Saturday, June 21, 2008

`ပြောကြစို့လား ကိုရီးယားစကား´ အပိုင်း(၁)

မင်္ဂလာပါ။
ကိုရီးယားရောက်မြန်မာနိုင်ငံသားများအားလုံးအတွက် `နားရှိရက်နှင့် နားမလည်၊နှုတ်ရှိရက်နှင့် ပြောမတတ်´ အခက်ပွေကာ ဒေါမာန်ပွားနေရတဲ့ အခက်အခဲတွေက ပြေလည်စေချင်တဲ့အတွက်ကြောင့် ဒီကဏ္ဍလေးကို ရေးသားရခြင်း ဖြစ်ပါတယ်။
ဒီကဏ္ဍမှာ ရေးသားတင်ပြခြင်းအားလုံးကို ကျနော်ကိုရီးယားစကားကို စတင် လေ့လာစဉ်က တွေ့ကြုံခဲ့ရတဲ့၊ စမ်းသပ်လေ့လာခဲ့တဲ့ အရာများအား အခြေပြု ဖော်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့် လေ့လာသူတို့အနေဖြင့် မိမိတို့နှင့် သင့်လျှော်ရာ ရွေးခြယ် အသုံးပြုစေလိုပါတယ်။
ကျနော့်ဖြော်ပချက်များအနက် မိမိတို့ မရှင်းလင်းသည့်အရာများအား commentsမှာ ရေးသားမေးမြန်းခြင်းအားဖြင့် မိမိကော သူတပါးကော ပညာရစေနိုင်သောကြောင့် မေးမြန်းသူတို့အနေဖြင့် မိမိ သူတပါး အကျိုးဖြစ်စေတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပြီး ဖြစ်နေမှာ သေချာပါတယ်။
ကျနော့ အနေနှင့်လည်း ကိုယ်စွမ်း ဥာဏ်စွမ်း ရှိထားသမျှဖြင့် အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးပါ့မယ်~
ဒါဆိုရင် ကျနော်နှင့်ကိုရီးယားစကားလေ့လာခြင်း ခရီးလမ်းကို စတင် လျှောက်လှမ်းကြရအောင်~
ဦးစွာ ကိုရီးယားစကားပြောတတ်လိုသူများအတွက် အဓိက ပြင်ဆင်ရမည့်အရာများအား အသိပေးပါရစေ။
ဦးဆုံးပြင်ဆင်ရမည်ကတော့ အချိန်အကန့်အသတ်ထားပြီး လေ့လာခြင်းပါပဲ။
ရှင်းပါရစေ။


ကျနော်ကိုရီးယားစကားကို စတင်လေ့လာခဲ့စဉ် ကျနော့်အလုပ်ချိန်က မနက်၈နာရီ ည၁၀နာရီ ဖြစ်ပါတယ်။စက္ကူဘောက်စ်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် အင်မတန် ပင်ပန်းပါတယ်။ အလုပ်ပြီးရင် ကိုယ်လက် ဆေးကြောဘို့တောင် မလှုပ်ချင် မကိုင်ချင်တဲ့ အနေအထားမှာပါ။ ဒါပေမဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ အခြေအနေတွေက စက်ရုံမှာ တဦးတည်းသော နိုင်ငံခြားသားအလုပ်သမားဖြစ်သည့်အတွက် ဘာကိုပဲပြောချင်ချင် ကိုရီးယားစကားကို တတ်မှ ပြောနိုင်မှာ ဖြစ်တာကြောင့် အမြဲတမ်း စကားမပြောတတ်တာကြောင့် အသေးအဖွဲမှ အစ အကြီးမားဆုံးအရာ အထိ ဘာမှ ကောင်းကောင်း အဆင်မပြေ ဖြစ်နေရပါတယ်။
ဒီတော့ ပြောချင်တာကို မပြောရတဲ့ဒုက္ခဟာ အလုပ်ပင်ပန်းတာထက် ပိုပြီး ပင်ပန်းလှပါတယ်။ စကားပြောတတ်ရင် အဆင်ပြေသွားနိုင်တာတွေ၊ သက်သာစွာ ပြီးစီးသွားနိုင်တာတွေကို မြင် တွေ့လာရတဲ့အတွက် ကိုရီးယားစကားကို သေသေကြေကြေ လေ့လာမယ်ဆိုပြီး သံဓိဌာန် ချမှတ်ခဲ့ပါတယ်။ ပြီးတော့ လေ့လာဘို့အတွက် plan စတင် ရေးဆွဲပါတော့တယ်။
ကံကောင်းတာက မြန်မာပြည်မှာကတည်းက ကျနော်ဟာ မြောက်ဥက္ကလာပ ဘုန်းကြီးကျောင်းမှာ အခမဲ့ ဘာသာစကားများ သင်ပေးတဲ့ classတွေမှာ ကိုရီးယားစကားကို ဆရာနေမျိုးနွယ်ထံမှ အနည်းငယ် သင်ယူခဲ့ဘူးတာကြောင့် ရေးတတ် ၊ဖတ်တတ်ခဲ့ပါတယ်။ ဒါဟာလည်း အများကြီး တတ်ခဲ့တာတော့ မဟုတ်ပါဘူး။ သင်ယူခဲ့သမျှကို ပြန်လည် အသုံးပြုခွင့် မရှိတဲ့ အခြေအနေမှာ ဖြစ်တာကြောင့် သင်ပြီး မသုံး၊ မသုံးတော့ မေ့နှင့် သံသရာလည်နေလိုက်တာ ကိုရီးယားရောက်တဲ့အထိ အ သုံးလုံး ဖတ်တတ်တဲ့ အဆင့်မှာပဲ ရှိပါတယ်။ ရိုးသားစွာ ၀န်ခံရရင် အဲဒီကတည်းက နည်းနည်းလောက် အားစိုက် လေ့လာခဲ့မည်ဆိုရင် ကိုရီးယားမှာ စစချင်းပဲ အများကြီး အဆင်ပြေမှာဖြစ်ပါတယ်။အဲဒီလို မကြိုးစားခဲ့တာကြောင့် ကိုရီးယားမှာ အချိန်အင်မတန် ဆင်းရဲတဲ့ဘ၀ကျမှ စကားပြောတတ်ဘို့ လေ့လာရာမှာ တော်တော် အားစိုက်ခဲ့ရတာကြောင့် ညီအကိုတို့အနေဖြင့် ဘယ်လိုပဲ အခက်အခဲတွေ ရင်ဆိုင်ရ ရင်ဆိုင်ရ သူ့နိုင်ငံမှာ နေစဉ်မှာ အဆင်ပြေ ချောမွေ့စွာ နေထိုင်နိုင်ဘို့၊ ရောက်တုန်းရောက်ခိုက် သူ့စကားကို လေ့လာတတ်မြောက်ပြီး အရ ယူသွားနိုင်ဘို့နှင့် ဘာသာစကားကို လေ့လာရာမှာ သူ့ဘာသာစကားကို သူ့နိုင်ငံမှာ ရောက်နေစဉ် လေ့လာရင် လျင်မြန်စွာ အတတ်လွယ်သည်ဆိုသည့် မဟာအခွင့်အရေးအား လက်မလွတ်ဘို့အတွက် ကိုရီးယားစကားကို တစိုက်မတ်မတ် အချိန်ကန့်သတ်ပြီး သတ်မှတ်တဲ့ ကာလအတွင်း အတိုင်းအတာ တခုအထိ တတ်မြောက်အောင် ကြိုးစား အားထုတ်ကြစေလိုပါတယ်။
ဒီနေရာမှာအားလုံး သတိပြုရမှာက ဘာကိုပဲလေ့လာလေ့လာ ဖြေးဖြေးနှင့်မှန်မှန်လေ့လာခြင်းက အကျိုးထိရောက်စွာ တတ်မြောက်စေပါတယ်ဆိုတာပါပဲ။
ဒီတော့ တနေ့ပုံမှန် ဘယ်နှစ်နာရီ လေ့လာမည်ဆိုတာကို သတ်မှတ်ပြီး ထိရောက်သော လေ့လာနည်းကို အသုံးပြုလေ့လာပါ။
အနည်းဆုံး၆လအတွင်း ဘယ်ရွေ့ဘယ်မျှ တတ်မြောက်ရစေမည်ဟူသည့် ဆုံးဖြတ်ချက်အား ပီပြင်အောင် အကောင်အထည်ဖော်ပါ။
ကျနော်ကတော့ တနေ့ ၃နာရီ အခန်းတံခါးပိတ် တီဗွီပိတ် လောကကြီးနှင့်အဆက်ဖြတ်ကာ အချိန်ပေးလေ့လာခဲ့တာကြောင့် ၆လအကြာမှာ ကိုရီးယားမှာ ကိုရီးယားဘာသာစကားကျောင်းတက်နေတဲ့သူထက် ပိုမိုမြန်ဆန်စွာ တတ်မြောက်ခဲ့တာကို အဲဒီ ကျောင်းသားကို ခေါ်ယူကျောင်းထားပေးတဲ့ ကိုရီးယားလူမျိုးကတောင် တအံတသြ မေးမြန်းခြင်းကိုခံခဲ့ရပါတယ်။
ဒီတော့ အကောင်းဆုံးကတော့
ကြိုတင်ပြင်ဆင်မှု(၁)။ ။ တနေ့အချိန်၃နာရီ လေ့လာချိန်ပေးပါ။၆လအတွင်း သင်ယူမည့်အရာများအား စီစဉ်ရေးဆွဲပါ။
စိုးမိုးသူ
ဆက်ပါဦးမည်။

No comments: