ရေးသားသူ — အရှင်စန္ဒိမာ (မွန်စိန်တောရ)
ဗွီအိုအေ ဦးသန်းလွင်ထွန်းနဲ့ အင်တာဗျူးမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြေသွားတဲ့စကားတွေထဲမှ တခုက ၂၀၀၈ အခြေခံဥပဒေကို ၉၂.၄၈ ရာခိုင်နှုန်း ထောက်ခံခဲ့တယ်လို့ ပြောသွားတယ်။ သူ့စကား မှန် မမှန်ဆိုတာကို နာဂစ်ကိုသာ မေးကြည့်ပါလို့ ပြောရတော့မလိုပါ။ ဗိုလ်ချုပ်မှူးကြီးက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ် ၅ သန်းကိုကျတော့ ”ဘယ်လောက်ထိ ခိုင်မာမှုရှိမယ်၊ မရှိမယ်ဆိုတာလည်း ကျနော် မပြောနိုင်ပါဘူး”လို့ ဆိုတယ်။ လက်မှတ် ၅ သန်းဆိုတာ အတိုက်အခံအင်အားစုတွေက အနှောင့်အယှက် အဟန့်အတား ခြိမ်းခြောက်မှုတွေကြားမှ ခက်ခက်ခဲခဲ ကောက်ခံခဲ့ကြရတာပါ။ လက်မှတ်ထိုးတဲ့ တပ်မတော်သားတချို့တောင် ထုံးစံအတိုင်း မဆိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူခံရတယ်လို့ ကြားတယ်။ ကြောက်လို့ ကိုယ့်ဆန္ဒအမှန်ကို မထုတ်ဖေါ်ရဲတဲ့ ပြည်သူတွေ၊ လက်မှတ်ထိုးချင်ပေမယ့် အကြောင်းကြောင်းကြောင့် မထိုးဖြစ်ခဲ့တဲ့ ပြည်သူတွေ နည်းမှာမဟုတ်ပါ။ အချိန်အကန့်အသက် သွားလာရေး အခက်အခဲ စတဲ့ အဆီးအတားတွေကြားမှာ ကောက်ခံခဲ့တာတောင် လက်မှတ် ၅ သန်း ရခဲ့တာကို ကြည့်ရင် ပြည်သူ့ဆန္ဒကို ခန့်မှန်းဖို့ မခက်တော့ပါဘူး။ လက်မှတ်ထိုးခွင့်ရှိတဲ့ ၁၈ နှစ်အထက်ပြည်သူတွေအားလုံး ဆိုခဲ့ပါ အကြောင်းတွေကြောင့် လက်မှတ်မထိုးနိုင်ခဲ့ကြပေမယ့် ရခဲ့သလောက် ပြည်သူ့လက်မှတ် ၅ သန်းကို ကြည့်ရင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ချင်သူလူထုဆန္ဒဟာ ၉၀ ရာခိုင်နှုန်းအထက်မှာ ရှိလိမ့်မယ် ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ပြည်သူ့ဆန္ဒကို ယုံကြည်တာကြောင့် ဗွီအိုအေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူဖို့ အဆင်သင့်ပါလို့ ပြောခဲ့တယ်။
၉၀ ရွေးကောက်ပွဲက ပြသခဲ့တဲ့ လူထုဆန္ဒဟာ မပြောင်းလဲသေးပါဘူး။ မပြောင်းလဲကြောင်းကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပြသခဲ့ပြီး ဖြစ်ပါတယ်။ အာဏာကို ချုပ်ကိုင်ထားသူတွေလည်း ပြည်သူ့ဆန္ဒကို မသိဘဲ မနေပါဘူး။ သိလို့လည်း ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး သူတို့ဖြစ်ချင်တာဖြစ်အောင် လုပ်တဲ့အခါမှာ မရိုးသားတဲ့ နည်းလမ်းတွေကို ကျင့်သုံးခဲ့တာပါ။ ညောင်နှစ်ပင်ညီလာခံကို ကျင်းပခဲ့ပုံ၊ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခဲ့ပုံ၊ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ပုံတွေဟာ သာဓကတွေပါ။
အာဏာမြဲရေးအတွက် လိမ်နည်းပေါင်းစုံ ညစ်နည်းပေါင်းစုံ ဖိနှိပ်ရက်စက်နည်းပေါင်းစုံ အသုံးပြုတာက အာဏာရှင်တွေရဲ့ အစဉ်အလာပါ။ သို့သော် ထိုအစဉ်အလာလုပ်ရိုးလုပ်စဉ်တွေကို ယနေ့အချိန်အထိ တွေ့မြင်နေရသေးတာကတော့ အဆီအငေါ်မတည့်လှပါ။
တကယ်တော့ ပြည်သူ့ဆန္ဒက ပေါ်လွင်ထင်ရှားပြီးသားမို့ ပြည်သူ့ဘဏ္ဍာငွေအကုန်ခံပြီး ပြည်သူ့ဆန္ဒခံယူပွဲတောင် လုပ်နေစရာမလို တော့ပါဘူး။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေကိုယ်၌က တဖက်စောင်းနင်း မမျှမတဆိုတော့ တည်ဆဲဥပဒေကိုပဲ ကိုင်ပြီး ပြောနေရင်တော့ မြန်မာ့နိုင်ငံရေးလမ်းကြောင်းမှာ နှောင့်နှေးကြန့်ကြာမှုပေါင်းစုံနဲ့ ရန်ကုန်မြို့လမ်းမတွေပေါ်က ကားတွေလို ပြည်သူတွေ ပင်ပန်းနွမ်းနယ် အချိန်တွေအလဟဿဖြစ် လိုရာခရီးရောက်ဖို့ ဖင့်နှေးတစ်ဆို့မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရအုံးမှာပါ။ ဒါကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုတဲ့ လေးပွင့်ဆိုင်ဆွေးနွေးညှိနှိုင်းအဖြေရှာရေးဟာ လျှော်ကန်သင့်မြတ်မှု အရှိဆုံးလို့ ယူဆပါတယ်။ ဧရာဝတီ သတင်းဌာနရဲ့ ယခုနောက်ဆုံးသတင်းတပုဒ်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတဦး သိန်းစိန်၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားပြု ခေါင်းဆောင် ၁ ဦးပါဝင်သော ၆ ပွင့် ဆိုင် တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တောင်းဆိုလိုက်သည်လို့ ဆိုတယ်။ ကြိုဆိုသင့်တဲ့ ခြေလှမ်းလို့ မြင်တယ်။
အလုပ်မဖြစ်တဲ့ ၂၀၀၈ ဥပဒေကိုပဲ ကိုင်ပြီး ပြောနေရင်တော့ ဘယ်တော့မှ ”ဒီမိုကရေစီ” အလုပ်ဖြစ်မှာ မဟုတ်ဘဲ ”အာဏာရှင်” အလုပ်ပဲ ဖြစ်မှာပါ။ အာဏာရှိသူတွေ ပြည်သူ့ဆန္ဒကို ဦးစားပေးစဉ်းစားခဲ့မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒီအခြေအနေအထိ ဆိုးရွားခဲ့မှာ မဟုတ်ပါဘူး။ အချိန်တွေ ပြည်သူ့ဘဏ္ဍာငွေတွေကို ဖြုန်းတီးပစ်ခဲ့ကြတယ်။
ဦးသိန်းစိန် သမ္မတဖြစ်စက ဖေါ်ဆောင်မယ်ဆိုတဲ့ ဒီမိုကရေစီကို ပြည်သူတွေ မယုံတဝက် ယုံတဝက်နဲ့ အကောင်းမြင်ခဲ့တာတွေဟာ ယခုတော့ ဒီမိုကရေစီမဟုတ် ယခင်စစ်အာဏာရှင်စနစ်အတိုင်းပါပဲလားဆိုတာ လက်တွေ့ဖြစ်ရပ်တွေက ငြင်းမရအောင် သိသာလာစေ ခဲ့တယ်။ စစ်ဗိုလ်တွေရဲ့ တင်းမာတဲ့ သဘောထားတွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာရော လွှတ်တော်မှာပါ တွေ့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ပြည်ပဖိအားတွေ ပြည်တွင်းရေးစွက်ဖက်မှုတွေ ပြည်ပသြဇာခံတွေကို လက်မခံ စတဲ့ ပုံစံခွက်ထဲက ထွက်လာတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ယုတ္တိကင်းမဲ့တဲ့ ဆင်ခြေပေးစကားလုံးတွေကို ပြည်သူတွေ စိတ်ပျက်ငြီးငွေ့နေကြပါပြီ။
ပြည်သူ့ဆန္ဒကို ဆန့်ကျင် ပြည်သူကို အလေးမထား ကိုယ့်ဖို့တဖို့တည်းသိတဲ့ ကလေးဆိုးလို (childish) အယူအစွဲနဲ့ အုပ်ချုပ်ခဲ့တာကြောင့် ယနေ့ မြန်မာနိုင်ငံ ဘယ်အဆင့်ရောက်ခဲ့ပြီလဲဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။
တရားနဲ့ယှဉ်တဲ့ သတိသံဝေဂဉာဏ်လေး နဲနဲပါးပါးလောက်တော့ ဖြစ်သင့်တာ ကြာလှပါပြီ။ ဝမ်းတထွာ ကျောတခင်းအတွက်နဲ့ နေရတဲ့ တဘဝဆိုတဲ့ တခဏတာမှာ မတရားရှာဖွေစုဆောင်းထားတဲ့ အာဏာစည်းစိမ်တွေဟာ ပေးဆပ်ရမှာနဲ့ ယှဉ်ရင် တန်ပါရဲ့လားဆိုတာ တွက်ဆသင့်လှပါတယ်။
ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုတဲ့အတိုင်း နိုင်ငံရေးဟာ ရှုပ်ထွေးတယ်။ နားလည်ရခက်တယ်ဆိုလင့်ကစား အာဏာ ရှိသူတွေ မရှုပ်ရှုပ်အောင်လုပ်ထားတာ မခက်ခက်အောင် လုပ်ထားတာတွေလည်း ပါနေတာ ငြင်းမရပါ။ ဒါကို ပြည်သူတွေ သိကြပါတယ်။ လူလူချင်းပဲလေ။ ဘယ်သူက စေတနာမှန်လဲဆိုတာ လူထုက သိပါတယ်။
တိုင်းပြည်ငြိမ်းချမ်းရေး၊ လူမျိုးဘာသာမရွေး လူသားတိုင်း သူတို့ရဲ့ မူလအခွင့်အရေးများ ရရှိရေး၊ နိုင်ငံဖွံ့ဖြိုးပြီး တိုင်းသူပြည်သားများ လုံခြုံ စိတ်ချ စိတ်အေးချမ်းသာစွာ အသက်ရှင်သန်ရပ်တည်နိုင်ကြမယ့် ဘဝတွေ ရရှိပိုင်ဆိုင်နိုင်ရေး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ရပိုင်ခွင့်တန်း တူညီမျှမှုကို အာမခံတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတွေအတွက် အုပ်ချုပ်သူတို့ရဲ့ စေတနာမှန်ကန်ရိုးသားမှုက ပဓာနကျနေဆဲပါ။
ဖြောင့်မတ်မှန်ကန်သော အခြေခံစိတ်ထားစေတနာမပါတဲ့ လူတွေရဲ့ ချုပ်ကိုင်ချယ်လှယ်မှုနဲ့ပဲ ဆက်သွားနေရင်တော့ နိုင်ငံရဲ့ ရှေ့ခရီးဟာ ကြမ်းတမ်းခက်ထန်နေအုံးမယ့် သဘောပါ။
မှတ်ချက် ။ ။ မိုးမခမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment