားဖြစ်လို့ တခြားမော်ဒယ်တွေ၊
 ဘောလုံးသမားတွေက ဘယ်လိုပဲ ပိုတော်နေ တော်နေ မြန်မာကိုပဲ ၀ိုင်းမဲပေးရမယ်၊ မျိုးချစ်စိတ်ရှိကြပါ၊ ညီညွတ်ကြပါလို့ မျိုးချစ်စိတ်ဆိုတာကို တလွဲအသုံးချနေတဲ့ သူတွေရဲ့ လှုံ့ဆော်မှုကို မြင်ခဲ့ရပါတယ်။
သူတို့က အရည်အချင်းက အဓိကမဟုတ် ကိုယ့်လူပဲ ရွေးပြီးမဲပေးရမယ်၊ အဲဒါကမှ မျိုးချစ်စိတ်ရယ်လို့ အဓိပ္ပါယ် ဖွင့်ကြပါတယ်။

ကဲဗျာ၊
လူအုပ်ကောင်းလို့ ကိုယ့်လူကနိုင်တယ်ပဲထား ကိုယ့်လူထက် သာတဲ့သူက ဆုမရပဲ သူ့ထက် ညံ့တဲ့ ကိုယ့်လူက ဆုရတာကိုမှ ဂုဏ်ယူမယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ သာဓုခေါ်ရမယ့် စိတ်ဓာတ် မဟုတ် တာတော့ သေချာတယ်။ ဒီလို ရလာဒ်မျိုးကို အရှက်မဲ့ သာယာတာက သူတို့ အော်နေတဲ့ အမျိုးဂုဏ်ကို တိုးစေတာထက် ပိုပြီး လျော့စေတယ်လို့ မြင်ပါတယ်။

အားလုံး မငြင်းနိုင်တာကတော့ ယနေ့ မြန်မာပြည်ဟာ မမှန်ကန်တဲ့ မဲပေးစနစ်ကြောင့် သူခိုးကို လင် လုပ်နေရတဲ့ မယားလို ဖြစ်နေရတယ်ဆိုတာလေ။

Timesမဂ္ဂဇင်းက ကျနော်တို့မြန်မာတွေကို သင်ခန်းစာကောင်းတခုကို ပေးလိုက်တာပါ။ 
မဲပေးတယ်ဆိုတာ ကိုယ့်လူ သူ့လူ မကြည့်ပဲ အရည်အချင်းရှိသူကိုသာ ရွေးခြယ်ပြီး မဲပေးတတ်ရတယ် ဆိုတဲ့  မဲကို မှန်ကန်စွာ ပေးနည်းကို သင်ပေးလိုက်တာပါ။

ကျနော်တို့ ဒီပွဲမှာ ရရှိတဲ့ အမြတ်တွေက မနည်းပါ။
- နိုင်သင့် နိုင်ထိုက်တဲ့ ကျနော်တို့ ခေါင်းဆောင် ဒေါ်စု ရွေးခြယ်ခံရတာ၊
- ကျနော်တို့ မြန်မာနဲ့ ကမ္ဘာ့လူထုက အရည်အချင်းရှိသူကို မှန်ကန်စွာ ရွေးခြယ် မဲပေး လိုက်နိုင်တာ၊
ပြီးတော့
- ဘာလဲဟဲ့ ဂုဏ်သိက္ခာရှိတဲ့ မျိုးချစ်စိတ်ဆိုတာလေ။

စိုးမိုးသူ

 

No comments: