ကိုကြီးပေါ်
ဒီစာစုတွေက ဂျပန်နိုင်ငံမှာ ထုတ်ဝေတဲ့ မိုးသောက်ကြယ် ဂျာနယ်မှာ ရေးခဲ့တာတွေပါ။ အဟောင်းတွေကိုလည်း ပြန်လည် ဖော်ပြသလို အသစ်တွေကိုလည်း ဆက်လက်ဖော်ပြသွားမှာပါ။ ခြောင်းကြည့်... စီးရီးရဲ့ အရင်က `ကသိကအောက်အတွေးများ´ ဆိုတာ ဆယ့်ရှစ်ပုဒ်လောက် ရှိပါသေးတယ်။ (မှတ်ချက်- ဤကား ကြော်ငြာ) စာဖတ်သူတွေ စိတ်ပေါ့ပါးစေဖို့ ဖော်ပြတာပါ...
မွမ်းမံသင်တန်း
မကြာသေးခင်က ဂမ်ဘာရီ ဆိုတဲ့ ကုလသမဂ္ဂသံတမန်ကြီး မြန်မာနိုင်ငံကို သွားခဲ့ပါတယ်။ သူသွားတဲ့ ရည်ရွယ်ချက်က ‘မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်ရန်’ အတွက် ဖြစ်ပါတယ်။ ဒီလို အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အရေးကြီးတဲ့ ခရီးစဉ်ကို ကိုကြီးပေါ်လည်း နေ့ညမပျက် စောင့်ပြီး ခြောင်းကြည့်မိပါတယ်။ ကြည့်တော့လည်း တွေ့တယ်ပေါ့။ ဟုတ်ပါတယ်၊ တွေ့ပါတယ်။ တွေ့တာကတော့ ဂမ်ဘာရီဟာ ဗိုလ်ကျော်ဆန်းရှေ့မှာ ကုပ်ကုပ်ကလေး ထိုင်နားထောင်နေတာပါပဲ။
နအဖရဲ့ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်း နဲ့ အဖွဲ့ဝင်တွေက စာပွဲရဲ့ တဖက်ခြမ်းမှာ ထိုင်ပါတယ်။ ဂမ်ဘာရီက ဗိုလ်ကျော်ဆန်း ရှေ့တည့်တည့် အခြားတဖက်မှာ ထိုင်ရပါတယ်။ သူ့ဘေးမှာတော့ သူ့ရုံးအဖွဲ့ဝင်နှစ်ယောက်က တဖက်တယောက်စီ ခြံရံလို့ပါ။ အဲသည်မှာ
လည်ပင်းကို နည်းနည်းမော့၊ မေးစေ့ကို ရှေ့ဘယ်ဖက် နည်းနည်းထိုး၊ မျက်လုံးကို မှိတ်လုနီးပါးမှေး၊ ပါးကိုရွဲ့၊ သွားပေါ်အောင် ပါးစပ်ကိုဖြဲပြီး နှုတ်လှန်ထိုးတတ်တဲ့ ဗိုလ်ကျော်ဆန်းက ‘ငါ့စကားနွားရ’ စကားတွေကို မိနစ်လေးဆယ်လောက်ကြာအောင် ပြောပါတော့တယ်။ ပြောတယ်ဆိုတာ တကယ်တော့ စာဖတ်တာပါ။ ဗိုလ်ကျော်ဆန်းဟာ ရေးထားတဲ့စာကို မမှားအောင် ဂရုစိုက် ဖတ်ရတာဆိုတော့ ခေါင်းကို သိပ်မမော့နိုင် ရှာပါဘူး။ အင်္ဂလိပ်လို ဖတ်ရတာမို့ အသံထွက် မမှားအောင်လည်း အတော်ကို သတိထားနေရတာပါ။
ဂမ်ဘာရီ ခမျာမှာတော့ ကုပ်ကုပ်လေးနဲ့ ငြိမ်ငြိမ်လေး နားထောင်နေရရှာပါတယ်။
ဗိုလ်ကျော်ဆန်း ပြောတဲ့ အကြောင်းအရာတွေထဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ နအဖက ဘယ်လို သဘောထားရှိတယ်၊ ဘာတွေလုပ်နေတယ်၊ ရှေ့ဆက် ဘာတွေလုပ်မယ်၊ ဘာတွေကို လိုလားတယ် စတာ စတာတွေ မပါပါဘူး။
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ စာပါ အချက်ငါးချက်ကို မလိုက်လျောနိုင်ကြောင်း ပါပါတယ်။ တွေ့ဆုံဆွေးနွေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ခံခိုင်းတာ သူက ၀န်မခံလို့ ဆိုတာ ပါပါတယ်။ ပြီးတော့ နအဖကို ချစ်တဲ့လူတွေက အများကြီး မုန်းတဲ့သူက နည်းနည်းလေး ဆိုတာ ပါပါတယ်။ ၉၀ ရွေးကောက်ပွဲအရ လွှတ်တော်ခေါ်ဖို့ အမတ်တွေ မရှိတော့ဘူး ဆိုတာ ပါပါတယ်။ နောက်ဆုံးမှာတော့ ငါတို့လုပ်နေတာတွေကို မင်းထောက်ခံလို့ ပါပါတယ်။
အဲ… အထူးခြားဆုံးကတော့ ဂမ်ဘာရီ အရင်တခေါက်ပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကို ယူသွားပြီး ဖြန့်ဝေလိုက်တဲ့ ကိစ္စအပေါ် မကျေမနပ် ပြစ်တင်မောင်းမဲပါတယ်။ ဘက်လိုက်တယ်လို့ စွပ်စွဲပါတယ်။ ဒါ သံတမန်ကျင့်ဝတ်နဲ့ မညီဘူးလို့လည်း ကျိန်းမောင်းပါတယ်။ ဗိုလ်ကျော်ဆန်းက Responsibilities and Mandates တို့ Good Offices တို့၊ Win-Win Solution တို့ ဆိုတာတွေပါ တတွတ်တွတ် ရွတ်ပြီး ဆုံးမပါတယ်။
အီဘရာဟင် ဂမ်ဘာရီ ဆိုတာက နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ ပါရဂူဘွဲ့ရထားတဲ့ ပါမောက္ခ။ သူ့နိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့ဖူးသူ။ ကုလသမဂ္ဂမှာ လက်ထောက်အတွင်းရေးမှူးချုပ်။ နိုင်ငံရေးရာဌာနမှူး။ အာဖရိကရေးရာ အကြံပေး။ အင်ဂိုလာနိုင်ငံအရေးအတွက် အထူးကိုယ်စားလှယ်။ အဲသလို သံတမန်အတွေ့အကြုံ ရှိထားသူပါ။ ယခုလက်ရှိမှာဆိုရင် ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ဖြစ်သလို ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပေးရန် တာဝန် ပေးအပ်ခံထားရသူ ဖြစ်ပါတယ်။ ထူးခြားချက်က သူဟာ နိုက်ဂျီးရီးယား စစ်အစိုးရလက်အောက်မှာ ၀န်ကြီးတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ စစ်တပ်နဲ့ အရပ်သားရဲ့ အာဏာအကူးအပြောင်းကို ကောင်းကောင်း သဘောပေါက်ထားသူ တဦး ဖြစ်ပါတယ်။
အဲသလို ပုဂ္ဂိုလ်ကို ဗိုလ်ကျော်ဆန်းက သွန်သင်ဆုံးမနေရတာ ဆိုတော့…။ ဒါ သေချာတယ်။ ဂမ်ဘာရီဟာ မြန်မာပြည်လာပြီး မွမ်းမံသင်တန်း လာတက်တာပဲ ဖြစ်ရမယ်။ စေ့စပ်ရေးတို့၊ ပြန်လည်သင့်မြတ်ရေးတို့ ဆိုတာ လူကြားကောင်းအောင် ကာဗာလုပ်ထားတာပဲ နေမှာပါ။ တကယ်က ကုလအရာရှိကြီးတွေ မြန်မာပြည်က နအဖဆီမှာလာပြီး မွမ်းမံသင်တန်း လာလာတက်တာပဲ ဖြစ်မှာပါ။ ရာဇာလီ ဆိုတဲ့ မလေးရှားသားတောင် သင်တန်းပြီးလို့ အလုပ်ခွင်ဝင်နေပြီပဲ။
တချို့ မြန်မာတွေက ဘန်ကီမွန်း ကိုယ်တိုင် မြန်မာပြည်သွားသင့်တယ် ဆိုပြီး အော်နေကြတယ်။ ဆန္ဒမစောကြပါနဲ့။ အချိန်တန်ရင် ဘန်ကီမွန်းလည်း မွမ်းမံသင်တန်း သွားတက်မှာပါ။ အရင်က အာရှသား၊ အခု အာဖရိကသား၊ နောက်တခါ တောင်အမေရိကသား၊ အဲသလို အလှည့်နဲ့ ခေါ်မယ် ထင်ပါတယ်။
မဆလတို့ နအဖတို့က ‘မွမ်းမံသင်တန်း’ ဆိုတဲ့ အသုံးအနှုန်းကို သိပ်သဘောတွေ့တာ။ တွင်တွင်ကျယ်ကျယ်ကြီးကို သုံးလေ့ရှိသပ။ ကိုကြီးပေါ် နားလည်တာက မွမ်းမံတယ်ဆိုတာ တကယ်တော့ ‘ဖာထေး’ တာနဲ့ အတူတူပါပဲ။ ဖာထေးတယ်ဆိုကတည်းက အပေါက်အပြဲတွေ ရှိလို့ပေါ့၊ နအဖနဲ့ ကုလသမဂ္ဂကတော့ ဘယ်သူ့ အပေါက်အပြဲကို ဘယ်သူက ဖာထေးမယ် မပြောနိုင်သေးပါဘူး။ တယောက်နဲ့ တယောက် တလှည့်စီ ‘ပေါက်’ ‘ဖာ’ နေရရင်လည်း အခက်။
ဘာပဲဖြစ်ဖြစ် ကိုကြီးပေါ် ခြောင်းကြည့်နေတဲ့ အပေါက်လေးကိုတော့ မဖာလိုက်ပါနဲ့ အယ်ဒီတာမင်းရယ်။
Thursday, June 26, 2008
ခြောင်းကြည့်သူရဲ့ အမှား (၂-ခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment