Saturday, December 14, 2013

၂၀၀၈ဖွဲ့စည်းပုံ အနုလုံပဋိလုံ



စစ်အုပ်စုရဲ့ပကတိစိတ်နေစိတ်ထား


ဒီနေ့ကျနော်တို့နိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနဲ့ အခန်း(၁၄) ကူးပြောင်းရေးကာလပြဌာန်းချက်များထဲက အချက်တချို့ကို ထုတ်နှုတ်ဆွေးနွေးချင်ပါတယ်။

အခန်း(၁၁) ပုဒ်မ(၄၁၀)ရဲ့ဆိုလိုရင်းကတော့ မြန်မာနိုင်ငံဒေသတစ်ခုခုမှာ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း မဆောင်ရွက်နိုင်တဲ့ခါ သမ္မတက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်း၊ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အဲဒီအရေးပေါ်အခြေအနေကြေညာလိုက်ပြီဆိုတာနဲ့ စစ်အုပ်စုက ထင်တိုင်းကြဲတာတွေကို ကျနော်တို့ပြည်သူတွေက တရားစွဲအရေးယူလို့မရအောင် အခန်း(၁၁) ပုဒ်မ(၄၃၂)မှာ “အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားစဉ်ကာလအတွင်းတွင် နိုင်ငံတော်သမ္မတကိုယ်စားဖြစ်စေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့်ကာလအတွင်းဖြစ်စေ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုပြုနိုင်ရန် လုပ်ပိုင်ခွင့်နှင့်တာဝန်များ ပေးအပ်ခြင်းခံရသည့် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦး၊ နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦး၊ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦးဧ။် တရားဝင်ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်။ ယင်းတရားဝင် ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် တရားစွဲဆိုခွင့်မရှိစေရ။” ဆိုပြီး ပြဌာန်းထားတာပါ။

ဒီပုဒ်မအရ သူတို့ကို ကုလားထိုင်ကနေ ဖယ်ပေးရတော့မယ့်အခြေအနေ ရောက်တိုင်းမှာ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးစတဲ့ စကားလုံးတွေကို အကာအကွယ်ယူပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနာမည်နဲ့ စစ်တပ်က အာဏာပြန်သိမ်းလို့ရအောင် ပြဌာန်းထားတာဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုကျောထောက်နောက်ခံ ပြုထားတဲ့ လက်ရှိကြံ့ဖွံ့အစိုးရဟာ နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ ဘယ်လောက်ပဲပြောနေပြောနေ သူတို့အာဏာကိုထိပါးလာရင်တော့ နောက်ကြောင်းပြန်လှည့်လို့ရအောင်ကို တရားဝင် လုပ်ထားတာပါ။ ဒီပုဒ်မတစ်ခုတည်း ကြည့်လိုက်ရုံနဲ့ကို စစ်အုပ်စုက သူတို့အလိုကျအာဏာကို ချုပ်ကိုင်လို့ရနေသရွေ့တော့ အရပ်သားအစိုးရယောင်ယောင်နဲ့ ရှိနေမှာဖြစ်ပေမဲ့ သူတို့အလိုမကျလာရင်တော့ စစ်ဘီလူးဆိုင်းနဲ့ ကဖို့တော့ အဆင်သင့်ရှိနေတယ်ဆိုတာ သိပ်သိသာပါတယ်။

အခုဆွေးနွေးချင်တဲ့ အခန်း(၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များနဲ့ဆိုင်တဲ့ ပုဒ်မ(၄၄၅)မှာတော့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့ဧ။် မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော်ငြမ်ဝပ်ပိပြာမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ဧ။် ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦးဧ။် တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။” ဆိုပြီးပြဌာန်းထားပါတယ်။

ပုဒ်မ(၄၄၅)အရ န၀တ၊ နအဖ အဆက်ဆက်က တာဝန်အရဆိုတဲ့ခေါင်းစဉ်ကို အသုံးချပြီး ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ အရေးယူလို့မရအောင် သူတို့ကိုယ်သူတို့ အကာအကွယ်ပေးထားတယ်ဆိုတာ ရပ်သိ ရွာသိ ကမ္ဘာသိဖြစ်ပါတယ်။ တိတိကျကျပြောရရင် မဆလအရေခြုံထားတဲ့ ဗိုလ်နေ၀င်းစစ်အုပ်စုဆီကနေ အာဏာလွှဲပြောင်းယူလိုက်တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ကစပြီး လက်ရှိပါတီစုံအရေခြုံထားတဲ့ ဦးသိန်းစိန်စစ်အုပ်စုက အာဏာကိုလွှဲပြောင်းယူလိုက်တဲ့အချိန်အထိကို ဆိုလိုပါတယ်။

ဒီပုဒ်မနှစ်ခုလုံးကို ကြည့်လိုက်ရင် စစ်အုပ်စုက သူတို့အတိတ်က ကျူးလွန်ခဲ့တဲ့ပြစ်မှုပေါင်း သောင်းခြောက်ထောင်ရယ်၊ နောင်အရေးပေါ်ကာလအတွင်းမှာ ကျူးလွန်ဦးမယ့် ပြစ်မှုတွေအတွက်ကိုပါ ဘယ်လိုမှအရေးယူလို့မရအောင် သူတို့လုံခြုံမှုအတွက် ထောင့်စေ့စေ့ ပြဌာန်းထားတာကို တွေ့ရမှာပါ။

ဒီနေရာမှာ မနေ့တနေ့က ဒေါ်နော်အုံးလှကို ၂၀၀၇ မေလတုန်းက ရွှေတိဂုံစေတီရင်ပြင်တော်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းတာကို ဘာသာရေးဆိုင်ရာပုဒ်မတစ်ခုနဲ့ တရားစွဲလိုက်တာ အားလုံးသိကြမှာပါ။ ၂၀၀၇ ကာလဆိုတာ နအဖစစ်အုပ်စုလက်ထက် ဖြစ်ပါတယ်။ သူတို့စစ်အုပ်စုရဲ့ အာဏာတည်မြဲရေး၊ အရေးယူမခံရရေး၊ စည်းစိမ်တည်မြဲရေးအတွက်ကျတော့ သိတတ်လိုက်ကြတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကို ပြဌာန်းထားလိုက်သေးတယ်။ သာမန်ပြည်သူတစ်ယောက်ကိုတော့  နအဖလက်ထက်က အဖြစ်အပျက်တစ်ခုကို မတရားသဖြင့် အညှိုးကြီးကြီးနဲ့ အခုလိုတရားစွဲလိုက်တာကတော့ ဒီစစ်အုပ်စုရဲ့ ပကတိစိတ်နေစိတ်ထားပေါ့ဗျာ။

သက်နိုင်(၁၄၊ ၁၂၊ ၂၀၁၃)

No comments: