Sunday, May 12, 2013

ရေးသားသူ — အမည် YOUSAY

သမီးလေး ဖူးဖူးအတွက် ကိုရီးယားရောက် ညီအစ်ကို မောင်နှများ
ဝိုင်းဝန်းလှူဒါန်းကြပါစို့။

 အခုတလော အွန်လိုင်းပေါ်မှာတွေ့နေရတဲ့ အကြောင်းအရာတွေများစွာထဲက သတိထားမိတာလေးတခုကို စိတ်ဝင်တစားနဲ့ ဖတ်ကြည့်မိပါတယ်။ လူလားမမြောက်သေးတဲ့ ကလေးငယ်တယောက်ရဲ့ ဒုက္ခကို စိတ်မကောင်းစွာ နဲ့သိလိုက်ရပါတယ်။

ကလေးရဲ့အမည်က ဖူးဖူးတဲ့၊ သမီးလေးဖြစ်ပါတယ်။ ၃နှစ်အရွယ်သာရှိသေးတဲ့ သမီးငယ်လေး ဖူးဖူးဟာ အိမ်မှာ မိဘတွေမရှိခိုက် အိပ်နေတုန်းမှာ ဖယောင်းတိုင်မီးက ခြင်ထောင်ကိုစွဲလောင်ပြီး လူကိုပါ လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။       မိနစ် ၂၀ခန့်လောင်ကျွမ်းတာ ခံစားခဲ့ရလို့ ခနာကိုယ်တခုလုံး ဆိုးရွားစွာဒဏ်ရာရရှိခဲ့ပြီး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းအချို့(နားနှစ်ဖက်နှင့် လက်ချောင်းများ)လည်း ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်(ဂ)ရပ်ကွက်မှာနေတဲ့ သမီးလေးဖူးဖူးရဲ့ မိခင်ဟာ လည်း လူမမယ်အရွယ် ကလေး ၃ယောက်ကို တဦးတည်းစောင့်ရှောက် ကျွေးမွေးနေရတဲ့သူ တဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူကလည်း မိခင်နဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတာ ပြန်ရောက်ရှိ လာခြင်းမရှိသေးဘူးလို့သိရပါတယ်။

၂၀၁၂ခုနှစ် သီတင်းကျွတ် လပြည့်နေ့ မှာဖြစ်ခဲ့တဲ့ အဲဒီအဖြစ်ဆိုးက ယနေ့ အချိန်ထိ သမီးငယ်လေးဖူးဖူးရဲ့ မိသားစု ကို သောကပင်လယ် ဝေနေစေတုန်းပဲ ဖြစ်ပါတယ်။

ဆေးရုံအဆင့်ဆင့်မှာ ကုသမှုခံယူခဲ့ပြီးတော့ လက်ရှိမှာတော့ ကမာရွတ်မြို့နယ်အနီးမှာရှိတဲ့ အရိုးအကြော ဆေးရုံကြီးမှာ ဆေးကုသမှုကိုခံယူနေဆဲဖြစ်ပါတယ်။ ဆေးရုံတက်နေရတာလည်း ၇လတာကြာမြင့်ခဲ့ပါပြီ။ သမီးလေး ဖူးဖူးရဲ့ ဆေးကုသစားရိတ်အတွက် စေတနာရှင်အလှူရှင်များက ပံ့ပိုးကူညီပေးကြသလို၊ ၈နှစ်အရွယ်ရှိတဲ့ အကိုအကြီးဆုံးက အပြင်မှာ ရရာအလုပ်ထွက်လုပ်ပြီး ထောက်ပံ့ နေပါတယ်။

သမီးလေးဖူးဖူးရဲ့ အနာဂတ်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေ အများကြီးလိုအပ်လျက်ရှိ  နေပါတယ်။ ကျနော်တို့တွေ တတ်နိုင်သလောက် ၀ိုင်းဝန်းပံပိုးကူညီကြပါစို့။ ကူညီနိုင်မည့် နည်းလမ်း၂ခုလည်း တွေ့ ရပါတယ်။

၁။  ကျနော်တို့တတ်နိုင်သလောက် ကျနော်တို့ သုံးမည့်ငွေအချို့ကို ချွေတာပြီး သမီးလေးဖူးဖူးရဲ့ ဆေးကုစားရိတ် ကို ၀ိုင်းဝန်းကူညီဖို့။

၂။  ဆင်းရဲသောနိုင်ငံများမှ ကလေးငယ်များကို အခမဲ့ခေါ်ယူဆေးကုပေးသည့် ကိုရီးယားဆေးရုံများကို ချိတ်ဆက် ကာ ဆေးကုသခွင့်ရရှိအောင် ကြိုးစားဖို့ ဖြစ်ပါတယ်။

                        ကျနော်တို့တွေ တတ်စွမ်းနိုင်သလောက် စွမ်းအားနဲ့ အမှန်တကယ် အကူအညီလိုအပ်နေတဲ့

သမီးလေးဖူးဖူး အတွက် တယောက်တလက် ၀ိုင်းကူညီကြပါစို့။

ဆက်သွယ်လှူဒါန်းရန်

-        ကိုသူရ (မြန်မာစင်တာ) ၀၁၀ ၄၁၈၇ ၅၂၁၈

-        ဦးဇေမင်းအောင် (ပိတောက်ရိပ်ကဖေး)၀၁၀ ၈၉၀၃ ၆၆၉၃

No comments: