Tuesday, September 10, 2013

သွေးထွက်အောင် မှန်သော ဗိုလ်ချုပ်စကား

ရေးသားသူ — ဝင်းလှိုင်

“ ဘော်လုံးပွဲကြည့် ...ကျနော်တို့ ဗမာတွေ..ဘော်လုံးပွဲမှာ ကန်ကြတဲ့အခါမှာဆိုရင် ကိုယ်က ‘စ’ ဂိုးသွင်းရရင် အတော်လေးအား တက်လာတယ်။ အားတက်လာတော့ ကောင်းကောင်းကန်လာတာတွေ့ရတယ်။ နောက်တခါ အဲ ဟိုဟာဖြစ်တဲ့နေရာမယ် တော်တော် လေး ဂိုးလေးတော်တော်များလာရင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာတယ်။ ငါနိုင်မှာပဲဆိုပြီး ၊ အဲဒါနဲ့နေပြီး တဖက်ကနေပြီး နောက်ဆုံး အပြီးသတ်ချိန်ကျမှ ကပ်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ်၊ ရှုံးတာဖြစ်ဖြစ် ဖြစ်သွားတဲ့ အခါမျိုးလည်း ကျနော်တို့ ဘော်လုံးပွဲ ရာဇဝင် မယ် ခင်ဗျားတို့ ပြန်ပြီးစဉ်းစားကြည့်ရင် တွေ့မှာပါ။ ဒါတင်မကသေးဘူး ဒီရှုံးသွားတဲ့ လူကလည်းပဲ ဘော်လုံးကန်လို့ရှိရင် ပထမအပိုင်း မယ် နာရီဝက်နဲ့ ရှုံးသွားရင်တော့ တော်သေးရဲ့ကန်သေးတယ်။ ဒုတိယနာရီဝက်လည်းကန်လို့ (၁၀)မိနစ်လောက်လည်းကျရော ကိုယ့်ဖက်က ဂိုးလည်းမသွင်းနိုင်ဘူးဆိုရင် အဲဒီအခါကျ လူချရော။ ဒါကျနော်တို့ ဗမာဘော်လုံးပွဲတွေ ဘော်လုံးကန်တဲ့အကျင့် ၊ အဲဒါ မျိုးချစ်စိတ်မရှိတာ။ ဒါဘာလဲ ဆိုလို့ရှိရင် ဗမာတွေရဲ့စိတ်ထဲမှာတော့ ထင်လိမ့်မယ်ပေါ့၊ ဗမာတွေဟာ စိတ်ဓါတ်ထက်တယ်..ဘာညာ... တလွဲဆံပင် ကောင်းနေတာနဲ့အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေပဲ။ ဗမာတွေရဲ့စိတ်ဓါတ်က မဟုတ်တဲ့ နေရာတွေမှာ သွားတော်နေကြတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျချင်ဘူး။ ဗမာပြည်လွတ်လပ်ရေး ရအောင် လုပ်တဲ့နေရာမှာလည်း အသုံးမကျချင်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာလည်း အသုံးမကျချင်ဘူး။ ဗမာ- ဗမာချင်းချဖို့ပဲ လုပ်ချင်တယ် ဟုတ်လား။ အဲဒါမျိုးတွေလုပ်ချင်တယ်..ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူ ထောင်နိုင်ဘူး။ ဒီတိုင်းပြည်ဘယ်တော့ မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရေးလည်း ဘယ်တော့မှ ကြာကြာမဖြစ်နိုင်ဘူး။ အဲဒီတော့ အဲဒီတော့ကာ..ဒီတော့ ကျနော်တို့ အဲဒီစိတ်ဓါတ်ကို လုံးဝဖျောက်ပစ်ဖို့လိုတယ်။ ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ်ပြီးတဲ့အထိ နောက်ဆုံးတနေ့ ပြီးတဲ့အချိန်မယ်၊ ရှုံးမယ်ထင်သည်ဖြစ်စေ၊ နိုင်မယ်ထင်သည်ဖြစ်စေ မလျှော့တမ်းဇွဲနဲ့ကျနော်တို့ လုပ်သွားရမယ်။” (ဗိုလ်ချုပ်အောင်ဆန်း)

Myanmar 1 : Malaysia 2 (full time)

မနေ့ညက မလေးရှားနိုင်ငံမှာကျင်းပနေတဲ့ မာဒေးကားဖလားဘော်လုံးပြိုင်ပွဲမှာ မြန်မာနဲ့ မလေးရှား ကန်တာကိုကြည့်ချင်တာနဲ့ သူငယ်ချင်းဆီ ဖုန်းဆက်ပြီးမေးတော့ web site လိပ်စာတခုပေးတာနဲ့ အင်တာနက်မှာ ဒေါင်းလုပ် ဆွဲပြီးကြည့်ဖြစ်ပါတယ်။ ကိုရီးယားအင်တာနက်လိုင်းကတော့ကောင်းပါတယ်၊ ကျနော်ကွန်ပြူတာမကောင်းတာနေမှာပါ။ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ပေါ့။ ဒီလိုနဲ့ကြည့်နေရင်း ပထမပိုင်း(၃ဂ)မိနစ်မှာ ထောင့်ကန်ဘောကတဆင့် နေလင်းထွန်း ခေါင်းတိုက်သွင်းလိုက်လို့ မြန်မာတို့ အဖွင့်ဂိုးစရပါတယ်။ သိပ်မကြာမှီမှာပဲ ကွင်းလယ်ဒိုင်က ဝီစီမှုတ်လိုက်လို့ ပထမပိုင်းပြီးသွားပါတယ်။ မြန်မာက ပထမပိုင်းမှာ တစ်ဂိုး၊ ဂိုးမရှိနဲ့ ဦးဆောင်နေတဲ့အချိန်ပေါ့။

ဒုတိယပိုင်းပွဲပြန်စပြီး၊ မိနစ်(၂၀)လောက်အကြာမှာပဲ မလေးရှားက ပြစ်ဒဏ်ဘောက တဆင့် ချေပဂိုးရသွားပါတယ်။ ချေပဂိုးပေးလိုက်ရလို့ သရေကျသွားတဲ့ အချိန်ကစပြီး ကျနော်တို့ ကစားသမား တွေတွန်းတွန်းတိုက်တိုက်နဲ့ ပွဲကြမ်းစပြုလာပါပြီ။ သိပ်မကြာခင် နောက်(၁၅)မိနစ်လောက်မှာပဲ မလေးရှားကပဲ ဖရီးကစ်ကန်တာ တန်းဝင်သွားတဲ့အတွက် နှစ်ဂိုး၊ တစ်ဂိုးနဲ့ မလေးရှားပြန်ပြီး ဦးဆောင်ပါတယ်။ ဘာပြောကောင်းမလဲ ကျနော်တို့ မြန်မာဘောသမားတွေ ချေပဂိုးရဖို့ အတွက်တအား တွန်းတွန်းတိုက်တိုက်နဲ့ကစားလိုက်တာ မိနစ်(၉၀) ပြည့်သွားလို့ နာကျင်အချိန်ပိုမှာပဲ နှစ်ဖက်ကစားသမားတွေ စကားများကြလို့ ကွင်းလယ်ဒိုင် ကဖြေရှင်းပေးနေတဲ့အချိန်မှာပဲ ကျနော်တို့ရဲ့ ရှေ့တန်းတိုက်စစ်မှူး ကြည်လင်း တယောက် ဒိုင်ကိုစောဒကတက်မှုနဲ့ နှစ်ဝါ၊ တစ်နီနဲ့ အထုတ်ခံလိုက်ရပြီး မကြာမှီမှာပဲ ပွဲသိမ်းခရာသံကို ကြားလိုက်ရပါတော့တယ်။ ဒီတပွဲမှာလည်း ကျနော်တို့ ဘောသမား တွေ ဗိုလ်ချုပ်စကားမှန်ကြောင်း သက်သေပြသွားလိုက်တာပါပဲ။

ဘာပဲပြောပြော မလေးရှားနိုင်ငံရောက် ရွှေမြန်မာတွေကတော့ အဖမ်းအဆီးကြားထဲကပဲ မမောနိုင်၊ မပန်းနိုင်နဲ့ တာဝန်ကျေပွန်စွာ အားပေးသွားတာကိုတော့ တွေ့လိုက်ရပါတယ်။

တယောက်ယောက်ကများ ကျနော့ကို “ ခင်ဗျားကရော မြန်မာနိုင်ငံသားဖြစ်ပြီးတော့ ကိုယ့်နိုင်ငံနိုင်တာကို မမြင်ချင်ဘူးလား” မေးလာ ရင်ဘာပြောကောင်းမလဲဗျာ၊ နိုင်ချင်တာပေါ့ ။ ကျနော်လို ဘောကန်ဝါသနာပါတဲ့သူက ပိုလို့တောင်နိုင်ချင်သေးတယ်။ ‘ ဒို့ဗမာ နိုင်ပြီ’ ဆိုတဲ့သီချင်းကို ကိုရီးယားတနိုင်ငံလုံး ကြားသွားအောင် အော်ဟစ် ဆိုပစ်လိုက်ချင်တာပေါ့ဗျာ၊ ဒါပေမယ့် ကျနော် နိုင်ချင်တဲ့အနိုင်က သမာသမတ်ကျတဲ့အနိုင်၊ သန့်သန့်ရှင်းရှင်းကစားပြီး နိုင်တဲ့အနိုင်၊ ပညာသားပါပါကစားပြီး နိုင်တဲ့အနိုင်၊ တရားမျှတစွာနဲ့နိုင်တဲ့ အနိုင်မျိုးကိုပဲ လိုချင်တာပါလို့ ဖြေချင်ပါတယ်။

ဒီကြားထဲ တချို့မျက်ကန်းမျိုးချစ်တွေက ဒိုင်ညစ်လို့ ရှုံးတာပါ ဆိုပြီး ပြောကြတဲ့သူတွေကရှိသေးတယ်။ ဒီမျိုးချစ်တွေနဲ့တော့ လာမယ့် ဆီးဂိမ်းပွဲမှာ တွေးပြီး ရင်လေးမိသေးတယ်။ညီအစ်ကိုတို့ မှတ်မိ အုံးမှာပါ ပြီးခဲ့တဲ့ မြန်မာလိ(ဒ်) ဖိုင်နယ်ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်နဲ့ နေပြည်တော်အသင်းတို့ ကစားတဲ့ပွဲမှာ နှစ်ဖက်ပရိသတ်တွေ အလွန်အကျွံ သောက်စားထားသလို၊ ကစားသမားတွေကလည် ဘော်လုံးပွဲနဲ့ မတူပဲ တရုတ်အက်ရှင်ကားကြည့်နေရသလို ဖလိုင်းကစ်တွေကိုတွေ့လိုက်ရမှာပါ။ တကယ်တော့ ကျနော်တို့ ကစားသမားတွေ ဖရော်ဖက်ရှင်နယ်မဆန်သေးတာ၊ မနပ်သေးတာ၊ တဖက်ကသူ့အိမ်ကွင်းမို့ ဖိကစားထားရင်ပဲ ပြာယာတွေ ခပ်ပြီး ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ကစားတာတွေက အရှုံးကိုဖြစ်စေတယ်ဆိုတာ နဝတ၊နအဖ စစ်အာဏာသိမ်းပြီးကတည်းက စတာပါပဲ။

ဒီနေရာမှာ ကျနော်ဆိုလိုချင်တာက ဘော်လုံးပွဲတပွဲ ရှုံးနိမ့်ပြီဆိုရင် အရင်ခေတ်ကလို ဘော်လုံးသမားတွေကိုချည်းပဲ၊အပြစ်ဖို့လို့မရတော့ ပါဘူး။ အဓိက တာဝန်ရှိတာကတော့ အုပ်ချုပ်သူနည်းပြမှာပါ။ အခု ဒုတိယမြောက်ပွဲ၊ အိမ်ရှင်နဲ့ ကစားရမယ့်ပွဲ ၊နောက်ပြီး ရှုံးလို့ မဖြစ်တဲ့ပွဲ။ ပထမပွဲမှာ ထိုင်းနဲ့ ကစားပြီး သရေကျထားတယ်။ အခု ဒုတိယပွဲမှာပဲ ကိုယ့်ဖက်က ဦးဆောင်ဂိုးသွင်းပြီး ပထမပိုင်းတောင် ပြီးသွားပြီ။ ဒုတိယပိုင်း (၄၅)မိနစ်မှာ နည်းပြတာဝန်က ချေပဂိုးမပေးရရေးနဲ့ ပွဲပြီးခရာမှုတ်တဲ့အချိန်မှာ အနိုင်ရရှိရေးပဲ။ ဒါပေမယ့် ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာ အနေနဲ့ တာဝန်မကျေခဲ့ပါဘူး။ပြီးခဲ့တဲ့အပတ်က အင်္ဂလိပ် ပရီမီယာလိ(ဒ်)မှာ လီပါပူးနဲ့ မန်ယူပွဲမှာ အိမ်ရှင်လီပါပူးက ပွဲအစ (၃)မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းယူပြီး၊ မန်ယူဖက်က အဓိကကစားသမားတွေကို မလှုပ်နိုင်အောင်ထိန်း ကစားပြီး အနိုင်(၃) မှတ်ယူသွားတာ ညီအစ်ကိုတို့ မှတ်မိအုံးမှာပါ။ အဲလိုပဲ မလေးရှားအသင်းဖက်မှာ အဓိက ကစားသမားဖြစ်တဲ့ နံပါတ်(၁၀) ကို အသေကပ်ကစားဖို့ ကိုယ့်ကစားသမားတယောက်ကို တာဝန်ပေးဖို့ ပတ်ဆောင်ဟွာ ပျက်ကွက်ခဲ့ပါတယ်။ အဲဒီနံပါတ်(၁၀)ကပဲ ချေပဂိုးရဖို့ ဖန်တီးပေးခဲ့ သလို၊ အနိုင်ဂိုးကိုလည်း ကိုယ်တိုင်သွင်းယူသွားခဲ့တယ်။ အိမ်ရှင်အသင်းဖက်မှာ အားသာချက်တွေ အများကြီးရှိနေတယ်ဆိုတာကို တော့ ဘော်ပွဲတိုင်းကြည့်တဲ့ ကျနော်တို့ ညီအစ်ကိုတွေ အကုန်သိကြမှာပါ။ အိမ်ရှင်ရဲ့ ပရိတ်သတ်၊ နောက်ပြီး ဒိုင်တွေရဲ့အနေအထား က အိမ်ရှင်ဖက်မှာ ရှိနေတယ်ဆိုတာ တကမ္ဘာလုံးမှာပါပဲ။

ဟောကြည့် မကြာခင်မှာပဲ အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပရမယ့် ဆီးဂိမ်းပွဲ (၂)လလောက်ပဲလိုတော့တယ်။ ဒီ(၂)လလောက် အတော အတွင်းမှာပဲ နည်းပြချုပ် ပတ်ဆောင်ဟွာ အနေနဲ့ အသင်းရဲ့ အားနည်းချက်၊ ချို့ယွင်းချက် တွေကို ပြင်နိုင်ပါ့မလားလို့ပဲ မရဲတရဲနဲ့ မေးရေးလေး ရေးလိုက်မိပါတယ်။

အားလုံးကိုလေးစားလျက်
ဝင်းလှိုင် (၁၀၊၉၊၂၀၁၃)

No comments: