Wednesday, April 3, 2013

၁၉၄၈ ခုနှစ် ဂျဲဂျူ ဧပြီ ၃ အရေးအခင်း

၁၉၄၇ ခုနှစ် မတ် ၁ ရက် ဂျဲဂျူကျွန်းရှိ ရဲများရဲ့ မတရား ပစ်ခတ်မှုအပြီး ၁၉၄၈ ခုနှစ် ဧပြီ ၃ ရက်မှ ၁၉၅၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တော်လှန်ရေး တစ်ခုဖြစ်ပါတယ်။ အဲဒီအချိန်က ဂျဲဂျူကျွန်းမှာ လူဦးရေ ၃ သောင်းနီးပါသာ နေထိုင်နေကြပြီး ပင်လယ် လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဧပြီး ၃ အရေးအခင်း (ဂျဲဂျူ ဆာဆမ်း ဆာဂေါန်)ကြောင့် ဂျဲဂျူကျွန်းသားပေါင်း ၁သောင်းခွဲနီးပါ သေဆုံးခဲ့ကြရတဲ့ စိတ်မကောင်းဖွယ် ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။  
ဂျပန် လက်အောက် ရောက်ရှိစဉ်ကတည်း ပြတ်ပြတ်သားသား တော်လှန် နေထိုင်နေခဲ့ကြသဖြင့် လက်ဝဲသမားတွေလို့ အသိအမှတ်ပြု ခံထားရတဲ့ ကျွန်းဖြစ်ပါတယ်။ ဂျပန်လက်အောက်က လွတ်မြောက်လာပြီးနောက် ၁၉၄၇ ခုနှစ် မတ် ၁ ( ဂျပန်တော်လှန်ရေးနေ့၊ ဆမ်မ်အိလ်ဂျောလ် ) နှစ်ပတ်လည် အထိမ်းအမှတ် ပွဲတွင် ဂျဲဂျူကျွန်းသားများက တရား မျှတခြင်း မရှိဘဲ တစ်ပါတီ စနစ်ကို တည်ထောင်မှာကို ကန့်ကွက်ခဲ့ကြပါတယ်။ အဆိုပါ ကန့်ကွက်ပွဲတွင် ကလေးငယ် တစ်ဦးအား ဂီမာ ရဲစခန်းက ရဲသားက မြင်းခွာနဲ့ နင်းခဲ့ရာ ဆန္ဒပြနေကြတဲ့ လူထုက အလွန် ဒေါသထွက်သွားပြီး ရဲစခန်းကို သွားရောက်ကာ ခဲများနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ခဲနဲ့ ပစ်ပေါက် ဆန္ဒပြကြတဲ့ လူထုကို ရဲသားများက အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူဘက်က ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန် တပ်များက အဆိုပါ ဖြစ်ရပ်ကို တစ်မျိုးမြင်သွားပြီး ဆန္ဒပြနေတဲ့ လူထုကို လူစုခွဲရန် ရဟတ်ယာဉ်နဲ့ လှည့်ပတ် ပစ်ခတ်ပါတော့တယ်။ မတ် ၁၀ ရက် ဂျဲဂျူ ကောင်စီရုံးရှေ့တွင် ပြည်သူများ စုရုံး ဆန္ဒဖော်ထုတ်မှုကြီး ပြသခဲ့ရာ ဂျဲဂျူကျွန်းရှိ အစိုးရဌာနပေါင်း ၂၃ ခု၊ ကျောင်းပေါင်း ၁၀၅ ခု၊ စာတိုက်၊ ကြေးနန်း၊ လျှပ်စစ် ၀န်ထမ်းများအပါအ၀င်း ၄သောင်းကျော် ပါဝင်ခဲ့ကြပါတယ်။ ဆက်လက်ပြီး မတ် ၁၇ ရက်တွင် အဖမ်းဆီးခံပြည်သူများ လွှတ်ပေးရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ရာ ဧပြီ ၁၀ ရက်အထိ ဖမ်းဆီးခံရသူပေါင်း ၅၀၀ ကျော် ရှိခဲ့ပေမယ့် ရဲများက ၆၆သာ ရှိကြောင်း ဖော်ပြခဲ့တဲ့အပြင် မတ် ၁၉ ရက်မှာ အမေရိကန် အစိုးရက ဂျဲဂျူကျွန်းရှိ ပြည်သူများဟာ လက်ဝဲသမားများဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။ မှတ်ချက် ။ ကိုရီးယားနိုင်ငံဟာ ၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်လက်အောက် ရောက်ရှိခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဂျပန်က စစ်ရှုံးခဲ့သဖြင့် ဂျပန် လက်အောက်ခံ နိုင်ငံများကို အမေရိကန်တပ်များက ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ် ကိုရီးယား အစိုးရ ပေါ်ပေါက်တဲ့အထိ အမေရိကန် အစိုးရက ကိုရီးယားကို ထိန်းသိမ်းခဲ့ပါတယ်။ အဆိုပါ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ဂျဲဂျူကျွန်းသားများရဲ့ ရင်ထဲမှာ မေ့ဖျောက်ပစ်လို့ မရဖြစ်နေခဲ့ပြီး ၁၉၄၇ ခုနှစ် မေ ၁၀ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့အနေနဲ့ ဧပြီ ၃ ရက် နံနက် ၂ နာရီအချိန်က ကင်းမ်ဒါလ်ဆာမ် ဦးဆောင်ပြီး ဂျဲဂျူကျွန်းသား ၃၅၀ခန့်ဟာ ရဲစခန်း ၁၂ ခုကို ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်က ဂျဲဂျူကျွန်းမှာ ရဲစခန်းပေါင်း ၂၄ ခု ရှိနေပါတယ်။ ဧပြီ ၂၈ ရက် အမှတ် ၉ ပူးပေါင်းတပ် ခေါင်းဆောင် ဒု ဗိုလ်မှူး ကင်းမ်အိဂ်လယောက နာမ်လိုတပ် ခေါင်းဆောင် ကင်းမ်ဒါလ်ဆာမ်နဲ့ တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းစွာဖြင့် ၇၂ နာရီအတွင်း စစ်ဖြစ်ပွားမှု ရပ်စဲရန် သဘောတူခဲ့ကြပါတယ်။ မေ ၁ ရက်မှာ အိုလာရပ်ကွက် မီးရှို့မှုများ ဖြစ်ပွားခဲ့ပါတယ်။ မေ ၅ ရက် နေ့လည် ၁၂ နာရီအချိန် အမေရိကန် တပ်ရုံး ဆွေးနွေးခန်းမဆောင်မှာ ကျင်းပတဲ့ အစည်းအဝေးတွင် ဧပြီ ၃ အရေးအခင်းကို ဥပက္ခာပြုပြီး ၀င်ရောက် တိုက်ခိုက်မှုကိုသာ ဦးစားပေး ဆွေးနွေးခဲ့ကြသဖြင့် ရဲမှူး မစ္စတာ ဂျိုဗြောန်အိုဂ်နဲ့ အမှတ် ၉ ပူးပေါင်းတပ် ခေါင်းဆောင် ဒု ဗိုလ်မှူး ကင်းမ်အိဂ်လယောတို့ စကားများ ရန်ဖြစ်ကြသဖြင့် အစည်းအဝေးကို ရပ်စဲခဲ့ပါတယ်။ မေ ၁၀ ရွေးကောက်ပွဲမှာ ဂျဲဂျူကျွန်းသားများ မဲမပေးကြသဖြင့် မေ ၂၃ ရက်မှာ ပြန်လည် ကျင်းပရာ အောင်မြင်မှု မရရှိခဲ့ပါ။ ၁၉၄၈ ခုနှစ် သြဂတ် ၁၅ ရက်မှာ ကိုရီးယား တောင်ဘက်တွင် ယိစွန်မာန် အစိုးရက ပေါ်ပေါက်လာပြီး စက်တင်ဘာမှာ မြောက်ဘက် ကိုရီးယားက ကွန်မြူနစ် ပါတီကို ကင်းမ်အိစွန်က ဦးဆောင် အုပ်ချုပ်ခဲ့ကြပါတယ်။ ပထမဦးဆုံး သမတ ယိစွန်မာန်က ဂျဲဂျူ အရေးအခင်းအပေါ် တိကျစွာ ဖြေရှင်းမှု မပြုခဲ့တဲ့အပြင် ဖိနှိပ် သတ်ဖြတ်မှုများ ပိုမို ပြုလုပ်လာခဲ့သဖြင့် ဂျဲဂျူကျွန်းသားတို့ဟာ မြေအောက် လိုဏ်ခေါင်းများ တူး၍ ရှောင်တိမ်းနေထိုင်ခြင်း၊ လိုဏ်ဂူများတွင် ပုန်းအောင်နေကြယင်း တစ်ဘက်ကလည်း မိမိတို့ ဘ၀ လုံခြုံရေးနဲ့ မိမိတို့ရဲ့ သဘောထားအတိုင်း လွတ်လပ်စွာ လုပ်ဆောင်နိုင်ရေးအတွက် တိုက်ပွဲများ ၀င်ခဲ့ကြတာဟာ တောင်မြောက် စစ်ပွဲအပြီးနောက် ၁၉၅၄ ခုနှစ်အထိ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် ၁၅ ကြီမ်မြောက် သမတ ကင်းမ်ဒဲဂျူန်က ကွန်မြူနစ် လက်ဝဲသမားတွေလို သတ်မှတ်ပြီး မတရား သတ်ဖြတ်ခံခဲ့ရတဲ့အပေါ်မှာ အမှုစစ် ပေါ်ပေါက်နိုင်ရေး ဆောင်ရွက်ရမည်ဆိုပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာ ကိုရီးယား ပြည်သူ့ လွှတ်တော်မှာ တင်ပြပြီး ဂျဲဂျူ ဧပြီ ၃ အရေးအခင်း ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးနှင့် ကျဆုံးသွားကြသူများအား ဂုဏ်ပြုရေး အထူး ဥပဒေကို ချမှတ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် မတ် ၂၉ ရက် စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ စစ်တမ်းကို အောင်မြင်စွာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ ၁၆ ကြီမ်မြောက် သမတ နိုမုဟယောင်းက ပြည်သူ စွမ်းအားသည် အောင်မြင်မှု တစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုပြီး ဂျဲဂျူကျွန်းသားများကို အစိုးရ တစ်ရပ်အနေနဲ့ တောင်းပန်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်က ဂျဲဂျူကျွန်းမှာ လူဦးရေ သုံးသောင်း နီးပါ နေထိုင်ခဲ့ကြရာ အရေးအခင်းကြောင့် လူဦးရေ တစ်သောင်းခွဲခန့် သေဆုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ် ဧပြီ ၃ ဂျဲဂျူ အရေးအခင်း တစ်ခုအဖြစ် သမိုင်းမှာ မှတ်ကျောင် တင်နေခဲ့ရပါတယ်။ ဂျဲဂျူကျွန်းတွင် ဧပြီ ၃ ရက်နေ့တွင် ကျဆုံးသွားကြသူများကို အလေးပြု ဂုဏ်ပြုပြီး ၀ိဥာဏ် ပူဇော်ပွဲ နတ်ကန်တော့ပွဲများ၊ ရိုးရာ ဂီတ၊ ခေတ်ပေါ် တေးဂီတများနဲ့ အောက်မေ့ဘွယ် အခမ်းအနား တစ်ခုအဖြစ် ကျင်းပပြီး ဒီလို ဖြစ်ရပ်မျိုးများ နောက်နောင် မပေါ်ပေါက်ရေးအတွက် ကမ္ဘာကိုပါ အသိပေ နိုးဆော်လျက်ရှိပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အကျဉ်းချုပ် ဖော်ပြလိုက်တာဖြစ်တဲ့အတွက် လိုအပ်တာများ ရှိပါက နားလည်ပေးကြပါခင်ဗျာ။ 
 ဇော်မိုးအောင် (ကိုရီးယား)
 

No comments: