Saturday, February 22, 2014

ထူးခြားသတင်းများအား မှတ်ချက်ပြုခြင်း



အခြေခံဥပဒေ ပြင်ဆင်ရေး ကော် မတီထံ သူရဦးရွှေမန်း အကြံပြု စာပေးပို့


"ကော်မတီဥက္ကဌက ပြည်ထောင်စုလွှတ်တော် နာယက ကျွန်ုပ်ထံသို့ အခြေခံမူချမှတ်ပေးရန် စာရေးသားတင်ပြလာပါတယ်၊ ယခုလို ကော်မတီရဲ့ စာဖြင့် ရေးသားတင်ပြချက်အရ ပြည်ထောင်စုလွှတ်တော် နာယကအနေဖြင့် ကြားသိတွေ့မြင်နေရ တဲ့ ပြည်သူများရဲ့အသံ ပြည်သူများရဲ့ဆန္ဒများကို အလေးထားဂရုပြုလျှက် အဖက်ဖက်မှ လေ့လာသုံးသပ်ပြီး ကော်မတီရဲ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင် အဆင်ပြေစေရေးအတွက် လုပ်ငန်းဆိုင်ရာ အခြေခံမူအဖြစ် သုံးသပ်ဆောင်ရွက်နိုင်ရန် ကော်မတီသို့ စာတစ်စောင်ပေးပို့ထားကြောင်း အသိပေးတင်ပြအပ်ပါသည်"

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖေါ်မှု ကော်မတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ ကို လေ့လာသုံးသပ် အကြံပြုဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ ထံပေးပို့တဲ့ အကြံပြုစာထဲမှာ ထည့်သွင်းဖေါ်ပြထား ပါတယ်။

နာယကရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကြံပြုစာထဲမှာ တပ်မတော်ရဲ့ လွှတ်တော်အတွင်းပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိနိုင်ဖို့၊ ဗဟိုဦးစီးစနစ်လျှော့ချပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှု အခွင့်အရေးစတဲ့ ကိစ္စရပ်တွေအတွက် လိုအပ်ရင် ပြင်ဆင်နိုင်ဖို့အတွက်လည်း လေ့လာဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံတော်သမ္မတ ရွေးချယ်မှုပုံစံဟာ ပါလီမန်စနစ်ရဲ့ ၀န်ကြီးချုပ် ရွေးချယ်ရေးပုံစံလို ဖြစ်နေ တာကြောင့် လိုအပ်ရင် ပြင်ဆင်နိုင်ဖို့ လေ့လာသုံးသပ်ပေးဖို့ကိုလည်း ပြောထားပါတယ်။ (RFA 2014-02-18)

မှတ်ချက်

အခန်း ၁၂ ကို လေ့လာသုံးသပ်ဖို့ အကြံပြုချက်ကို ကြိုဆိုပါတယ်။ ပြင်ဆင်လို့မရနိုင်အောင် လုပ်ထားတဲ့ ဒီအခန်းကို အရင်ပြင်ရမှာပါ။ ဒါပေမဲ့ ကြံ့ဖွံ့ပါတီက အကြံပြုထားသလို ၇၅ ရာခိုင်နှုန်းကျော်အစား ၇၅ ရာခိုင်နှုန်းသတ်မှတ်ဖို့ကတော့ နိုင်ငံတကာစံနှုန်းနဲ့ မညီပါဘူး။ သုံးပုံနှစ်ပုံ( ၆၅ ဒါမှမဟုတ် ၆၆ ရာခိုင်နှုန်း) ဖြစ်ရပါမယ်။

တပ်မတော်က လွှတ်တော်ထဲပါဝင်တဲ့ အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်ထဲ ရောက်နိုင်ဖို့ဆိုတာ ဘာကိုဆိုလိုတာလဲ မသိဘူး။ ဒီမိုကရေစီဘောင်ထဲကို တပ်မတော်ရောက်ဖို့ဆိုရင် လွှတ်တော်ထဲက ချက်ခြင်းထွက်သွားရအောင် ပြင်ဖို့လိုပါတယ်။ တပ်မတော်က ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်ပါ။ ဒါဆို ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်လာပါလိမ့်မယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှဖို့ဆိုတာလည်း လိုကိုလိုအပ်နေတဲ့ အရာတွေပဲ။ နိုင်ငံတော်သမ္မတ ရွေးချယ်ပုံနဲ့ ပတ်သက်ပြီး ထောက်ပြတာကောင်းပါတယ်။ ပြည်သူက တိုက်ရိုက်ရွေးချယ်တဲ့စနစ်ကို ရိုးရိုးသားသားရည်ညွှန်းရင်တော့ လူသာဓုခေါ် နတ်သာဓုခေါ်ပါပဲ။ ဒါပေမဲ့ ပြည်သူချစ်တဲ့ ခေါင်းဆောင်တွေ ရှိနေသရွေ့တော့ အဲဒီစနစ်ဖြစ်နိုင်ပါ့မလားလို့ သံသယ တော်တော်ကြီးပါတယ်။

အရေးအကြီးဆုံးက သုံးသွားတဲ့ စကားလုံးတွေကောင်းသလောက် တကယ်ပြင်ပေးဖို့ပါပဲ။ ဒီစကားလုံးတွေကို ဗန်းပြသုံးပြီး စစ်အုပ်စုအကျိုးစီးပွါးအတွက်ကိုပဲ ကြည့်ပြီးပြင်ရင်တော့ လိမ်တာပဲ။ စကားပုံရှိတယ်။ Deeds say louder than words. အလုပ်က သက်သေခံပါလိမ့်မယ်။ သုံးတဲ့စကားလုံးတွေနောက်ကို လိုက်ပြီးမမျောမိဖို့ သတိထားရပါလိမ့်မယ်။

သူတို့ပြောရိုးပြောစဉ်အတိုင်း နာယကကြီးက အကြံပဲ ပြုလို့ရတာ။ လွှတ်တော်ထဲမှာ ဒီမိုကရေစီနည်းကျ အများသဘောဆန္ဒကို မဲခွဲဆုံးဖြတ်မယ်လို့ အနိုင်ပိုင်းတဲ့လေသံနဲ့ ပြောမှာ အသေအချာပဲ။ ဒီလွှတ်တော်ထဲမှာ ရောက်နေတဲ့လူတွေ အကုန်လုံးကို ပြည်သူက လွတ်လွတ်လပ်လပ် ရွေးချယ်ထားမှ ဒီစကားကို ပြောတာမှန်ပါလိမ့်မယ်။ လွတ်လပ်ရွေးချယ်မှု (Freedom of Choice) မရှိဘဲ စစ်တပ်က ၂၅ ရာခိုင်နှုန်း အချောင်တက်ထိုင်နေပြီးတော့ အများစုမဲ (Majority Vote)ဆိုတာကို အကြောင်းပြပြီး ဒါဟာ ဒီမိုကရေစီနည်းကျပါတယ်လို့ ပြောရင်တော့ ထပ်လိမ်ပြန်ပြီလို့ ပြောပါရစေ။

စာပေဟောပြောပွဲ ဖျက်သိမ်းလိုက်ရ

မနေ့ညက ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် စာပေဟောပြောပွဲကို ရန်ကုန်မြို့ မြောက်ဥက္က လာပမြို့နယ်မှာ ကျင်းပဖို့ ပြင်ဆင်နေစဉ်မှာ အဲဒီ စာပေဟောပြောပွဲမှာ အစ္စလာမ်ဘာသာဝင် နှစ်ဦး ပါဝင်တာကြောင့်ဆိုပြီး သံဃာတစ်ချို့က လာရောက် တားမြစ်ခဲ့တာကြောင့် စာပေဟောပြောပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

အဲဒီ ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ မှာ ဟောပြောဖို့ စီစဉ်ထားသူတွေထဲမှာ တရား လွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးတို့ ပါဝင်ပါတယ်။ သူတို့နှစ်ဦး ပါတာကြောင့် မျိုးချစ်သံဃာများသမဂ္ဂအဖွဲ့ က ဟောပြောပွဲမကျင်းပဖို့ ကန့်ကွက်တာဖြစ်ကြောင်း ကြိုတင်အကြောင်းကြားခဲ့တယ်လို့ စာပေဟောပြောပွဲ စီစဉ်သူ မဇင်မာအောင်က ပြောပါတယ်။ (RFA 2014-02-13)

စာပေဟောပြောပွဲကနေ ၈၈ ကိုမြအေး ဖယ်ရှားခံရ

မန္တလေးမြို့  မျက်ပါးရပ်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ မနေ့ ညက ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ မူလကြေညာ ထားခဲ့တဲ့ ဟောပြောမယ့် ပုဂ္ဂိုလ်တွေထဲက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့  အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အစ္စလာမ် ဘာသာဝင် ကိုမြအေးကို ထုတ်ပယ်ပစ်ဖို့ သံဃာတော်တချို့က လာရောက်ကန့်ကွက်ခဲ့ကြတဲ့ အတွက် ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။ (RFA 2014-02-15)
 

မှတ်ချက်
ဘာသာရေးကို အကြောင်းပြပြီး ဒီလိုကန့်ကွက်တားဆီးတာဟာ ဘုရားဟောနဲ့လုံးဝ ဆန့်ကျင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့လည်း ပြောင်းပြန်ပါပဲ။ လူတစ်ယောက်က ပြစ်မှုတစ်စုံတစ်ခု ကျူးလွန်ခဲ့ရင် အဲဒီလူဟာ ဘာလူမျိုးလဲ ဘယ်ဘာသာကိုးကွယ်တာလဲ ဆိုတာနောက်ကို မလိုက်ဘဲ တရားဥပဒေအရ ချက်ချင်းထိထိရောက်ရောက် ကိုင်တွယ်ဖို့သာ လိုအပ်ပါတယ်။ လူကို လူလို ကျနော်တို့ ကြိုးစားပြီး မြင်ကြည့်ကြရအောင်ဗျာ။ ကျေးဇူးတင်ပါတယ်။


သက်နိုင် (၂၀၁၄. ၂. ၂၂)

No comments: