Saturday, July 13, 2013

ပညာရှိကြပါ။ ခြင်္သေ့ဖြစ်ကြပါ။

ရေးသားသူ —စိုးမိုးသူ


ဘန်ဂီမွန်းက ဘင်္ဂလီတွေကို နိုင်ငံသားအဖြစ် လက်ခံပေးဖို့ တိုက်တွန်းရတာက ကုလအတွင်းအရေးမှူး အနေနဲ့ သူ့အလုပ် သူလုပ်တာပါ။
သူတိုက်တွန်းတာ လက်ခံနိုင် လက်မခံနိုင်တာက သမိုင်းကြောင်းအရ၊ ဥပဒေအရ၊ ပြည်သူ့ဆန္ဒ စသဖြင့် ဘက်ပေါင်းစုံက အချိန်ယူပြီး စနစ်တကျ လေ့လာသုံးသပ်ပြီး မြန်မာဘက်က ဖြေရှင်းရမယ့် အလုပ်ပါ။
ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ လိုပါတယ်။

ခက်တာက
မြန်မာ့အရေးကို မြန်မာသာ အသိဆုံးဖြစ်လို့

 ပြည်တွင်းပြသနာတွေကို မြန်မာတွေ ကိုယ်တိုင် တရားမျှတညီညွတ်စွာနဲ့ ဖြေရှင်းကြရင် ပြီးရဲ့သားနဲ့
 မြန်မာ့အရေးအပေါ် အကြံပြုကြသူတိုင်းကို လိုက်လံပုတ်ခတ် ရန်ရှာနေကြရင်း ကိုယ့်အလုပ်ကိုယ် မလုပ်တတ်သူတွေက ပြသနာတခုပါ။

ခြင်္သေ့ဟာ မိမိကို ပစ်တဲ့ ခဲကို လိုက်မကိုက် ပစ်သူကိုသာကိုက်ကာ ကိစ္စကို အဆုံးသတ်တတ်ပြီး၊
 ခွေးကတော့ ပစ်သမျှခဲကို လိုက်ကိုက်တာနဲ့ ပစ်သူကို ဦးတည် ဖြေရှင်းဖို့ လစ်ဟာနေတယ်ဆိုတဲ့ သဘောမျိုးလိုပဲ ကျနော်တို့တွေ ပြသနာရဲ့ အရင်းအမြစ်ကို ညီညီညာညာ ဖြေရှင်းဖို့ မကြိုးစားကြပဲ
 မြန်မာ့အရေးအပေါ် သုံးသတ်ပေး ဝေဖန်ပေး ထောက်ပြပေးတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ၊ ကမ္ဘာ့မီဒီယာတွေ ကို ကိုယ့်အလို မတွေ့တာနဲ့ပဲ လိုက်လံ ရန်တွေ့ တုန့်ပြန်ဖို့ ကြိုးစားနေကြတာတွေ ရပ်တန့်သင့်ပါပြီ။
ခွေးထက် ခြင်္သေ့ဖြစ်စေချင်ပါတယ်။

အမဲကို ထင်ပေါ်စေချင်ရင် အဖြူခံပေးရပါတယ်။
ဒီပဲရင်း အရေးမှာ ကြံ့ဖွတ်လူမိုက်တွေရဲ့ မတရား တိုက်ခိုက်မှုကို ခံနေရရင်းကနေ "သားတို့ ပြန်မလုပ်ကြနဲ့ ညိမ်ခံနေ"ဆိုတဲ့ အမေစုရဲ့ သတိပေးသံဟာ အမဲကို ထင်းစေချင်လို့ အဖြူခံပေးခဲ့တာပါ။

ပညာရှိဟာ အနာဂတ်မှာ ရရှိလာမယ့် အကျိုးအမြတ် အထိကို တွေးမြင်နိုင်တာမို့ လက်ရှိ ခံစားနေရ

 တွေ့ကြုံနေရတဲ့ နစ်နာမှုအပေါ် စတေးခံရဲပါတယ်။ ရင်းနှီးရဲပါတယ်။
ပညာမဲ့ကတော့ လက်ရှိ နစ်နာမှုကို အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ်လို့ပဲ တွက်ချက်ပြီး သွေးဆူဆူဖြင့် ရန်ကိုရန်ချင်း တုန့်ပြန်တဲ့နည်းနဲ့ ဖြေရှင်းရမှ အနိုင်ရနိုင်တယ်လို့ တွေးပါတယ်။

အကယ်၍ ကျန်ခဲ့တဲ့ ပြသနာတွေမှာ ကျနော်တို့တွေသာ ခြင်္သေ့ပီပီ၊ ပညာရှိ ပီပီနဲ့ မတရားမှု၊ စော်ကားမှု မှန်သမျှကို ဥပဒေဘောင် အတွင်းကနေ ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းနဲ့ အဖြူရောင် ခံပေးနိုင်ခဲ့မယ်ဆိုရင် အခုလောက်ဆိုရင် အမဲရောင်ရဲ့ ထင်ရှားမှုက ငြင်းမရနိုင်တဲ့ အခြေအနေကို ရောက်နေလောက်ပါပြီ။

ဒါပေမယ့် ကျနော်တို့တွေ ညံ့ခဲ့ပါတယ်။
အမဲရောင်ကို အမဲရောင်နဲ့ တုန့်ပြန်ခဲ့လို့ အများအမြင်မှာ ကျနော်တို့တွေလည်း အမဲရောင်အဖြစ် သတ်မှတ်ခံခဲ့ရပြီလေ။

အခုတော့ တသက်လုံး အငြိမ်းချမ်းဆုံးနေရာ အလုံခြုံဆုံး နေရာ အဖြစ် အမြတ်တနိုး သတ်မှတ်ခံထားရတဲ့ 

 စေတီပုထိုးတွေကို သွားရောက်ရတာတောင်မှ ဗုံးပေါက်မည့်ဘေးကို ကြောက်လန့်နေရတဲ့ ဘ၀၊ မငြိမ်းချမ်းတဲ့ ဘ၀ကို ရောက်ခဲ့ရပြီလေ။ ဘယ်သူ့ကို အပြစ်တင်ကြဦးမလဲ။ ဘယ်သူမပြု မိမိမှုပါပဲ။

-ပွဲဆူအောင် ရန်စပေးနေတဲ့သူတွေ
-နောက်ကြောင်းပြန်လှည့်အောင်လုပ်ချင်သူတွေ
-သာယာငြိမ်းချမ်းတဲ့ မြန်မာပြည်ကို ကျီးလန့်စာစားရတဲ့ ဘ၀ရောက်အောင်လုပ်ချင်သူတွေ
-ကောက်ကျစ်ယုတ်မာတဲ့ အကြံနဲ့ တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေတဲ့သူတွေ
-ဘာသာရေးခုတုံးလုပ်ပြီး အမဲရောင်အကျင့်ကို အတုယူကျင့်နေတဲ့ သူတွေ

အဲဒီ လူတွေကြား ကျနော်တို့ မပါပါစေနဲ့ဗျာ။
ပညာရှိကြပါ။
ခြင်္သေ့ဖြစ်ကြပါ။

No comments: