Monday, July 22, 2013

လမြတ်ဝါဆို


by မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကိုသန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆိုလို့ အထူးပြု ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာသက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့ သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့် ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊ အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တောထွက်သွားတဲ့နေ့ရယ်၊ အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့) ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက် ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။ ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့် ၀ါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့ အတူတူပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို လမြတ်ဝါဆိုလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပိုပြီး ထူးခြားမှုကို ဖြစ်စေတာကတော့ ဒီဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဦး ဒေသနာတော်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားဦး ဒေသနာတော်ကို ဓမ္မစက္က ပ၀တ္တနသုတ်လို့ အမည်ပေးပါတယ်။ တရားတော်ကို အကြောင်းအကျိုးစီလျော်စွာ ရှေ့နောက်ဆက်စပ်ပြီး လှည်းဘီးစက်လည်သလို အကြားအလပ်မရှိ တစ်စပ်တည်း ဟောကြားတော်မူတဲ့ အတွက်ကြောင့် ဓမ္မစက္က ပ၀တ္တနလို့ ခေါ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေကတော့ လွယ်လွယ်ကူကူပဲ ဓမ္မစကြာတရားလို့ ပြောဆိုကြပါတယ်။ ပြီးတော့ ဒီတရားဟောတော်မူတဲ့ နေ့ကိုလည်း ဓမ္မစကြာ အခါတော်နေ့လို့ အထူးပြု ပြောဆိုကြပြီး မြတ်ဗုဒ္ဓရဲ့ ဒီဒေသနာတော်ကို ၀ါတွင်းကာလမှာ အထူးပြု ရွတ်ဆိုပူဇော်လေ့ ရှိကြပါတယ်။

မြတ်ဗုဒ္ဓက ဒီတရားဒေသနာတော်ကို ဘုရားအဖြစ်ကို ရောက်ရှိပြီး ()လမြောက်မှာ တရားအားထုတ်စဉ် အလုပ်အကျွေးပြုခဲ့ကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တရားဦးဒေသနာတော်ကို နာကြားဖို့ စောင့်မျှော်နကြတဲ့ နတ်ဗြဟ္မာအပေါင်းကို စတင်ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာကို ဟောကြားတဲ့နေရာက ဗာရဏသီပြည်၊ မိဂဒါဝုန်တောမှာဖြစ်ပါတယ်။ ဒီတရားဦးဒေသနာမှာ မြတ်စွာဘုရားရှင်က ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး တပ်မက်ပျော်ပါးတတ်တဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်နဲ့ မိမိကိုယ်ကို အလွန်အကျူး ညှင်းစဲနှိပ်စက်တဲ့ အကျင့်ဖြစ်တဲ့ အတ္တကိလမထာနုယောဂ အကျင့်တွေကို ရှောင်ရှားပြီး အလယ်အလပ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို ကျင့်သုံးဖို့ ဟောတော်မူပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုတာ တစ်ခြားမဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပါတယ်။ ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်အတွက်

မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ
မှန်ကန်တဲ့အတွေး သမ္မာသင်္ကပ္ပ
မှန်ကန်တဲ့စကား သမ္မာဝါစာ
မှန်ကန်တဲ့အလုပ် သမ္မာကမ္မန္တ
မှန်ကန်တဲ့အသက်မွေးမှု သမ္မာအာဇီဝ
မှန်ကန်တဲ့ကြိုးစားအားထုတ်မှု သမ္မာဝါယမ
မှန်ကန်တဲ့သတိရှိမှု သမ္မာသတိ
မှန်ကန်တဲ့သမာဓိရှိမှု သမ္မာသမာဓိ

ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ဖို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ အနှစ်ချုပ်ဟာ အစွန်းနှစ်ပါးရှောင်ရှားပြီး အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးရေးပဲ ဖြစ်ပါတယ်။ ဒီလို အလယ်အလတ်လမ်းစဉ်ကို သွားနိုင်ရေးအတွက် အင်္ဂါရပ်ရှစ်ပါးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အဓိကထားသွားရမှာ ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလို မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်း သွားနေရင် မဂ္ဂသစ္စာဆိုက်မှာ ဖြစ်ပြီး မဂ္ဂသစ္စာဆိုက်ရင် ဒုက္ခအားလုံးချုပ်ရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။ နိရောဓသစ္စာကို မျက်မှောက်ပြုပြီဆိုရင်တော့ တွယ်တာမှုတဏှာလို့ ခေါ်တဲ့ သမုဒယသစ္စာကို ပယ်ပြီးသားဖြစ်ကာ သမုဒယသစ္စာကို ပယ်လိုက်တာနဲ့ ဒုက္ခသစ္စာလည်း မရှိနိုင်တော့ပါဘူး။ ဒါတွေအားလုံးရဲ့ အချုပ်က အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်ကြောင်း အနှစ်ချုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါက ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ ဒေသနာရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေ အနေနဲ့ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်ဖို့လိုပြီး အလယ်အလတ်လမ်းစဉ် ဖြစ်ဖို့လိုတယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။ တရားဦးဒေသနာတော်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မှားယွင်းပြီး အလွန်အကျူး ဖြစ်စေတတ်တဲ့ အကျင့်တွေကို ရှောင်ရှားကာ မှန်ကန်တဲ့ လမ်းစဉ်အကျင့်ကို လျှောက်လှမ်းကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ ဖြစ်ပါတယ်။ သတိပြုရုံနဲ့ မပြီးဘဲ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်စေဖို့နဲ့ မဇ္ဈိမပဋိပဒါဖြစ်စေဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါက တရားဦးက ပေးတဲ့လမ်းစဉ်နဲ့ အနှစ်သာရဖြစ်ပါတယ်။ လမြတ်ဝါဆိုလို့ ဆိုရာမှာ ဒီလို အနှစ်သာရ တရားတွေကြောင့် အမြတ်ဆုံးဖြစ်ကြောင်း ဆိုတာလို့ ပြောရင်ပိုပြီး အဓိပ္ပါယ် ပြည့်ဝစေပါတယ်။

ဘာပဲဖြစ်ဖြစ် ၀ါဆိုလကတော့ ဗုဒ္ဓဘာသာတွေအတွက် လမြတ်တစ်ခုဆိုတာ သေချာပါတယ်။ ပြီးတော့ ၀ါဆိုလက အစပြုပြီး သတ်မှတ်ကြတဲ့ ၀ါတွင်းကာလဟာလည်း အမြတ်တရားတွေ ရယူဖို့အတွက် အကောင်းဆုံး ကာလသတ်မှတ်ချက် ဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ တစ်ခါတစ်လေ သတ်မှတ်ပြဋ္ဌာန်းချက်တွေ မရှိရင် ဘာပဲဖြစ်ဖြစ် အလေးမထားဘဲ ပေါ့ပေါ့တန်တန် လုပ်မိတတ်တာတွေ ရှိပါတယ်။ အထူးသဖြင့် ကုသိုလ်ရေး အပိုင်းတွေမှာပါ။ သတ်မှတ်ချက်လေးတွေ ရှိနေရင်တော့ ဒီကာလ ဒီအချိန်လေးလောက်တော့ ကြိုးစားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ အပြစ်ကင်းအောင် အဓိဋ္ဌာန်လေးတွေ ၀င်ပြီးနေမယ်ဆိုတဲ့ စိတ်အကြံ လေးတွေ ဖြစ်ပေါ်တတ်တဲ့အတွက် ၀ါတွင်းကာလမှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ပြုပြီး ပရိယတ် ပဋိပတ်အလုပ်တွေကို လုပ်နေကြသလို သတ်မှတ်ချက်ရှိမှ အလုပ်လုပ်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ၀ါတွင်းကာလမှာ ဥပုသ်သီလလေးတွေ စောင်သုံးပြီး ငါးပါးသီလကို အထူးလုံအောင် ကြိုးစားကာ တတ်နိုင်သမျှ သမထဘာဝနာ ၀ိပဿနာ ဘာဝနာလေးတွေ လုပ်ကြမယ်ဆိုရင်တော့ အမြတ်ဆုံးကာလ အမြတ်ဆုံး အချိန် ဖြစ်ကြမှာ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူး၊ အိမ်ထောင်မပြုကောင်းဘူးလို့ သတ်မှတ်ချက် မရှိပေမယ့် ကာမဂုဏ်ကိစ္စတွေကို ရှောင်နိုင်အောင် ကြိုးစားတာက ကောင်းပါတယ်။ ၀ါတွင်းကာလ တစ်ခြားနေ့တွေမှာ ကာမဂုဏ်ကိစ္စကို မရှောင်နိုင်ပေမယ့် တစ်လင်တစ်မယားစနစ်နဲ့ ငါးပါးသီလကို လုံခြုံအောင် ထိန်းရင်း ဥပုသ်နေ့တစ်နေ့လောက်တော့ တစ်လင်တစ်မယားစနစ်ကိုပါ ရှောင်ကြဉ်ပြီး မေထုန်အမှုကို မပြုဘဲ ဥပုသ်သီလလေးတွေ လုံခြုံအောင် စောင့်ထိန်းပြီး နေနိုင်ရင်ပိုကောင်းပါတယ်။ ဒါဟာ ကာလသတ်မှတ်ချက်တွေနဲ့ ကိုယ်ကိုယ့်ကို အမြတ်ရအောင် ကြိုးစားရင်း ကုသိုလ်တိုးအောင် လုပ်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ၀ါတွင်းကာလမှာ နေ့စဉ် ဥပုသ်မစောင့်နိုင်တာတောင်မှ ဥပုသ်နေ့ တစ်နေ့လောက်တော့ ဥပုသ်လေးတွေ ယူနိုင်ကြရင် ကောင်းမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီလိုသာ ကြိုးစားပြီး နေကြမယ်ဆိုရင် ၀ါဆိုလကို အစပြုပြီး သတ်မှတ်ပေါ်ပေါက်ခဲ့တဲ့ ၀ါတွင်းကာလဟာလည်း ကုသိုလ်ချစ်ခင် သူတော်စင်တို့အတွက် အမြတ်ဆုံးလ၊ အမြတ်ဆုံးကာလတွေ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် လမြတ်ဝါဆိုရဲ့ ထူးခြားမှုအကြောင်းလေးကို ဖော်ညွှန်းကာ ဓမ္မစကြာ ဒေသနာတော်ရဲ့ အနှစ်ချုပ်ပါ မိတ်ဆက်ပေးပြီး သတ်မှတ်ချက်တွေနဲ့မှ ကုသိုလ်လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ၀ါတွင်းကာလဟာ ကုသိုလ်လုပ်စရာ အကောင်းဆုံး အမြတ်ဆုံး ကာလတစ်ခု ဖြစ်တယ်ဆိုတာ တင်ပြရင်း တစ်နှစ်မှာ ကုသိုလ်ထက် အကုသိုလ်က ပိုများတတ်ကြတဲ့ ပုထုဇဉ်တွေအတွက် ဒီဝါတွင်းကာလ သုံးလလောက်တော့ ကုသိုလ်တရားလေးတွေစုရင်း ဥပုသ်သီလလေးများနဲ့ အကျင့်တရားများကို မြင့်မားအောင် ကြိုးစားနိုင်ကြဖို့ လမြတ်ဝါဆိုကို အကြောင်းပြုပြီး ကောင်းမှုတစ်ခု ပြုလိုက်ရပါတယ်။

No comments: