ရေးသားသူ — အရှင်စန္ဒိမာ (မွန်စိန်တောရ)
ကျောင်းသားဘဝက စိုင်းထီးဆိုင်ရဲ့ သီချင်းတွေကို စွဲမက်ခဲ့ဖူးတယ်။ အဲဒီအထဲမှာ “အပူအပင်ကင်းတဲ့ ကလေးရဲ့ဘဝကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်” စာသားပါတဲ့ သီးချင်းလည်း ပါဝင်တယ်။ ကလေးဘဝ အပူအပင်ကင်းသလား မကင်းသလားဆိုတာ စစ်ပြေးဒုက္ခသည်ရုပ်သံသတင်းတွေကို ကြည့်လိုက်ရင် ပေါ်လွင်ပါတယ်။ အသက်လုထွက်ပြေးနေကြရတဲ့ အချိန်မှာတောင် ကလေးတွေကတော့ ရောက်ရာအရပ်မှာ ပျော်နိုင်ကြသေးတာပါ။ ယခင်က ထိုသီချင်းစာသားကို နှစ်ခြိုက်ဖူးပေမယ့် အတော်အတန် စဉ်းစားတတ်တဲ့အရွယ် ရောက်လာတော့ ထိုစာသားကို အလေးအနက် ပြန်တွေးကြည့်ဖြစ်တဲ့အခါ ကလေးဘဝကို ပြန်ရောက်ရမှာ မဝံ့မရဲဖြစ်လာတယ်။ အပူအပင်ကင်းတဲ့ ကလေးဘဝအဖြစ် မမြင်မိတော့ဘဲ အသိဉာဏ်နည်းတဲ့ ကလေးရဲ့ဘဝကိုပဲ ပြန်လည်မြင်ယောင်လာတယ်။ အသိဉာဏ်နုနယ် အပြစ်ကင်းစင်တဲ့ ကလေးဘဝကို နောက်ထပ်အကြိမ်ကြိမ် ပြန်လည်ကာ ဖြတ်ကျော်ရမှာကို ကြောက်လာသလို အသက်အရွယ်ကြီးရင့်လျှက် အသိဉာဏ်မမြင့် သံဝေဂဉာဏ်မဖြစ် ကလိမ်ဉာဏ်သာမြင့်တဲ့ ကြီးမိုက်ဘဝနဲ့ ဘဝနိဂုံးချုပ်ရမှာကိုလည်း ကြောက်လာပါတယ်။
လူဆိုတာလည်း မှတ်ဉာဏ်ခေါင်းပါးတဲ့ သတ္တဝါတစ်မျိုးပါပဲ။ သေချာတာက အမိဝမ်းမှ ကျွတ်လွတ်ချိန်ကို ဘယ်သူမှ မမှတ်မိပါဘူး။ အမိဝမ်းမှာ ၉ လတာ ကိန်းအောင်းခဲ့ရတဲ့ အချိန်ဆိုရင်တော့ မှတ်မိဖို့ ပိုတောင် အလှမ်းဝေးသွားပါပြီ။ ထိုအချိန်မှာ မိခင်က အသွားအလာ အနေအထိုင် ဆင်ခြင်ရပါတယ်။ မတော်တဆ မိခင်ရဲ့ အထိုင်အထ ချွတ်ချော်တိမ်းပါးမှုတစ်ခုခုကြောင့် ဝမ်းတွင်းမှ သန္ဓေသားကို နာကျင်ခံခက် ဆင်းရဲဝေဒနာခံစားမှု ဖြစ်စေနိုင်သလို မိခင်က အစားအသောက် မဆင်ခြင်ရင်လည်း သန္ဓေသားကို ထိခိုက်မှု ဖြစ်စေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခန့်မသင့်ရင် မိခင်ဝမ်းမှ သက်မပါဘဲ ထွက်လာနိုင်ပါသေးတယ်။ ဆေးပညာအရ ဆေးလိပ်သောက်တဲ့ မိခင်ကြောင့် သန္ဓေသားကို ထိခိုက်မှု ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ ခြုံလိုက်ရင် အမိဝမ်းတွင်း ၉ လတာမျှ ကိန်းအောင်းခဲ့စဉ် အချိန်ကာလကို မမှတ်မိနိုင်သော်လည်း သန္ဓေသားအနေနဲ့ အလွန်ပင် ဆင်းရဲဒုက္ခကြီးစွာ ခံစားခဲ့ရပါတယ်။
မိခင်ဝမ်းတွင်း သန္ဓေသားအဖြစ် ရောက်မလာသေးမှီ ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုလည်း မှတ်မိသူ မရှိသလောက်ပါ။ ခြင်းချက်အနေနဲ့ ဇာတိဿရဉာဏ်ရသူတချို့ အတိတ်ဘဝကို ပြန်လည်အမှတ်ရနိုင်ကြတာတော့ ရှိပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေအထဲမှာ အတိတ်ဘဝကို တိတိကျကျ ပြန်လည်ပြောပြနိုင်သူတချို့ ရှိပါတယ်။ မိတ်ဆွေတစ်ဦးဆိုရင် တောထဲမှာ သစ်တုံးကြီးပိလို့ အသတ်ဆုံးခဲ့ရတဲ့ အရင်ဘဝဒဏ်ရာရဲ့ အနာရွတ်ဟာ ယခုအချိန်အထိ မီးလောင်ဒဏ်ရာလို အနီပြင်ကြီးအဖြစ် ထင်ထင်ရှားရှား စွဲထင်နေပါတယ်။ သူဟာ လွန်ခဲ့တဲ့ အတိတ်ဘဝကို ကောင်းစွာ အမှတ်ရလျှက် ပြောပြနိုင်သူပါ။
အတိတ်ဘဝကို မှတ်မိနိုင်ကြသူတွေအကြောင်း ရေးသားထားကြတဲ့ ပြည်တွင်းမှ စာရေးဆရာများရဲ့ စာအုပ်များနဲ့ ဆောင်းပါးများကိုလည်း ဖတ်ခဲ့ဖူးပါတယ်။ ထိုအထဲမှာ ကျောင်းသားဘဝ ဆရာရင်းဖြစ်တဲ့ ဆရာ ဒေါက်တာမင်းတင်မွန် ရေးတဲ့ “ရှေ့ဘဝ နောက်ဘဝ” အမည်ရတဲ့ စာအုပ်လည်း အပါအဝင်ပါ။ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်အတော်များများ ရေးသားခဲ့သူ ကွယ်လွန်သူ အင်္ဂလိပ်လူမျိုး Fransic Story ရဲ့ စာအုပ်တွေနဲ့ ဆောင်းပါးတွေကိုလည်း ဖတ်ဖူးပါတယ်။ အဲဒီအထဲမှာ မြန်မာ ထိုင်း သီရိလင်္ကာ စတဲ့ အာရှနိုင်ငံတချို့မှာ အတိတ်ဘဝဆိုင်ရာ အကြောင်းအရာတွေကို ကွင်းဆင်းသုတေသနပြုလုပ်ပြီး ရေးသားထားတဲ့ Rebirth အမည်ရတဲ့ စာအုပ်ကတော့ အတိတ်ဘဝကို မှတ်မိသူတွေရဲ့ အတိတ်ဇာတ်ကြောင်းတွေကို အထောက်အထား ခိုင်လုံစွာ ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အတိတ်ဘဝရှိတယ်ဆိုတာကို သံသယရှိသူများ ဖတ်သင့်တဲ့ စာအုပ်ပါ။
အတိတ်ဘဝရှိတာကို လက်ခံနိုင်ခဲ့ရင် မရေမတွက်နိုင်တဲ့ အတိတ်ဘဝဇာတ်ခုံအမျိုးမျိုးမှာ သုခချမ်းသာအထွေထွေနဲ့ ဒုက္ခဆင်းရဲအဖုံဖုံကို စံစားခံစားကာ ဇာတ်ကောင်အမျိုးမျိုးအဖြစ် သရုပ်ဆောင်ခဲ့ရတာကို လက်ခံနိုင်မှာပါ။ ယခုမျက်မှောက်ဘဝမှာလည်း မိမိနဲ့ မတူကွဲပြားတဲ့ ဇာတ်ကောင်အမျိုးမျိုးတွေ ရှိနေကြတာလည်း မျက်မြင်ပါ။ ဒီလို မတူကွဲပြားကြတဲ့ ဇာတ်ကောင်တွေနဲ့ စံစားခံစားခဲ့ရ စံစားခံစားနေရဆဲ သုခဒုက္ခတွေရဲ့ ဇာတ်ဆရာက မိမိကိုယ်တိုင်သာ။
အတိတ်ဘဝကို မမှတ်မိတာ အကြောင်းမဟုတ်ပေမယ့် တရားဓမ္မကို ဘူးလုံးနားမထွင်း တစ်ဘဝစား တစ်နပ်စား မျက်ကန်းတစ္ဆေမကြောက် ကြီးမိုက်တွေက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လူထုအထက်မှ ဂုတ်ခွစီး တိုင်းပြည်ရဲ့ အဆီအနှစ်တွေကို သွေးစုပ်ချယ်လှယ်ခွင့် ရနေကြဆဲ နိုင်ငံရေးပေါ်လစီ လမ်းကြောင်းအမှားပေါ်မှ တရွေးသားမျှ မရွေ့သေးတာက ပြဿနာကြီးတစ်ခုပါ။ ခက်တာက ဒါကို ရှင်းရှင်းလင်းလင်း မြင်နေရပါလျှက် အမိုက်ဇာတ်ကို ဆွဲဆန့်နိုင်မယ့်အရေး မိစ္ဆာဝါယာမလုံ့လအားကြီးမားစွာ ကူညီအကျိုးဆောင်ပေးနေကြသူတွေအထဲမှာ ကျွမ်းကျင်သူ ဂုရုဆိုသူတချို့လည်း ပါဝင်နေပြန်တယ်။
မြန်မာနိုင်ငံမှာ သရဏံဂုံသုံးပါးကို ဘာသာခြားတွေတောင် နားယဉ်ကြပါတယ်။ သရဏံဂုံသုံးပါးဆိုတာက ဘုရားကို ယုံကြည်ဆည်းကပ်တယ်။ တရားကို ယုံကြည်ဆည်းကပ်တယ်။ သံဃာကို ယုံကြည်ဆည်းကပ်တယ်လို့ ဆိုလိုပါတယ်။ ဒါပေမယ့် အနှစ်သာရပိုင်းအရ ပြန်စစ်ထုတ်လိုက်ရင်တော့ လက်တွေ့မပါတဲ့ အရွတ်သရဏံဂုံသမားတွေက အရေအတွက် ပိုပြီး များနေမလားလို့ အတွေးဝင်မိပါတယ်။
ယခင်စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်တွေဟာ သံဃမထေရ်ကြီးများထံမှာ သရဏံဂုံဆောက်တည် ငါးပါးသီလခံယူနေကြတဲ့ ပုံတွေကို အစိုးရရုပ်သံနဲ့ သတင်းစာမျက်နှာဖုံးတွေမှာ မကြာခဏ မြင်တွေ့ခဲ့ရတယ်။ ထိုဗိုလ်ချုပ်တွေကပဲ တရားမျှတမှုကို ကိုယ်စားပြုနိုင်မယ့် ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး ကြိုးပမ်းကြသူတွေကို လုပ်ကြံဖန်တီး ကလိမ်ကကျင့်ပုဒ်မတွေတပ် ယုတ်မာပက်စက်စွာ ထောင်သွင်းအကျဉ်းချ နှိပ်ကွပ်ခဲ့တယ်။ ယခု ဘောင်းဘီချွတ် စစ်ဗိုလ်လူထွက်တွေနဲ့ ဘောင်းဘီဝတ်ဆဲ စစ်ဗိုလ်တွေကပဲ မိစ္ဆာလမ်းကြောင်း အမိုက်အမွေကို ဆက်ခံလျှက် ယခင်နှိပ်ကွပ်မှုပေါ်လစီကို ကျင့်သုံးဆဲ။
အရွတ်သရဏံဂုံသမား လူမိုက်ကြီးတွေ ရာဇပလ္လင်မှာ ဖင်မြဲနေသရွေ့ ဒီလိုအနိဌါရုံမြင်ကွင်းတွေကို တွေ့နေကြရပါအုံးမယ်။ အသားမပါ အရွတ်များတဲ့ သရဏံဂုံနဲ့ အာဏာတို့ မကွာရှင်းဘဲ ပေါင်းဖက်တွေ့နေသရွေ့၊ အမိုက်ဇာတ်သက်ဆိုးရှည်ရေး ဝိုင်းဝန်းလှော်ခတ်ပေးကြသူ ရှိနေသရွေ့၊ တိုင်းရင်းသားများနဲ့ ဒီမိုကရေစီအင်အားစုများ ခိုင်မာအားကောင်းတဲ့ ဘုံရပ်တည်ချက် မတည်ဆောက်နိုင်သရွေ့ မြန်မာနိုင်ငံမှာ လူမိုက်တွေ ကြီးစိုးခွင့် ရနေအုံးမယ်။ မြန်မာ့နိုင်ငံရေး အနာဂတ် ဝေဝါးနေအုံးမယ်။
(မိုးမခမှကူးယူဖော်ပြသည်)
No comments:
Post a Comment