ဗီယက်နမ်မလေး အယောက် ၇၀ ခန့်ဟာ ဖက်ရှင်မယ်တွေလို ကိုယ်ကိုလှည့်ပတ်၊ ဟန်ပန်မူရာတွေ ပြိုင်ဆိုင်လုပ်လို့၊ ငါးယောက် တတွဲစီနဲ့ တဖွဲ့ပြီးတဖွဲ့ ခပ်သွက်သွက်လေး လျှောက်လှမ်းနေကြတယ်။ သူတို့အားလုံး ဒီလို ကိုယ်ဟန်ပြ ပြိုင်ဆိုင်နေရတာကတော့ သူတို့ထဲက တယောက်ယောက်ကို လက်ထပ်ခွင့်ရဖို့ အောင်သွယ်ပွဲစားလုပ်ငန်းကို ဒေါ်လာခြောက်ထောင်လောက်ပေးခဲ့ရတဲ့ တိုင်ဝမ် အမျိုးသား တယောက်ရဲ့ ဘ၀လက်တွဲဖော် ဖြစ်နိုင်ဖို့ အတွက်ပါပဲ။
အားကစား ဂျင်းဘောင်းဘီနဲ့ အနက်ရောင်တီရှပ် အင်္ကျီလေးဝတ်ထားတဲ့ အသက်နှစ်ဆယ်ရွယ် လေသီငေါ်ကူယန် (Le Thi Ngoc Quyen) ဟာ သူမကို ရွေးချယ်လက်ထပ်စေလိုတဲ့ မျှော်လင့်ချက်လေးနဲ့ တိုင်ဝမ်သား ကိုလူစိမ်းရဲ့ ရှေ့မှာ ကိုယ်ဟန်ပြခဲ့ပါတယ်။
``ကျမ အရမ်းကို ရှက်ရွံ့ပြီး ကတုန်ကယင်တွေ ဖြစ်ခဲ့တာပေါ့ရှင်။ ဒါပေမဲ့ သူက ကျမကို ရွေးချယ်တော့ ကျမလည်း ချက်ချင်းပဲ သူ့ကို လက်ထပ်ဖို့ သဘောတူခဲ့ပါတယ်´´ လို့ မကြာမီက အဖြစ်အပျက်တွေကို ပြောပြရင်း သူမအဖြစ်ကို ပြန်လည် အမှတ်ရနေခဲ့တယ်။
မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသ တန်လော့ (Tan Loc) ကျွန်းက များလှစွာသော တခြား အမျိုးသမီးတွေလိုပဲ ကူယန်ဟာ ဆင်းရဲမွဲတေမှုတွေထဲက ထွက်ဖို့ အကောင်းဆုံးလမ်းဖြစ်တဲ့ နိုင်ငံခြားသား လင်ယောက်ျား တယောက်ကို ရှာဖွေတွေ့ရှိမှုနဲ့ အဆုံးသတ်နိုင်ခဲ့ပါပြီ။ နောက် ခြောက်နှစ်ကြာတဲ့ အခါမှာတော့ သူမမှာ သမီးချောလေး တယောက် ရလာပြီး သူမပြုလုပ်ခဲ့သမျှ အပေါ်မှာ နောင်တရမိတာလည်း မရှိခဲ့ပါ။
ဗီယက်နမ်ရဲ့ တောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသကနေ မြောက်ပိုင်းသေးငယ်တဲ့ မြို့ငယ် ကျေးလက်လေးတွေ အထိ နိုင်ငံခြားသားကို လက်ထပ်ကြတဲ့ ဗီယက်နမ် အမျိုးသမီးငယ်တွေရဲ့ အရေအတွက်ဟာ တိုးတက် များပြားလာနေပါတယ်။ သူတို့နဲ့ လက်ထပ်ထားတဲ့ နိုင်ငံခြားသား အများစုကတော့ တိုင်ဝမ်နဲ့ တောင်ကိုးရီးယား တို့မှ ဖြစ်ပါတယ်။ မိန်းကလေးတွေဟာ ဇိမ်ခံ ရုပ်ဝတ္ထုပစ္စည်းတွေကို မက်မောကြတာ ရှိသလို၊ အဓိကအကျဆုံး အချက်ကတော့ သူတို့ရဲ့ မိဘတွေ အိုမင်းမစွမ်းချိန် ရောက်တဲ့အခါ ဆင်းရဲနွမ်းပါးစွာနဲ့ ရုန်းကန်ရတဲ့ အဖြစ်မှ ကယ်တင်နိုင်မယ့် ထွက်ပေါက်တပေါက်ရဖို့ ကြိုးစား လုပ်ဆောင်ကြတာပါ။ ဒါဟာ သားသမီးတယောက်ရဲ့ အကြီးမြတ်ဆုံး တာဝန်လို့ ဗီယက်နမ်လူမျိုး အများစုက မှတ်ယူထားကြပါတယ်။
ကူယန်ဟာ နိုင်ငံခြားသားကို လက်ထပ်လိုက်လို့ ကြွယ်ဝချမ်းသာ လာတာတော့ မဟုတ်ပါဘူး။ သူမ ခင်ပွန်းသည်က သင့်တင့်ရုံသာ အသက်မွေးဝမ်းကျောင်းနိုင်တဲ့ ဆောက်လုပ်ရေး အလုပ်သမား တယောက်ပါ။ ဒါပေမဲ့ သူမ အဖေရဲ့ ကြွေးမြီ မှန်သမျှကိုတော့ သူတို့လင်မယား နှစ်ယောက်က ဆပ်ပေးခဲ့ ပြီးပါပြီ။
မိန်းမပျိုလေးတွေဟာ တန်လော့ရဲ့ အကျိုးအမြတ် အများဆုံး ပြည်ပပို့ကုန်တမျိုး ဖြစ်လာပါတယ်။ လူ သုံးသောင်းသုံးထောင်ရှိတဲ့ ကျွန်းကလေးက တစ်ထောင့်ငါးရာသော အမျိုးသမီးငယ်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာကို နိုင်ငံခြားသားတွေနဲ့ လက်ထပ် အိမ်ထောင်ပြုခဲ့ကြပြီး၊ တချို့က တိုင်ဝမ်းကျွန်းလို့ ခေါ်တဲ့ဆီ ထွက်လာကြတယ်။
တန်လော့မှာရှိတဲ့ အမျိုးသမီးတွေနဲ့ အခြား မြစ်ဝကျွန်းပေါ်ဒေသက မြို့ငယ်လေးတွေက အမျိုးသမီးတွေဟာ ၁၉၉၀ ခုနှစ်များ အတောအတွင်းက နိုင်ငံခြားသားတွေနဲ့ စတင် အိမ်ထောင်ပြုလာခဲ့ကြပါတယ်။ အဲဒီအချိန်က ဗီယက်နမ်နိုင်ငံဟာ စီးပွားရေးဈေးကွက် ဖွင့်လို့ တိုင်ဝမ်နဲ့ တောင်ကိုရီးယားက စီးပွားရေးလုပ်ငန်း အများအပြားဟာ ဗီယက်နမ်နိုင်ငံ တောင်ပိုင်း စီးပွားရေး အချက်အချာ ဖြစ်တဲ့ ဟိုချီမင်းမြို့တော်မှာ လုပ်ငန်းတွေ စတင် လုပ်ကိုင်ခဲ့ကြပါတယ်။
ဆင်းရဲမွဲတေမှုရယ်၊ နိုင်ငံခြားသား စီးပွားရေးသမားတွေနဲ့ အနေနီးစပ်မှုရယ်၊ အဲဒါတွေကလည်း ဒီရေစီးကြောင်းရဲ့ အဓိက အကြောင်းရင်းတရပ် ဖြစ်ပုံရပါတယ်။ အကြီးမားဆုံး မကျေမနပ် ညည်းညူသံတွေဟာ ဓနအတွက် လက်ထပ်ခြင်းကို လူ့ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ အလုပ်လို့ မှတ်ယူထားကြတဲ့ အမျိုးသမီး အုပ်စုတွေဆီက လာတတ်ပါတယ်။ လူငယ် ကျေးတောသားများကတော့ သူတို့အတွက် သတို့သမီးလောင်းကို တင်တောင်းကြရတဲ့ ခန်းဝင်ကြေးက နောက်တွန့်စရာ ဖြစ်နေတယ်လို့ မကျေမနပ် ပြောဆိုကြပါတယ်၊၊
အခြားတဖက်မှာလည်း တနိုင်ငံခြားသား သမက်တွေရဲ့ ငွေကြေးအကူအညီနဲ့ တန်လော့မှာ နေထိုင်နေသူတွေဟာ သူတို့ရဲ့ ဓနိမိုး တဲအိမ်တွေကို တိုက်အိမ်တွေနဲ့ အစားထိုးလာနိုင်ခဲ့ကြပါတယ်။ ဒီငွေတွေနဲ့ သူတို့ဟာ စားသောက်ဆိုင်လေးတွေနဲ့ ဈေးဆိုင်တွေကိုလည်း ဖွင့်လာခဲ့ကြပါတယ်။ နေပူကျဲကျဲအောက်မှာ ဆန်စပါးနဲ့ အခြားသီးနှံတွေကို ရိတ်သိမ်းရင်း တနေ့တနေ့ တမူးတပဲ ၀င်ငွေလေးနဲ့ပဲ ဓလေ့ထုံးစံအတိုင်း နေထိုင်လာသူတွေရဲ့ အရပ်ဒေသမှာ အလုပ်အကိုင် များစွာကိုလည်း ဖန်တီးရရှိလာခဲ့ ကြပါတယ်။ ပိုပြီးတော့ ကံကောင်းတဲ့ မိသားစုတွေဟာ ငါးမွေးမြူရေးအတွက် ငါးကန်တွေ လုပ်ဖို့ ငွေကြေး လုံလုံလောက်လောက် ရရှိခဲ့ကြပါတယ်။ ၀က်စတန် ယူနီယံဟာ ကြင်စဦး ဇနီးမောင်နှံတွေဆီက ပေးပို့လိုက်တဲ့ ငွေကြေးတွေကို ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ပေးဖို့ ရုံးခွဲတခုကို အဲဒီမှာ ဖွင့်လှစ်ခဲ့ပါတယ်။
``ကျွန်းပေါ်က အနည်းဆုံး အိမ်ထောင်စု ၂၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုကနေ ရုန်းထွက် လာနိုင်ခဲ့ကြပြီး ဒါဟာ ဒီဒေသအတွက် ကြီးမားတဲ့ စီးပွားရေး ရိုက်ခတ်မှုကြီး တခု ဖြစ်ပါတယ်´´ လို့ တန်လော့ကျွန်းမှာ ကျယ်ကျယ်ပြန့်ပြန့် သုတေသနလုပ်နေတဲ့ တက္ကသိုလ် ပါမောက္ခတဦးဖြစ်သူ ဖြန်အန့် က ဆိုပါတယ်။
နိုင်ငံခြားသားတွေနဲ့ လက်ထပ်မှု အားလုံးလိုလိုဟာ ဆိုခဲ့သလို အဆင်ပြေ ကျေနပ်စရာ အခြေအနေတွေနဲ့ချည်းတော့ မဟုတ်ပါဘူး။
ဒန်ဆီကင်စာ (Dan Psi Kin Sa) ဟာ ဟိုးလွန်ခဲ့တဲ့ ၉ နှစ်၊ သူမ အသက်နှစ်ဆယ် အရွယ်မှာ တိုင်ဝမ်ကို ထွက်လာခဲ့ပြီး သူမထက် အသက်နှစ်ဆကြီးတဲ့ အိမ်ထောင်သုံးကြိမ် ကွာရှင်းပြတ်စဲခဲ့ဖူးသူ ကားရေဆေးလုပ်ငန်း ပိုင်ရှင်တစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ သူ့ခင်ပွန်းသည်ကို အောင်သွယ်ပွဲစားက တဆင့် ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ်။
ငါးနှစ်ကြာ ပေါင်းသင်းခဲ့ကြပြီးတဲ့ နောက်မှာတော့ သူမရဲ့ ယောက်ျားက သူ့ကို တရားဝင်ကွာရှင်းပေးဖို့ တောင်းဆိုခဲ့ပြီး သူမကို အိမ်မှာ လှောင်ပိတ်ထားခဲ့ပါတယ်။ သူ့ရဲ့ ဘာသာစကား ဖြစ်တဲ့ Mandarin Chinese တရုတ်ဘာသာစကားကို သူမ ဆည်းပူးခဲ့ပြီးတဲ့ တိုင်အောင်တောင်မှ ပြောဆို ဆက်ဆံရေး အခက်အခဲတွေက သူမတို့ လင်မယားကြားမှာ ရှိနေခဲ့ပါတယ်။ `ဆိတ်ဆိတ်နေတဲ့ နည်းနဲ့ပဲ ကျမတို့တွေ တယောက်အပေါ် တယောက် ဒေါသဖြစ် စိတ်ဆိုးခဲ့ကြပါတယ်´ လို့ သူမရဲ့ သမီးလေးနဲ့ နီးနီးနေလို့ရမယ့် တိုင်ပေမှာ ဆက်နေနေတဲ့ သူမက ပြောပြပါတယ်။
လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်က ဗီယက်နမ် ဇနီးသည်ကို သူမရဲ့ တောင်ကိုရီးယား ခင်ပွန်းသည်က သေတဲ့ထိတိုင် ရိုက်နှက်ခဲ့မှု တခု ဖြစ်ပွားခဲ့ပါတယ်။ အခြား အမျိုးသမီး နှစ်ယောက်မှာ၊ တယောက်ကတော့ အထပ်ဆယ့်လေးထပ်မြင့်တဲ့ အဆောက်အအုံတခုရဲ့ ပြတင်းပေါက်ကနေ ခုန်ချခဲ့ပြီး၊ ကျန်တယောက်ကတော့ စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ သူမရဲ့ ဒိုင်ယာရီစာအုပ်ကို ရေးချန်ထားခဲ့ပြီး ဗယ်လင်တိုင်း နေ့မှာ သူ့ကိုယ်သူ ကြိုးဆွဲချ အဆုံးစီရင် သွားခဲ့ပါတယ်။
``ချစ်ခြင်းမေတ္တာပေါ်မှာ အခြေခံမထားတဲ့ အိမ်ထောင်ပြုမှုတွေဟာ မကြာမကြာ ပြဿနာပေါင်း များစွာကို သယ်သယ်လာတတ်ပါတယ်။ ရှင်ဟာ ရှင့်ခင်ပွန်းသည်ကို စတွေ့ဆုံခဲ့ဖူးတာ လက်မထပ်ခင် ရက်သတ္တ သုံးပတ် အလိုက ဆိုတဲ့အခါကျတော့၊ သူနဲ့အတူ ထာဝရ ပျော်ရွှင် ချမ်းမြေ့စွာ ရှင် ဘယ်လိုလုပ် နေသွားနိုင်မှာလဲ´´ လို့ ဗီယက်နမ် အမျိုးသမီးများ သမဂ္ဂ (Hoang Thi Thanh Ha) မှ ဟွင်းသီသန့်ဟာ က ပြောပါတယ်။
ဘာတွေ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ တန်လော့ကျွန်းငယ်က ငယ်ရွယ်သူ မိန်းကလေး အများစုကတော့ နိုင်ငံခြားသားတယောက်ကို လက်ထပ်ဖို့ စိတ်အားထက်သန် နေကြပုံရပါတယ်။ လေသန့်လန်း (Le Thanh Lang) က သူမဟာ လက်ထပ်ခွင့်ရှိတဲ့ အရွယ်ရောက်ပြီးသူ ဖြစ်ကြောင်းနဲ့ အိမ်ထောင်မရှိ လွတ်လပ်သူ ဖြစ်ကြောင်း ထောက်ခံစာတွေ ရရှိဖို့ မကြာလေးခင်ကပဲ မြို့နယ်ကောင်စီရုံးကို သွားခဲ့ပါတယ်။
``ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ်ပေါ့။ ကျမကို လက်ခံရယူလိုတဲ့ ယောက်ျားကို ကျမ ယူမှာပဲ။ ကျမ မိဘတွေကို ကျမ ငွေကြေးထောက်ပံ့ပေးချင်တယ်လေ´´ လို့ ရလာတဲ့ စာရွက်စာတမ်းတွေကို ဝှေ့ယမ်းပြရင်း သူမက ဆိုပါတယ်။
``သတို့သား လုပ်သူဟာ အောင်သွယ်ပွဲစားဆီ ပေးရတဲ့ အဖိုးအခတွေ အပြင် သတို့သမီးရဲ့ မိသားစုကိုလည်း ဒေါ်လာ သုံးရာလောက် ပေးရပါတယ်။ ဒါတွေပြီးလို့ အားလုံး အဆင်ပြေ ချောချောမွေ့မွေ့လေး ဖြစ်လာကြမယ်ဆိုရင်၊ နောက်ပိုင်း သူ့ခင်ပွန်း ဖြစ်လာသူက သူမရဲ့ မိသားစုဆီ တနှစ်ကို ဒေါ်လာ ထောင်ပေါင်းများစွာ အထိ သူရဲ့ ကြိုးစားမှုအပေါ် မူတည်ပြီး ပေးပို့ကောင်း ပေးပို့လာပါလိမ့်မယ်´´ လို့ လန်းက ပြောပြပါတယ်။
နိုင်ငံခြားမှာ အိမ်ထောင်ကျနေတဲ့ သမီးတွေရှိတဲ့ များစွာသော တန်လော့ မိသားစုတွေမှာ ရောင်စုံတီဗွီတွေ၊ သစ်လွင်တောက်ပတဲ့ အိမ်ထောင်ပရိဘောဂတွေ၊ ကာရာအိုကေစက်တွေနဲ့ အတူ အိမ်အကြီးကြီးတွေ ရှိလာကြပါတယ်။ နိုင်ငံခြားမှာ သမီးမရှိတဲ့ သူတို့ရဲ့ အိမ်နီးနားချင်းတွေကတော့ တဲပုတ်ကလေးတွေမှာ နေလို့ပေါ့။
တောက်ပတဲ့ အစိမ်းရောင်အုတ်ကြွပ်မိုးထားပြီး အခန်းကျယ်ကြီး လေးခန်းပါရှိတဲ့ ထရန်သီဆက်ခ်ျ (Tran Thi Sach) ရဲ့ တိုက်အိမ်ကြီးဟာ တန်လော့ကျွန်းရဲ့ အနေအထားနဲ့ ကြည့်မယ်ဆိုရင် အိမ်ကြီးရခိုင်လို့ ပြောရမှာပါ။
``ကျမသမီးတွေ အိမ်ထောင်ကျသွားပြီး ကတည်းက ကျမ အေးအေးဆေးဆေး အနားယူလိုက်တယ်လေ´´ လို့ မောင်တထမ်းမယ်တရွက် လယ်ထဲမှာ တပင်တပန်း အလုပ်လုပ်ခဲ့ရတဲ့ အသက် ၅၉ နှစ်အရွယ် ဆက်ခ်ျက ပြောပါတယ်။
``ကျမတို့က သစ်အိမ်လေးနဲ့ နေခဲ့ရတာပါ။ မနက် ငါးနာရီ ကနေ ညနေ ငါးနာရီ မထိုးမချင်း ဘယ်လောက်ပဲ နေပူပူ ဘယ်လောက်ပဲ မိုးရွာရွာ ကျမတို့ အလုပ်လုပ်ကြရတယ်။ ဒါတောင်မှ တခါတလေကျ ကျမတို့ ဆန်ပြုတ်လေးပဲ သောက်နိုင်ခဲ့တာ´´ လို့လည်း ဆိုပါတယ်။
သူမရဲ့ သမီးကြီးဖြစ်သူ သိုးက အောင်သွယ်ပွဲစားဆီ သွားဖို့ စီစဉ်ထားတယ်လို့ စပြောကာစက သူမ ယောက္ခမ, ဆွေမျိုးမောင်ဖွားတွေ သူ့အပေါ် စော်ကားကြရင် ဘယ်နှယ်လုပ်မလဲ၊ ဘယ်နေရာ သွားပြီး အကူအညီ တောင်းမှာလဲဆိုပြီး ဆက်ခ်ျက မသွားဖို့ ကန့်ကွက်ခဲ့ပါသတဲ့။ သို့ပေမဲ့ သမီးကြီးဖြစ်သူ သိုးဟာ လွန်ခဲ့တဲ့ ခြောက်နှစ်က တနိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုခဲ့ပြီး၊ နောက်နှစ်နှစ် အကြာမှာ သမီးလတ်လည်း နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျသွားခဲ့ပါတယ်။
``သူတို့ရဲ့ ယောက်ျားတွေက ယဉ်ကျေး သိမ်မွေ့ကြပါတယ်။ လူရည်ချောတွေ ဖြစ်ပြီး ကြိုးစားပမ်းစားလည်း အလုပ်လုပ်ကြတယ်လေ။ တကယ့် လူကောင်းလေးတွေပါ´´ လို့ဆက်ခ်ျက ပြောပြပါတယ်။
ဘေးအိမ်က ငူယန်သီချင် (Nguyen Thi Chin) ကတော့ ခေါင်မိုးမှာ အပေါက်ပရပွနဲ့ အခန်းနှစ်ခန်းပါ သစ်သားအိမ်ငယ်လေးနဲ့ နေထိုင်နေရသူဖြစ်လို့၊ မိုးရွာတဲ့အခါများဆို မိုးလွတ်ရာကိုရှောင်ဖို့ အိမ်ထဲမှာ တနေရာက တနေရာ ပြောင်းလိုက် ရွှေ့လိုက် လုပ်ရပါတော့တယ်။ သူမရဲ့ သားသမီး ခုနှစ်ယောက်စလုံးဟာ ကိုယ့် ဗီယက်နမ်လူမျိုးတွေနဲ့ချည်း အိမ်ထောင်ပြုခဲ့ကြပြီး အားလုံးလည်း ဆင်းရဲနွမ်းပါး ကြပါတယ်။ သူမဟာ အခု အသက်ခုနှစ်ဆယ် အရွယ်အထိ မဲခေါင်မြစ် ရွှံ့နွံတွေထဲမှာ ဂုံးကောက်တဲ့ အလုပ်ကို လုပ်နေရဆဲပါ။
``ငါ့အတွက် ဒီလိုအိမ်မျိုး ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ပါဘူးဟယ်၊ ကိုယ့်ကိုယ်နှိုက်က ဆင်းရဲဇာတာ ပါလာတာပါ။ ငါ့မှာ နောက်ထပ် သမီးတယောက်လောက်များ ရှိဦးမယ်ဆိုရင် နိုင်ငံခြားသား တယောက်ယောက်ကို အိမ်ထောင်ပြုလိုက်ဖို့ နားချလိုက်မှာပဲ´´ လို့ ဘေးအိမ်ကို အကြည့်တစ်ချက် ၀င့်ကာ ချင်က စကားဆိုပါတယ်။
ပြီးခဲ့တဲ့ ဆယ်နှစ်ကျော် ကာလမှာ ဗီယက်နမ် အမျိုးသမီး တစ်သိန်းကျော်ဟာ တိုင်ဝမ် အမျိုးသားတွေကို လက်ထပ်ခဲ့ကြပါတယ်။ ဒီအရေအတွက်ဟာ ဆက်လက် တိုးမြင့်လာနေတယ်လို့ ဟန်နွိုင်းက တိုင်ဝမ်ကိုယ်စားလှယ်ရုံး တာဝန်ရှိသူ ဂေါင်းဝေချူး (Gow Wei Chiou) က ပြောပါတယ်။ ဗီယက်နမ် အမျိုးသမီးသမဂ္ဂ ရဲ့ အဆိုအရ အဲဒီကာလ အတွင်းမှာပဲ ကိုရီးယား အမျိုးသား ၂၈,၀၀၀ ခန့်ဟာ ဗီယက်နမ် အမျိုးသမီးတွေကို လက်ထပ်ခဲ့ပါတယ်။
တိုင်ဝမ်သူတွေနဲ့ ကိုရီးယားသူတွေဟာ အလုပ်လုပ်ဖို့ မြို့ကြီးတွေဆီ ပိုမို ရွှေ့ပြောင်းလာကြတာနဲ့အမျှ အဲဒီ နိုင်ငံတွေက နိုင်ငံသားအတော်များများဟာ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ရာ ကျေးလက်တောရွာပိုင်းက အမျိုးသားတွေဟာ ကြင်ယာရှာရေးမှာ အခက်အခဲတွေနဲ့ တိုးလို့ရင်ဆိုင်လာရပါတယ်။
``တိုင်ဝမ်သူတွေက တော်တော်လေး အရွယ်ဟိုင်းသွားမှ အိမ်ထောင်ပြုချင်လာကြတာ။ နောက်ပြီးတော့ သူတို့ဟာ ကိုယ့်အယူအဆနဲ့ ပတ်သတ်လာရင် ခေါင်းလည်း အတော်မာကြတယ်ဗျ´´ လို့ ဟိုချီမင်းမြို့နေ တိုင်ဝမ် သူငယ်ချင်းတယောက်က တဆင့် ဗီယက်နမ် ဇနီးသည်နဲ့ ဖူးစာဆုံခဲ့သူ အသက် ၃၉ နှစ်အရွယ် လင်ဝန်ဂျူ (Lin Wen Jui) က ဆိုပါတယ်။ သူ့ဇနီးသည်ဟာ သူနဲ့လက်ထပ်ပြီး ကတည်းက တိုင်ဝမ်မျိုးနွယ် နာမည်ကို ယူပြီး Mandarin Chinese တရုတ်ဘာသာစကားကို လေ့လာကာ စားသောက်ဆိုင် တဆိုင်လည်း ဖွင့်ထားပါတယ်။
ဗီယက်နမ်သူနဲ့ ထိမ်းမြား လက်ထပ်မှုဆိုင်ရာ သိကောင်းစရာ ခရီးစဉ်၊ ငါးရက်တာ အောင်သွယ် ခရီးစဉ်တွေကို စီစဉ်ဆောင်ရွက်ပေးနေတဲ့ စင်္ကာပူ အခြေစိုက် မစ္စတာကျူးပစ် လို အွန်လိုင်း အောင်သွယ်လုပ်ငန်းတွေကြောင့် ရေမြေရပ်ခြား ထိမ်းမြားလက်ထပ်မှု အလားအလာဟာ ပိုမို အရှိန်တိုးမြင့်လာခဲ့ပါပြီ။ ``သူတို့ရဲ့ စိတ်ကူးယဉ် သတို့သမီးတွေကို မရှာဖွေ မတွေ့ရှိဘဲ ကျနော်တို့ရဲ့ ခရီးစဉ်နဲ့အတူ ဘယ်သူမှ လိုက်ပါလေ့မရှိဘူး´´ လို့ အဲဒီ အင်တာနက်ဝက်ဆိုဒ်မှာ ကြွားလုံးထုတ်ထားပါတယ်။
၂၀၀၂ ခုနှစ်မှာ ကူယန် သူမရဲ့ သတို့သားဆီရောက်လို့ မကြာခင်မှာပဲ ဗီယက်နမ် အစိုးရဟာ အောင်သွယ် ပွဲစားလုပ်ငန်းတွေကို တရားမ၀င် လုပ်ငန်းတွေအဖြစ် ကြေညာပါတယ်။ ဗီယက်နမ် သတင်းမီဒီယာတွေက ဒီလုပ်ငန်းတွေရဲ့ သွင်ပြင်လက္ခဏာတွေကို ရှင်းလင်းပြတ်သားတဲ့ အချက်အလက်များနဲ့ အသေးစိတ် ဖော်ပြ အစီရင်ခံကြပါတယ်။ အာဏာပိုင်တွေက ပြည့်တန်ဆာလုပ်ငန်းတွေဆီ အမျိုးသမီးတွေကို မှောင်ခိုကုန်ကူးရာမှာ ဒီလုပ်ငန်းတွေဟာ အဖုံးအကာတခု ဖြစ်နိုင်တယ်လို့ သူတို့စိုးရိမ်ခဲ့ကြကြောင်း ပြောဆိုပါတယ်။
``အောင်သွယ်လုပ်ငန်းလုပ်သူတွေဟာ အမျိုးသမီး ရာပေါင်းများစွာကို ဟိုတယ်တခုဆီ တပြိုင်တည်း ခေါ်လာကြတယ်။ ပြီးတော့ ယောက်ျားတွေ ရွေးချယ်ဖို့အတွက် သူတို့ကို တန်းစီခိုင်းတယ်။ ဒါဟာ တကယ့် လူ့ဂုဏ်သိက္ခာ ကျဆင်းအောင် ရိုင်းပြမှုပါပဲ´´လို့ ဟိုချီမင်းမြို့ အမျိုးသမီးသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ငူယန်သီငေါ်ဟန့်( Nguyen Thi Ngoc Hanh) က ဆိုပါတယ်။
ဒီလုပ်ငန်းတွေကို မြေအောက်ဆီ တွန်းထုတ်လိုက်ပေမယ့် ကျေးရွာ အောင်သွယ်တွေက ပါဝင် ကူညီပေးတာတွေ၊ ဇနီးသည်ရလိုသူများနဲ့ သီးသန့်ဆိတ်ကွယ်ရာ နေရာတွေမှာ ဆုံတွေ့ပေးတာတွေကြောင့် ဆက်လက် အလုပ်ဖြစ်နေကြဆဲ ဖြစ်ပါတယ်။ ဒီလို လက်ထပ်ထိမ်းမြားမှုတွေမှာ သတို့သမီး တ၀က်ဟာ အသက် ၂၁ နှစ်အောက် ငယ်ရွယ်ကြသူတွေ ဖြစ်ပြီး သတို့သား တ၀က်ကတော့ အသက် ၄၀ နဲ့ ၆၀ ကြား ရှိကြသူတွေပါ။
``တခါတလေ ယောက်ျားတွေက သူတို့ကို တကိုယ်လုံးချွတ်ပြဖို့ တောင်းဆိုတယ်လေ။ ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပါပဲ´´ လို့ ငူယန်က ပြောပါတယ်။
ကူယန်ဟာ မိုင် ၁၂၀ ကားစီးရတဲ့ တန်လော့ကနေ ဟိုချီမင်းမြို့က အောင်သွယ်ရဲ့ အိမ်ဆီ သွားခဲ့ရတဲ့ ပုံရိပ်တွေကို ကွက်ကွက်ကွင်းကွင်း အမှတ်ရနေဆဲ ဖြစ်ပါတယ်။ သူ့အဖို့ တကမ္ဘာလောက်ဝေးတဲ့ ခရီးပေါ့။
``ကျမ ကြောက်ပြီး ရင်တုန်နေခဲ့တယ်´´ လို့ သူမက ဆိုပါတယ်။
ကူယန်ဟာ နောက်ဆုံး ငါးယောက်စာရင်းထဲ ၀င်လာခဲ့ပါတယ်။ စကားပြန်ကတဆင့် စကားပြောကြတဲ့အခါ သတို့သား လုပ်မယ့်သူက ``မင်းမှာ မောင်နှမ ဘယ်နှစ်ယေက် ရှိသလဲ။ ကျောင်း ဘယ်နှစ်နှစ် နေခဲ့ဖူးသလဲ´´ စတဲ့ ခပ်လွယ်လွယ် မေးခွန်း အနည်းငယ်လောက် မေးပါတယ်။ သူတို့ ညစာ အတူစားကြပြီး အဲဒီမှာပဲ ကူယန်က သူ့ကို လက်ထပ်ဖို့ သဘောတူခဲ့ပါတယ်။
``တိုင်ဝမ်မှာ ကျမဘ၀ အဆင်ပြေပါတယ်။ ကျမ အမျိုးသားနဲ့ သူရဲ့ မိဘမောင်ဖွားတွေက ကျမအပေါ် ကောင်းရှာပါတယ်´´ လို့ တန်လော့ဆီ အလည်တခေါက် ပြန်လာတုန်း သူမက ဆိုပါတယ်။
ဒါပေမဲ့ အိမ်ထောင်ရက်သားပြုမယ့် အရွယ် အမျိုးသမီးငယ်တွေ အစုလိုက် အပြုံလိုက် တစုတဝေးတည်း ထွက်ခွာသွားကြတာကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေရတဲ့ တန်လော့ကျွန်းက လုလင်ပျိုလေးတွေရဲ့ ဘ၀ အတွက်ကတော့ တကယ့်ကို စိတ်မကောင်းစရာပါ။
အသက် ၁၉ နှစ်အရွယ် ငူယန်ဟွင်းမုံ (Nguyen Hoang Mong) က ``ရှိသမျှ မိန်းကလေးတွေ ထွက်သွားကြရင်တော့ ကျနော်တို့ ယူစရာ မိန်းကလေး ကျန်တော့မှာ မဟုတ်ဘူး။ တကယ်တော့ လက်ထပ် အိမ်ထောင်ပြုကြတယ် ဆိုတာ ငွေကြေးဓန အတွက်ကြောင့်တော့ မဖြစ်သင့်ပါဘူးဗျာ။ ဒါဟာ ချစ်ခြင်းမေတ္တာ အတွက်ကြောင့်သာပဲ ဖြစ်သင့်ပါတယ်ဗျာ´´ လို့ သူက ပြောဆိုလိုက်ပါတယ်။
(Vietnamese women wed foreigners to help family By BEN STOCKING, Associated Press Writer - ကို နားလည်သလို ပြန်လည်ခံစား ဖော်ပြအပ်ပါတယ်။)
Monday, August 18, 2008
တန်လော့ကျွန်းရဲ့ မိန်းမပျိုများ
Subscribe to:
Post Comments (Atom)
1 comment:
အမျိုးသမီး များ များများသိစေရန်လိုသည်..။ မြန်မာမလေးများ သင်ခန်းစာရစေချင်သည်..။
ဒီက နိုင်ငံခြားသူတွေဘ၀..ကိုရီးယား ကေဘီအက် တီဗီမှာ ဟန်လုပ်ပြနေခြင်းသာဖြစ်ကြောင်း.တကယ်ဘ၀ ကို အပြင်မှာတွေ့နေရတာတွေပါ ထပ်မံတင်ပြပေး စေချင်ပါသည်...။ကျေးဇူးပါ...။
Post a Comment