Monday, April 21, 2014

အလင်း ၊ အရိပ် နှင့် တန်ဘိုးများ အကြောင်း

ရေးသားသူ — ခန့်နေသူတိုး




လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဆိုးလ် ရွှေမြို့တော်ကြီးမှာ ကျနော် နေစဉ်တုန်းက သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့နာမည်က “ ကျော်ကျော်တင့် ” တဲ့ ။ သူက အမြင် အာရုံတွေပေါ်မှာ အရမ်းတပ်မက်လွန်းတဲ့ တဏှာလို့ခေါ်မလား ရာဂလို့ပဲ ဆိုမလား .. အဲဒါတွေ သိပ်များတယ်။ ဘုရား ၊ တရားတော့လဲ လုပ်တာပါပဲ ။ ကျနော်တို့ထက် အများကြီး သာတယ်။ ဒါပေမယ့် လှတာကို အရမ်းကြိုက်လွန်းတယ်ဗျ ။ ဥပမာဗျာ ကျနော်တို့ ဘောလ်ပင်တစ်ချောင်း ဝယ်တယ် ဆိုပါစို့ ။ ကျနော်ဆို မှင်ထွက် ပြီးတာပဲဗျာ ။ နောက်ဆုံး ရွေးခွင့်သာလို့ ရွေးကြကြေးဆိုရင်တောင်မှ မှင်လုံး အသေး အကြီးပေါ့ဗျာ ရေးလို့ကောင်းတာမျိုးပေါ့ ၊ လက်ထဲမှာ ကိုင်လို့ကောင်းတာမျိုးပေါ့ အဲဒါမျိုးရွေးမှာပဲ။ ကျော်ကျော်တင့် ကတော့ အဲလို မဟုတ်ဘူး .. အရောင်နဲ့ ဒီဇိုင်းကို ဦးစားပေးတယ် ။ ထားလိုက်ပါတော့ .. ဒါက အသုံးအဆောင် ပစ္စည်းမို့ အမြဲလူမြင်ကွင်းမှာ သုံးနေရမှာမို့ .. ဒါပေမယ့် ခေါက်ဆွဲဝယ်တဲ့ အခါမှာတော့ ကျနော်ဖြင့် လုံးဝကို နားမလည်နိုင်ဘူးဗျာ ။ ကျနော်က သူ့ကို အတွေ့အကြုံအရ ပြောပြတယ် ။ သူငယ်ချင်းပေါ့ ဒီခေါက်ဆွဲလေးက အရသာလဲရှိတယ် ဈေးလဲသက်သာတယ် ဒီမှာကိုးရီးယါးမှာက စားသောက်ကုန်တွေပေါ်မှာ တာဝန်ယူမှု့ဆိုတာ ရှိတယ်ပေါ့ အဲလိုတာဝန်ယူမှု့လဲ ဒီခေါက်ဆွဲလေးက ရာနှုန်းပြည့်ရှိတယ် မင်းလက်ထဲကဟာကို ပြန်ထားလိုက် ဒါကိုဝယ် ဆိုတော့ ဒီကောင်က တစ်ခွန်းပဲ ပြန်ပြောတယ် “ဒါလေးက ပက်ကင်လှတယ်” တဲ့ ။

တစ်နေ့ ကျော်ကျော်တင့်ရယ် .. ကျနော်ရယ် ၊ ကျနော်တို့ သူဌေးရယ် ချွန်းဂျူးဆိုတဲ့ မြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေမှာ မီးပုံးတွေ လိုက်ဆင်ရတယ်ဗျ။ မြန်မာပြည်က ကျိုက်ထီးရိုးလို တောင်မျိုးပဲ အရမ်းသာယာတယ်။ ကျိုက်ထီးရိုးလောက်တော့ မမြင့်ဘူး။ တောင်ကျော တစ်လျှောက် ဝဲယာမှာ ကျောင်းတိုက်ကလေးတွေ ပြည့်နေတာပဲ။ ဟာ.. ကိုရီးယားရောက်ပြီး ထောင်သားတစ်ယောက်ရဲ့ ဘဝလိုမျိုး ဘုန်းကြီးငတ်နေတဲ့ လူပဲဗျာ ဝမ်းသာတာပေါ့ ။ ပိုက်ဆံလဲရတယ် ၊ ဗဟုသုတလဲရတယ်၊ ကုသိုလ်လဲရတယ် ။ အဲဒီမှာ မီးပုံးတွေ လိုက်ဆင်တာ လေးရက်လောက် ကြာတယ် ။ ပြန်ကာနီးရက်ကျတော့ သူဌေးကလာပြောတယ်။ ကျောင်းတိုက်တစ်ခုက နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး ဆရာတော်တစ်ပါးက အင်္ဂလိပ်လို တရားဟောလိမ့်မယ် နာချင်ရင် မင်းတို့ သွားနာတဲ့ ။ ကျနော်လဲ ကြုံတုန်း ကိုးရီးယါးဘုန်းကြီး ဟောတဲ့တရား နာကြည့်မယ်ပေါ့ ။ ကျော်ကျော်တင့်ကိုလဲ ဖုန်းနဲ့လှမ်းပြီး ဘယ်ကိုဘယ်ကို လာခဲ့လို့ ပြောလိုက်တယ်။ တရားနာ ပရိတ်သတ်က နိုင်ငံခြားသားချည်း မဟုတ်ပါဘူး ကိုးရီးယါး တစ်ချို့လဲ ပါပါတယ်။ ကျနော်က တရားနာ ပရိတ်သတ်ရဲ့ ရှေ့ဆုံးတန်းနားလောက်မှာ နေရာယူလိုက်တယ်။ ကျနော် ပိုပြီး ဝမ်းသာမိတာက တရားဟောမယ့် ဘုန်းကြီးက ထေရဝါဒဘုန်းကြီး ဖြစ်နေလို့ဗျ။ သင်္ဃန်းအရောင်က ကျနော်တို့ မြန်မာ ဘုန်းတော်ကြီးတွေ ဝတ်တဲ့ အရောင်မျိုး။ ကျော်ကျော်တင့် ရောက်မလာသေးလို့ ကျနော်က အနောက်ကို လှည့်ကြည့် လှည့်ကြည့်ပေါ့ ။ ခဏနေတော့ ဒီကောင် တရားဟောဆောင်ရဲ့ အပေါက်ဝနား ရောက်လာပြီး ဟိုကြည့် ဒီကြည့်နဲ့ ကျနော် လက်ယပ်ပြီး လှမ်းခေါ်တာကို မလာပဲ ပြန်ထွက်သွားတယ် ။ သူ့ဟာသူ ခဏ ကိစ္စရှိလို့သွားတာပဲ ပြီးရင် ပြန်လာမှာပေါ့လို့ တွေးရင်း ကျနော်လဲ ဖုန်းကို ပိတ်လိုက်တော့တယ် ။

ဘုန်းကြီးက တရားစဟောတယ်။ အနောက်တိုင်းသားတွေက ဗုဒ္ဓဘုရားကို သယ်ဂရိတ်တက် ဖလော်ဆော်ဖာလို့ ပြောကြ၊ သတ်မှတ်ကြတယ်တဲ့။ မှန်သင့်သလောက်တော့ မှန်တယ်။ မှန်သင့်သလောက်တော့ မမှန်ဘူးတဲ့။ ရှုတ်ဘီ (should be)ကို နှစ်ခါပြန် သုံးသွားတာနော်။ တော်ရုံအင်္ဂလိပ်စာ အဆင်နဲ့ဆို နားလည်ဖို့တောင် မလွယ်တာ အဲလိုအသုံးမျိုး သုံးတဲ့ အဆင့်ဆိုရင် တွေးသာကြည့်ပေတော့ဗျာ။ (ကဲ .. ကြုံတုန်း ကျနော်လည်း ပေါ်တင်ကြွားတယ် ဗျာ ဘာဖြစ်လဲ) ဘုန်းကြီးက ဆက်ဟောတယ် ဘုရားမဖြစ်ခင်ကိုတော့ အတွေးအခေါ် ပညာရှင်လို့ သတ်မှတ်တာ မှန်ပေမယ့် ဘုရားဖြစ်ပြီးတဲ့ နောက်မှာတော့ တွေးတဲ့အဆင့် မဟုတ်တော့ဘူး သိတဲ့အဆင့် ဖြစ်သွားပြီတဲ့။ ဗုဒ္ဓဆိုတဲ့ အနက်က သိသူလို့ အဓိပ္ပါယ်ရတယ်တဲ့။ ဘာကို သိတာလဲ .. ဓမ္မကို သိတာတဲ့ ။ အလုံးစုံသော တရားတွေကို သိတာတဲ့။ ဖလော်တွေ၊ လောဂျစ်တွေ ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ ဘဝအပေါ် သတ်မှတ်ချက်တွေ.. ဝိပဿနာရဲ့ အခြေခံ ကျင့်စဉ် အယူအဆ အကြောင်းတွေ .. ဟာဗျာ သုံးနာရီဆိုတဲ့ အချိန်က ဘယ်လိုကုန်သွားမှန်း မသိဘူး။ တရားပွဲပြီးလို့ ထ..မယ်လဲလုပ်ရော ကျနော့်ခြေထောက်က အကျောကပ်ပြီး ရုတ်တရက် ထောက်လို့တောင် မရဘူး။ မနှိုင်းကောင်း နှိုင်းကောင်း တက္ကသိုလ်တက်တုန်းက အဆောင်မှာ ညလုံးပေါက် ဖဲထိုင်ရိုက်ကြပြီး မိုးလင်းတော့ ထိုင်နေရာက ထလို့မရသလိုမျိုးပေါ့ ။ အခုလည်း တရားထဲမှာ ဈာန်ဝင်နေတော့ ညောင်းလို့ ညောင်းရမှန်းကို မသိဘူး ။ ဒီလိုနဲ့ ခြေထောက် ကောင်းတော့မှ အပြင်ကို ထော့နဲ့ထော့နဲ့နဲ့ ထွက်ပြီး သူငယ်ချင်း ကျော်ကျော်တင့်နဲ့ စောစောက တရားအကြောင်း နဲနဲပါးပါး ပြန်ဆွေးနွေးဖို့ ပြင်တာပေါ့။

ကျနော်က ကျော်ကျော်တင့်ကို .. မင်း ဘုန်းဘုန်းကို ဘယ်လိုမြင်လဲပေါ့ ။ ဒီကောင်က ပြန်မေးတယ် .. ဘာကိုလဲတဲ့ ။ စောစောက ဟောသွားတဲ့ တရားကိုဆိုတော့ ဒီကောင်က ငါ မနာချင်လို့ အပြင်မှာ ထွက်ထိုင်နေတာတဲ့ ။ ဟ.. ဘာဖြစ်လို့လဲဆိုတော့ “ဘုန်းကြီးကကွာ မြန်မာပြည်က ဗေလုဝလိုလို ဘာလိုလို ကုတ်စိစိလေးနဲ့ ကြည်ညိုစရာ မကောင်းလို့” တဲ့။ အဲဒီမှာ ကျနော်နဲ့ ကျော်ကျော်တင့်နဲ့ စငြိကြတော့တာပဲ ။ “ဟကောင်ရ .. မင်းကွန်းဆရာတော် ဘုရားကြီးတို့ သာမညတောင် ဆရာတော်ဘုရားကြီးတို့လဲ ကိုယ်လုံး သေးသေးလေးတွေပဲ ဘာလို့ လူတွေ ကြည်ညိုနေကြသလဲ” ဆိုတော့ ဒီကောင်က “ ဟို ဆရာတော်ကြီးတွေက သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတယ် ” တဲ့။ ကျနော်က “မင်းက ဒီဆရာတော်ရဲ့ အကြောင်းကို ဂဃနဏ မသိသေးပဲနဲ့ သီလ၊ သမာဓိ၊ ပညာ မရှိဘူးလို့ ဘယ်လို ပြောနိုင်မှာလဲ” ဆိုတော့ ကျော်ကျော်တင့်က “ ဖြူဖြူစင်စင် သန့်သန့်ပြန့်ပြန့်နဲ့ မြင်မြင်ချင်း လူကြည်ညိုလောက်တဲ့ ဥပဓိတော့ ရှိသင့်တာပေါ့ကွာ” တဲ့ ။ အဲဒီမှာ ကျနော်လဲ စိတ်မထိန်းနိုင်တော့ပဲ ဒီကောင့်ကို တစ်ခွန်းပဲ မေးလိုက်တော့ တယ် ။ “မင်း တရားနာမှာလား ၊ ဘုန်းကြီးနဲ့ ရည်းစားလုပ်မှာလား” လို့။ ဒီကောင် ရှူးရှူးရှဲရှဲ ဖြစ်ပြီး “ဟေ့ကောင် နေသူတိုး .. မင်း ပေါက်ကရ မပြောနဲ့ မိုးကြိုးပြစ်ခံရမယ်နော်” တဲ့ ။ အဲဒီ တစ်ခဏ ကျနော် ဒီကောင်နဲ့ လယ်ဗယ် ယှဉ်ထိုင်လို့ကို မရတော့ဘူး။ ယှဉ်လဲ မထိုင်ချင်တော့ဘူးဗျာ ။ ဒါနဲ့ ကျနော် မတ်တပ် ထရပ်လိုက်ပြီး ဒီကောင့်ကို အပေါ်စီးကနေ မိုးကြည့်ရင်း “ဟေ့ကောင် ကျော်ကျော်တင့် .. မင်းဟာ အမြင်အာရုံတွေနောက်ကို လိုက်ပြီး တပ်မက် ခံစားနေတဲ့ တဏှာရဲ့ ကျွန်ပဲ .. မင်းဟာ မျက်စိမှိတ်ပြီး မြင်အောင်ကြည့်တဲ့နည်းကို မသိသေးဘူး .. အေး .. ဘုန်းကြီး တစ်ပါးရဲ့ သိလ၊ သမာဓိ၊ ပညာကို ဥပေက္ခာ ပြုပြီး ဗေလုဝနဲ့တူလို့ ဦးမချချင်ဘူးဆိုတဲ့ မင်းသာ အဝီဇိကို သွားရမှာကွ ” ဆိုပြီး ဒီကောင် နောက်ထပ်တစ်ခွန်း ပါးစပ်က ဟလာရင် နရင်းကို ရိုက်ဖို့ဆိုပြီး ကျနော်ရဲ့ ညာဖက် လက်ဖဝါးကြီးကို ကြီးနိုင်သမျှ ကြီးအောင် အားထည့်ပြီး မြှောက်ကိုင်ဖြန့်ကား ထားလိုက်ပါတော့တယ် ။ အပေါ်စီးက ဆိုတော့ ပိုပြီး ရိုက်လို့လဲ ကောင်းတယ်လေ။ ဒီကောင် နေရာမှာ တွေပြီး စဉ်းစားနေတယ်။ ပြီးတော့မှ သရဲပူးနေတာ ကနေ လွတ်လာတဲ့ အထာမျိုးနဲ့ “ငါ မှားသွားတယ်ကွာ .. ငါ ဘုန်းဘုန်းကို သွားကန်တော့ချင်တယ်ကွာ” တဲ့။

ဘုန်းဘုန်းက ကျနော်တို့ နှစ်ယောက်ကို တရင်းတနှီးပဲ မိန့်ဆို ဆက်ဆံပါတယ်။ မြန်မာပြည်ကို ကြွထားဖူးတော့ မြန်မာပြည်ရဲ့ အကြောင်းတွေကိုလဲ အများကြီး မိန့်တယ်။ ကျော်ကျော်တင့် ဆိုတဲ့ကောင်က အင်္ဂလိပ်စာကို ဆယ်တန်းသာသာလောက်သာ တတ်တဲ့ကောင်ဆိုတော့ ဘုန်းဘုန်းရဲ့ အင်္ဂလန်လေသံကို လိုက်လို့ မမှီနိုင်ဘူး ဖြစ်နေတယ် ။ အံမယ် ဒါပေမယ့် ဒီကောင်က ဖောရှောတော့ တတ်တယ်။ ပါးစပ်က ရက်စ် ရက်စ် နဲ့ ခေါင်းကလဲ ငြိမ့်လို့။ ဘုန်းဘုန်းက အံ့သြစရာ တစ်ခု မိန့်တယ်ဗျာ ။ တစ်ကယ်ဆို မျက်လုံးလောက်တော့ ပြူးရမှာပေါ့ ။ ကျနော်ဆို မျက်လုံးလဲ ပြူးလိုက်တယ်ဗျာ ပါးစပ်ကိုလဲ ဟလိုက်တယ်ဗျာ။ အံ့သြသွားတယ်ပေါ့။ ဒါမှ မိန့်တဲ့ ဘုန်းဘုန်းလဲ မိန့်ပြောရတာ အားရှိတာပေါ့။ သို့သော်လည်း ဒီကောင့်ကို လှည့်ကြည့်လိုက်ပါတယ် မျက်လုံးကြီးက အသေကြီး။ ကျနော်က သူလဲ ပြူးလို့ရအောင်ဆိုပြီး မြန်မာလို ရှင်းပြတယ်။ အောင်မယ် ကိုယ်ရှင်းပြတာ မခံ ကိုယ့်တောင် ပြန်ရှင်းပြနေသေးတယ်။ ထားလိုက်ပါတယ် ပြောနေလည်း သူငယ်ချင်း အချင်းချင်း ရှက်ပြီး စိတ်ဝမ်းက ကွဲရအုံးမယ် ။ ဒီလိုနဲ့ တပည့်တော်တို့ ပြန်တော့မယ်ဘုရားဆို ဝတ်ပြူကြတော့ ဘုန်းဘုန်းက ကျနော်တို့ကို နာမည်တွေ မေးတယ်။ ကျနော်က ဂျိမ်းစ်ဘွန်းကားထဲက ရှောင်ကွန်နရီရဲ့ အင်္ဂလန်လေသံကိုယူပြီး.. “ တိုးးးး .. နေသူတိုးးး ” လို့ ဖြေလိုက် တယ်။ ဒီကောင့် အလှည့်ကျတော့ “ ကျော်ကျော်တင့် ” တဲ့ ။ တံတောင်နဲ့ အသာတွတ်ပြီး “ဟေ့ကောင် မင်းကို အင်္ဂလိပ်လို မေးနေတာ အင်္ဂလိပ်လို ဖြေမှပေါ့ကွ” လို့ဆိုတော့ ဒီကောင်က ပြာပြာသလဲနဲ့ ပြန်ဖြေတယ် “ကျော်ကျော်တင့်စ့်” တဲ့ ။ အနောက်ကနေ အက်စ်သံ ထည့်လိုက်တယ် ။ ပြီးတော့ သူဖြေတာ အဆင်ပြေရဲ့လားဆိုတဲ့ သဘောနဲ့ ကျနော့်ဖက်လှည့်ပြီး မျက်စပြစ်ပြနေသေးတယ်။ ကျနော်က ဒီလောက်ဆိုရပြီဆိုပြီး ခေါင်းတစ်ချက် ပြန်ငြိမ့်ပြလိုက်ရတယ် ။ စိတ်ထဲတော့ ရီလည်းရီချင် .. ပျော်လည်းပျော်ပါတယ် ။ သူငယ်ချင်းတစ်ယောက်ကို လမ်းမှန်ပေါ် အရောက် တင်ခဲ့နိုင်လို့လေ .. ။

No comments: