Saturday, February 15, 2014

၂၀၀၈ ဖွဲ့စည်းပုံ အနုလုံပဋိလုံ

လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ပြီလား

ကျနော်တို့ ကျောင်းသားဘ၀ကတည်းက သမိုင်းထဲမှာ မြန်မာနိုင်ငံဟာ ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှကိုယ်လိုနီလက်အောက် ကျရောက်ခဲ့ပြီး အချုပ်အခြာအာဏာကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ၁၉၄၈ ခုနှစ် ဇန္န၀ါရီလ(၄)ရက်နေ့မှာ လွတ်လပ်ရေးရရှိခဲ့ပြီး လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်လို့ အလွတ်ကျက်ခဲ့ပြီး အဲဒီအတိုင်းပဲ ခပ်ပေါ့ပေါ့လေး သဘောထားလာခဲ့တယ်။ ဒီနေ့ မီဒီယာတွေမှာလည်း ဒီလိုပဲ ရေးနေ၊ ပြောနေကြတယ်။ ဒီတပတ်တော့ ကျနော်တို့နိုင်ငံဟာ တကယ်ပဲ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ တကယ်ဖြစ်ပြီလား ဆိုတာကို စဉ်းစားကြည့်ကြရအောင်ဗျာ။
သိကြတဲ့အတိုင်း အချုပ်အခြာအာဏာဆိုတာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ သုံးရပ်ကိုခေါ်တာ ဖြစ်ပါတယ်။ အဲဒီအချုပ်အခြာအာဏာဟာ ပြည်သူထံကနေ ဆင်းသက်ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ ပုဒ်မ (၁)မှာ “မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်” လို့ပါရှိပြီး ပုဒ်မ (၄)မှာတော့ “နိုင်ငံတော်ဧ။် အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တ၀န်းလုံး၌တည်သည်” လို့ ပြဌာန်းထားပါတယ်။
နိုင်ငံသားများထံမှ ဆင်းသက်ရမယ်ဆိုတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကပဲ ဒီအချုပ်အခြာအာဏာကို ကျင့်သုံးခွင့်ရှိတာပေါ့။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ရှေ့နောက်မညီတဲ့ ပြဌာန်းချက်တွေအရ လွှတ်တော်အရပ်ရပ်တိုင်းမှာ စစ်တပ်က (၂၅)ရာခိုင်နှုန်းက အလကားမတ်တင်းဈေးနဲ့ တက်ထိုင်နေတာဟာ ပြည်သူကရွေးကောက်တာမဟုတ်ဘဲ ဥပဒေပြုအာဏာကို ၀င်ပြီးချယ်လှယ်နေတာပါ။ အုပ်ချုပ်ရေးဘက်ကိုလည်း ကြည့်လိုက်ပါဦး။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေလည်း စစ်တပ်ကပဲ။ ဒါတင်ဘယ်ကမလဲ။ သမ္မတကစပြီး တခြားဝန်ကြီးတွေအများစုကြီးကလည်း စစ်ယူနီဖောင်းချွတ်ထားတဲ့ လူတွေပဲ မဟုတ်လား။ တရားစီရင်ရေးနယ်ပယ်မှာလည်း စစ်အုပ်စုရဲ့လွှမ်းမိုးမှုက မလွတ်ပါဘူး။ အထောက်အထားတွေ ဒုနဲ့ဒေးရှိပါတယ်။
ဒါကိုကြည့်ရင် စစ်အုပ်စုက ပါတီစုံဗန်းပြပြီး ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချယ်လှယ်နေတာ ထင်ရှားပါတယ်။ အခုလက်ရှိ အချုပ်အခြာအာဏာကို စစ်တပ်ကပဲ အပိုင်စီးထားတာပါ။ သူတို့ကမဟုတ်ပါဘူးလို့ စွတ်ငြင်းရင်တော့ မင်းဖင်မှာ ဘယ်သူ့ချေးလဲလို့ မေးလိုက်ရုံပဲ ရှိတော့တယ်။ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ လက်ထဲကို အဲဒီအာဏာသုံးရပ် လုံးလုံးလျားလျား မရောက်သေးသရွေ့တော့ အချုပ်အခြာအာဏာကို ပြည်သူပိုင်ပြီလို့ပြောရင် မှားပါတယ်။ ဒါဆိုရင် ကျနော်တို့နိုင်ငံကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံပါလို့ ပြောလို့ရကိုမရပါဘူး။ ကုန်ကုန်ပြောမယ်ဗျာ။ ပဒေသရာဇ်ခေတ်ကလည်း အချုပ်အခြာအာဏာကို ဘုရင်ကပိုင်ခဲ့တယ်။ အဲဒီနောက် ဗြိတိသျှက ပိုင်ခဲ့တယ်။ ကိုယ့်လူမျိုးဟုတ်တာ မဟုတ်တာဘဲ ကွာတယ်။
ကျွန်ပြုခံရတာချင်းက အတူတူပဲ။ ကျနော့အနေနဲ့ကတော့ ကိုယ့်လူမျိုးက ကျွန်ပြုအုပ်ချုပ်တာပဲ ဖာနိုင်ငံဖြစ်ဖြစ် ကိုယ့်မင်းကိုယ့်ချင်းဆိုပြီး ဂုဏ်မယူနိုင်ဘူး။ သူ့ကျွန်ဘ၀ကော ကိုယ့်ကျွန်ဘ၀ကိုပါ လုံးဝလက်မခံဘူး။ သခင်လည်း မဖြစ်ချင်ဘူး။ ကျွန်လည်း မဖြစ်ချင်ဘူး။ လူ ပီပီသသ ဖြစ်ဖို့ပဲလိုတယ်။ လွတ်လပ်ရေးရပြီးစ ဆယ်နှစ်ကျော်ကာလ ပါလီမန်ဒီမိုကရေစီခေတ်ကိုပဲ ပြည်သူက အချုပ်အခြာအာဏာကို ပိုင်ခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂)ရက်နေ့ကစပြီး စစ်အုပ်စုအဆက်ဆက်က စစ်အုပ်ချုပ်ရေး(Martial Law)နဲ့ အုပ်ချုပ်လိုက်၊ အာဏာကို လက်မလွတ်နိုင်တဲ့ အာဏာရူးတွေ(Megalomaniac)ဆိုတော့ ဆိုရှယ်လစ်စနစ်ကို ဗန်းပြ၊ အခုလည်း ပါတီစုံဒီမိုကရေစီကို ဗန်းပြပြီး လိမ်လာလိုက်တာ ဒီကနေ့အထိ အချုပ်အခြာအာဏာကို ကျနော်တို့ပြည်သူတွေ လက်လွတ်ဆုံးရှုံး နေရဆဲပါဗျာ။
နိုင်ငံတော်သီချင်းကိုတော့ ဆိုတော့ဆိုချင်သား

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ အစချီတဲ့ ကျနော်တို့နိုင်ငံတော်သီချင်းကို စဉ်းစားမိတိုင်းလည်း ရင်နာတယ်။ သီချင်းက လေးနက်ကျယ်ပြန့်သလောက် လက်ရှိပကတိ အခြေအနေနဲ့က တက်တက်စင်အောင် လွဲနေတော့တာပဲ။ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေဆိုတဲ့ စာသားကိုရောက်ရင် အသည်းကို တဆတ်ဆတ်တုန်အောင် နာတယ်။ ဟိုနေရာလည်း တပ်ပိုင်တဲ့မြေ၊ ဒီနေရာလည်း တပ်ပိုင်တဲ့မြေနဲ့ တပ်ပိုင်တဲ့မြေတွေက နေရာအနှံ့ပဲ။ ပြီးတော့ သူတို့ကပဲ မူလပိုင်ရှင်တွေကို တရားစွဲပြီး ထောင်ချလိုက်သေးသဗျ။ တရားခံက တရားသူကြီး တက်လုပ်နေကြတယ်။ နိုင်ငံရဲ့ အမြင့်ဆုံးအချုပ်အခြာအာဏာကိုတောင် လက်မလွှတ်တမ်း အပိုင်စီးထားမှတော့ ကျန်တာတွေကတော့ သူတို့ သဘောရှိ မနောရှိပေါ့ဗျာ။
ဒါကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့အညီ ပြင်ဆင်ရေးဆွဲနိုင်မှသာ အချုပ်အခြာအာဏာဟာ မူလပိုင်ရှင် ပြည်သူ့လက်ထဲကို ပြန်ရောက်မှာဖြစ်တယ်။ ဒါဟာ ကျနော်တို့အားလုံးရဲ့မဟာတာဝန်ဖြစ်ပါတယ်။

သက်နိုင် (၁၆. ၂. ၂၀၁၄)

No comments: