Sunday, July 20, 2014

ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်အစစ် ဘူချွန်းမြို့တွင် တည်ထားကိုးကွယ်

ရေးသားသူ — ကျော်စွာလင်း


ယခုနှစ်ဆန်းပိုင်း နေပြည်တော်တွင် ဆရာတော်ကြီးကို ဒေါ်အောင်ဆန်းစုကြည် အိမ်၌ အတူတွေ့ရစဉ်

တောင်ကိုရီးယားနိုင်ငံ ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဓာတ်တော်အစစ် နှစ်ဆူကို တည်ထားကိုးကွယ်မည် ဖြစ်သည်။

ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်မှ ဆရာတော် လင်မ်ယောင်ဒမ်သည် ဇူလိုင်လ ၂၃ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံသို့ ကြွရောက်ကာ ဗုဒ္ဓဓာတ်တော်အစစ် နှစ်ဆူကို ပင့်ဆောင်လာမည်ဖြစ်ပြီး၊ သြဂုတ်လ ၁ ရက်နေ့ နံနက်တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိ၍ ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည် ဖြစ်ပါသည်။

ဆရာတော် လင်ယောင်ဒမ်သည် ၂၀၁၂ နှစ်တွင် ဆင်ဖြူတော်ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ဆင်းရဲနွမ်းပါးသော နိုင်ငံများရှိ ကလေးငယ်များ မိဘမဲ့ကလေးများအတွက် ပညာရေး ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီပေးခြင်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိပါသည်။ ထိုအထဲတွင် သီရိလင်္ကာနိုင်ငံလည်း အပါအဝင် ဖြစ်ပါသည်။ ဆရာတော်ကြီး၏ စေတနာနှင့် အကူညီပေးမှုများကို သီရိလင်္ကာနိုင်ငံ သမ္မတကြီးက အသိမှတ်ပြုသောအားဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်တစ်ဆူ၊ သီရိလင်္ကာ ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များတည်ရှိရာ ကျောင်းတော်မှ ဆရာတော်ကြီးက ဓာတ်တော်တစ်ဆူ စုစုပေါင်း နှစ်ဆူကို ပေးအပ်လှူဒါန်းခြင်း ဖြစ်ပါသည်။

လင်ယောင်ဒမ်ဆရာတော်သည် မြန်မာလူမျိုးများ အပေါ်တွင်လည်း ကျေးဇူးကြီးမားသော ဆရာတော်ဖြစ်ပါသည်။ ဘူးချွန်းမြို့ နိုင်ငံခြားသား အလုပ်သမားရိပ်သာကို စတင်တည်ထောင်ပေးခဲ့ကာ ဆော့ဂွမ်ဆာကျောင်းဝန်းအတွင်း၌ ရုံးခန်းနေရာပေး၍ ကူညီပံ့ပိုးပေးခဲ့ပါသည်။ မြန်မာ့ဒီမိုကရေစီအရေးကိုလည်း နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးပေးနေသူ ဖြစ်ပြီး၊ မြန်မာဒုက္ခသည်များကိုလည်း ကူညီပေးနေပါသည်။ မြန်မာပြည်တွင်း၌ ယခုလက်ရှိ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းဆောက်လှူခြင်း၊ ငွေကြေးဖြင့် ထောက်ပံ့ပေးခြင်းတို့ဖြင့် ပညာရေး ကျန်းမာရေး အတွက် ကူညီပေးနေပါသည်။

ထို့ပြင် ဆရာတော်သည် ကိုရီးယား နိုင်ငံရေးအသိုင်းအဝန်း ခေါင်းဆောင်ပိုင်း၏ လေးစားရိုသေမှုကိုခံရသူလည်း ဖြစ်ပါသည်။

ယခုအခါ ဆရာတော်၏ အစီအစဉ်ဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များ မကြာမီ ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ပြီး၊ အမြဲ ဖူးမျှော်နိုင်တော့မည် ဖြစ်ကြောင်း ၀မ်းသာစရာ သတင်းကောင်းကို သဒ္ဓါပီတိများစွာဖြင့် အသိပေးအပ်ပါသည်။

အသေးစိတ် အချက်လက်များကို ဆက်လက် ဖော်ပြပေးပါမည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များနှင့် ပတ်သတ်သော အကြောင်းရာများကို အောက်ပါလင့်များတွင် ကြည့်နိုင်ပါသည်။

http://piprahwajewels.co.uk/index.html
http://sharira.org/h_e.html
http://www.youtube.com/watch?v=CidvwfIorPE

ကျော်စွာလင်း
(ဆင်ဖြူတော်ဖောင်ဒေးရှင်း အကျိုးတော်ဆောင်)

No comments: