Saturday, July 5, 2014

ကဲ..ဘယ်လိုလဲ..မောင်တို့





မြတ်ဗုဒ္ဓဖြစ်စဉ်အကျဉ်း

အမည်ရင်း။ ။ သိဒ္ဓတ္ထ

ဖွားမြင်တော်မူသည့်နေရာ။ ။ အိန္ဒိယနိုင်ငံ၊ ကပိလဝတ်ပြည်၊ မဟာသက္ကရာဇ် ၆၈-ခုကဆုန်လပြည့်သောင်္ကြာနေ့တွင်လုမ္ဗနီမည်သော အင်ကြင်းတော ၌ ဖွားမြင်တော်မူသည်။

တောထွက်တော်မူသည့်အချိန်။ ။၂၉ - နှစ် အရွယ်တွင် နမိတ်ကြီးလေးပါး ကိုမြင်တော်မူ၍ သံဝေဂရတော်မူသဖြင့် တောဝနာသို့ ထွက်ကာ တရားဓမ္မကျင့်ကြံခဲ့၏။

ဘုရားအဖြစ်ကို ရောက်တော်မူသည့်နေ့။ ။ မဟာသက္ကရာဇ် ၁၀၃- ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။

ပရိနိဗ္ဗာန်ပြုတော်မူတော်နေ့။ ။ သက်တော် (၈၀) ပြည့်သောအခါ မဟာသက္ကရာဇ် ၁၄၈- ခု ကဆုန်လပြည့် အင်္ဂါနေ့ ၌ အိန္ဒိယနိုင်ငံ ကုသိနာရုံပြည် အင်ကြင်းဟေမာ ဥယျာဉ်သာဝယ် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။

မြန်မာတို့၏ ထေရဝါဒဗုဒ္ဓဘာသာသမိုင်းကိုလေ့လာကြည့်လျှင် သထုံမြို့မှ အရှင်အရဟံမထေရ် ၏ကျေးဇူးတော်ကြောင့် ပုဂံမင်း အနော်ရထာ လက်ထက်မှသည် ယခုလက်ရှိ သမ္မတကြီး ဦးသိန်းစိန်လက်ထက်အထိအိန္ဒိယနိုင်ငံမှာပွင့်တော်မူခဲ့သည့်ဗုဒ္ဓမြတ်စွာဘုရားကို မြန်မာအများစုက ကိုးကွယ်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ဤကားပထမပိုင်းပြီး၏။  





Facebook လူမှုစာမျက်နှာကွန်ယက် မှာ တချို့သောသူများက ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးကိုမစောင့်သလို၊ မြန်မာနိုင်ငံ၏ သမ္မတလည်းမဖြစ်ထိုက်သူဟု ယိုးမယ်ဖွဲ့ဝါဒမှိုင်း တိုက်နေသံကို ကြားရပါသဖြင့် ကျနော် ဒီစာစုလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ဟုတ်ပြီ..ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်လူမျိုး ဒေါက်တာမိုက်ကယ်အဲရစ် ကိုယူခဲ့တာအမှန်ပဲ။ သားနှစ်ယောက်လည်း ထွန်းကားခဲ့တာ အမှန်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးခြားကို ယူခဲ့တာမှန်ပေမဲ့လို့ ဒေါက်တာမိုက်ကယ်အဲရစ်ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူပါ။ ဗုဒ္ဓရဲ့ တရားတော်တွေကို ပါဠိလို နှစ်နှစ်ကာကာ လေ့လာလိုက်စား အားထုတ်ခဲ့သူပါ။ တခါ မိုက်ကယ်အဲရစ် မြန်မာပြည်ကို လာတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လှမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ် လို့ မှတ်သားဘူးပါတယ်။ ဒီလောက်ဆိုရင် သဘောပေါက်သင့်ပြီလို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားကို ယူခဲ့တာဟာ အမှား တစ်စုံတစ်ရာမရှိပါဘူး။ လူသားတိုင်းမှာရှိတဲ့ လွတ်လပ်စွာ ထိမ်းမြားလက်ထပ်ပိုင်ခွင့် နဲ့ လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ပိုင်ခွင့်တွေကို လုပ်ဆောင်ခဲ့တာပါ။ သမ္မတဖြစ်ရေးနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့ပြီးသားပါ။ “ ကျမ သမ္မတ မဖြစ်ရလို့ ဘာမှမဖြစ်ပါဘူး…သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးဟာ မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေနဲ့ပဲ သက်ဆိုင်ပါတယ်။”
ဤကားဒုတိယပိုင်းပြီး၏။

နောက်တစ်ယောက် ကတော့ ရှေ့နေကြီး ဦးကိုနီ အကြောင်းပါ။ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးကိုနီ ကို ပွဲထုတ်လို့ အပြစ်ပြောကြပြန်တယ်။ ရှေ့နေကြီးဦးကိုနီ က ခိုင်းလို့ဒေါ်အောင်ဆန်းစုကြည်ကပဲ လုပ်နေရသလိုလို၊ ဘာလိုလို၊ ညာလိုလိုတွေပေါ့ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီိမိုကရေစီပန်းတိုင်ကို ရောက်အောင် ချီတက်နေတဲ့ပါတီပါ။ မြန်မာနိုင်ငံသား မည်သူ့ကိုမဆို အဖွဲ့ဝင်ချင်လျှင် လက်ခံပါတယ်။ ဒီိမိုကရေစီရဲ့ အခြေခံသဘောအရ မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်ကိုမဆို ထိုက်သင့်တဲ့ တာဝန်များကို ပေးပြီး ထမ်းဆောင်စေပါတယ်။ စစ်အစိုးရခေတ်အဆက်ဆက်ရဲ့ နိုင်ငံသားဖြစ်မှုဥပဒေအရ မြန်မာနိုင်ငံသား ဖြစ်နေတဲ့ ဦးကိုနီ ကိုပါတီဝင်အဖြစ် လက်ခံသလို ထိုက်သင့်တဲ့တာဝန်များကိုလည်း ထမ်းဆောင်စေပါတယ်။ ဦးကိုနီ လိုပဲ မြန်မာနိုင်ငံသားဖြစ်နေတဲ့ ဦးကြင်ဟုတ်ပဲဖြစ်ဖြစ်၊ ချင်းလူမျိုး ကိုဆလိုင်းပဲဖြစ်ဖြစ်၊ ကချင်လူမျိုး ကိုနော်မိုင်ပဲဖြစ်ဖြစ်၊ ကရင်လူမျိုး ကိုစောလှိုင်ကိုပဲ ဖြစ်ဖြစ် ပါတီကိုဝင်ရောက်ချင်လျှင် ပါတီစည်းမျဉ်း၊စည်းကမ်းအတိုင်းဝင်ရောက်နိုင်ပြီး အားလုံးကိုလည်း ထိုက်သင့်တဲ့ တာဝန်များကိုပေးပြီး ထမ်းဆောင်စေပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီကို ချီတက်နေပြီဆိုရင် အသားအရောင်ခွဲခြားတာတို့၊ လူမျိုးရေး၊ ဘာသာရေးခွဲခြားတာတွေဟာ မရှိသင့် ၊မရှိထိုက်တဲ့အရာတွေပါ။ ကိုရီးယားမှာ လာပြီးအလုပ်လုပ်နေတဲ့ ကျနော်တို့တောင်မှ အလုပ်အတူတူလုပ်တဲ့ ကိုရီးယားနိုင်ငံသားကပဲဖြစ်ဖြစ်၊ ကိုရီးယားသူဌေးကပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံတာကို ခံရရင် နိုဒုံဘူကို တိုင်လို့ရပါတယ်။ EPS စံနစ်ရဲ့ အလုပ်သမားဥပဒေထဲမှာပါ..ပါတယ်။ နောက်ဆုံး အမေရိကန်နိုင်ငံက လူမဲ သမ္မတကြီး အိုဘားမားကိုပဲကြည့် ..အဖေက ကင်ညာနိုင်င်ငံသားဖြစ်ပေမယ့်လည်း အရည်အချင်းရှိတော့ အမေရိကန်နိုင်ငံမှာ သမ္မတဖြစ်ပြီး၊ ပထမသက်တမ်း (၄) နှစ်ပြည့်ပြီးတာတောင် အမေရိကန်နိုင်ငံသားတွေက ကြိုက်လို့ နောက်(၄)နှစ်သက်တမ်း ထပ်ပြီးထမ်းဆောင်နေပါတယ်။ မကြာမီ မှာပဲ..ဇူလိုင်လ(၁၉) ရက်နေ့ဆိုရင် အာဇာနည်နေ့ ရောက်ပြန်ပါပြီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အသက်ပေးကျဆုံးသွားကြတဲ့ အာဇာနည်ကြီး (၉) ဦးထဲမှာ ဆရာကြီးဦးရာဇတ် နဲ့ သက်တော်စောင့် ရဲဘော်မောင်ထွေးတို့ဟာ မွတ်စလင်များဖြစ်ကြပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာမဆို လူဆိုးနဲ့လူကောင်းရှိတတ်တာကြီးပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်ချင်တယ်ဆိုရင်တော့ အရာရာကို ချင့်ချိန်စဉ်းစားနိုင်ဖို့ လိုသလို၊ ဘယ်ဟာအမှား၊ ဘယ်ဟာအမှန်လဲဆိုတာကို ဝေဖန်ပိုင်းခြားနိုင်တဲ့ သူတွေဖြစ်ကြဖို့ အရေးကြီးပါတယ်။ စစ်အာဏာရှင်စံနစ်ကို လက်ယက်ခေါ်တဲ့ အပြုအမှုတွေကိုတော့ ရှောင်ရှားကြရမှာဖြစ်ပါတယ်။
ဤကားတတိယပိုင်းပြီး၏။

ဒီရက်ပိုင်းအတွင်းက မန္တလေးမြို့မှာ ဖြစ်ပွားသွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှု အကြောင်းလေးပါ။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို ကျနော်မပြောနိုင်ပေမဲ့ အဓိကတာဝန်ရှိတာကတော့ ကျနော်တို့ အခွန်တွေကိုစားပြီး နိုင်ငံတာဝန်ကို ယူထားတဲ့ ဗိုလ်သိန်းစိန်အစိုးရ ဖြစ်ပါတယ်။ Face book လူမှုစာမျက်နှာကွန်ယက်မှာ ဒီသတင်းတွေ တက်လာတာကို သိနေတဲ့ ဦးသိန်းစိန်အစိုးရ လက်အောက်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ ကြိုတင် သတင်းရထားရက်နဲ့ ဒီလိုဖြစ်သွားတာကတော့ ယခင်ဖြစ်နေကြအတိုင်းပဲလို့ ပြောလို့ရမယ်ထင်ပါတယ်။ ပြစ်မှုကျုးလွန်တယ်ဆိုရင် ပြစ်မှုကျုးလွန်သူကို အမြန်ဆုံး အပြစ်ပေးအရေးယူဖို့လိုပါတယ်။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံး သတင်းထုတ်ပြန်ပေးဖို့လိုပါတယ်။ တိုင်းပြည်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး အမုန်းပွားနေကြတာကိုလည်း ဦးသိန်းစိန်အစိုးရ သိပြီးသားပါ။ သိသိကြီးနဲ့ ဖြစ်သွားတဲ့ အကြမ်းဖက်မှုပါ။ နောက်ဆုံးတော့ မြေဇာပင်ဖြစ်သွားရတာကတော့ အပြစ်မဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေပါပဲ။ အခုခေတ်ကြီးက သတင်းမီဒီယာ ခေတ်ကြီးပါ။ ပြည်တွင်းမှာ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပြီ ဆိုတာနဲ့ ပြည်ပမှာ ဒီသတင်းတွေက အကုန်ရိုက်ခတ်သွားပါတယ်။ ကျနော်တို့နေတဲ့ ဒီကိုရီးယားတိုင်းပြည်မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေ ရှိနေတဲ့အတွက်ကြောင့် စိုးရိမ် ကြောင့်ကြစရာမလိုပေမဲ့၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ မွတ်စလင်တိုင်းပြည်တွေမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေကတော့ နောက်ကျောမလုံသလို၊ စိုးရိမ်သောကများစွာနဲ့ သတိထားနေ နေရတဲ့ တိုင်းပြည်တွေရှိပါတယ်။ ဥပမာ မလေးရှားမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ရင်ဖွင့်သံကို သူရဲ့ Face book မှာ ဖတ်လိုက်ရတဲ့အချိန်မှာ တော်တော်လေးလည်းစိတ်မကောင်းဖြစ်သွားမိတယ်ဗျာ။ အခုခေတ်ကြီးက ငါမြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ငါ့လှေငါထိုး ပဲခူးရောက်ရောက် လုပ်လို့ မရတော့တဲ့ ခေတ်ကြီးပါ။ နောက်ဆုံးအနေနဲ့ မန္တလေးမြို့မှာ ပဋိပက္ခဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး ဂဠုန်နီဆရာတော် ဦးကာဝိယ ရဲ့ မိန့်ကြားချက်လေးနဲ့ နိဂုံးချုပ်ပါ့မယ်။

" အဲ့ဒီဘက်မှာ ဒီလိုမဖြစ်အောင်ဆိုရင် လမ်းမမှာ သွားနေတဲ့ တုတ်၊ ဓားလက်နက်ပါတဲ့သူမှန်သမျှ အကုန်ဖမ်းဆီးထိန်းသိမ်းလိုက် ပြီးပြီ။ အခုတော့ တဖက်နဲ့တဖက်၊ လူမျိုးတမျိုးနဲ့တမျိုး ဘာသာတခုနဲ့တခု ခိုက်ရန်ဖြစ်ပွားစေတဲ့ စကားတွေ ပြောဆိုဆဲဆို၊ ကြိမ်းမောင်း ဝါဒဖြန့်ဖြူးနေတဲ့ ပုဂ္ဂိုလ်တွေ သိနေတာပဲ အဲ့တာတွေ ချက်ခြင်းဖမ်းဆီး၊ ထိန်းသိမ်းလိုက်ရင် ဒါတွေက ချုပ်ငြိမ်းသွားမှာပဲ။ အခုကတော့ လမ်းမှာ လျှောက်ပြီးတော့ အော်ဟစ်နေတဲ့ကောင်တွေကို ဘယ်သူမှာမှ မဖမ်းပဲကိုး။ ဆဲဆို သွားတဲ့ကောင်တွေရော ၊ အော်ဟစ် သွားတဲ့ကောင်တွေ၊ ခဲနဲ့ပေါက်သွားတဲ့ကောင်တွေ အဲ့အကောင်တွေကို မြင်နေရက်သားနဲ့ မဖမ်းတဲ့အခါကျတော့ ပိုကျယ်ပြန့်လာတာပေါ့။" (ဗွီအိုအေ)

အပ္ပမာဒေန သမ္ပာဒေထ

လေးစားစွာဖြင့်
ဝင်းလှိုင်

1 comment:

ဒေါ်စိုး said...

အလွန်ကောင်းပါသည်။ Share
၇န်ကူးယူသွားပါသည်။