Monday, August 18, 2008

လုပ်အားခလစာ မရရှိ၍ တိုင်ကြားသူများ သိရှိစေရန်

ကိုရီးယားအစိုးရသည် ရက်လွန်(over stay)နေထိုင်သူများအား နည်းမျိုးစုံဖြင့် ဖမ်းဆီးနှိမ်နင်းလျှက်ရှိပါသည်။ ထိုအနက်မှ ယခုအခါတွင် လုပ်အားခလစာ မရရှိ၍ တိုင်ကြားသူ နိုင်ငံခြားသား အလုပ်သမားများ၏ အမှုကိစ္စများအား ဖြေရှင်းပေးနေသည့် အလုပ်သမားဝန်ကြီး ဋ္ဌာနသို့ ရက်လွန်(over stay)နေထိုင်သူ ဖြစ်ပါက လူဝင်မှုကြီးကြပ်ရေးရုံးသို့ သတင်းပေးပို့ရန် ညွှန်ကြားထားသည်ဟု သိရှိရပါသည်။

ယခင် အခါကမူ အလုပ်သမားဝန်ကြီးဋ္ဌာနမှ နိုင်ငံခြားသားအလုပ်သမားများ၏ လုပ်အားခလစာ မရရှိမှု ကိစ္စများအား ဖြေရှင်းပေးပြီးမှသာလျှင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ သတင်းပေးပို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံခြားသား အလုပ်သမားများအနက် လုပ်အားခလစာ တိုင်ကြားသူများ၏ အများစုမှာ သက်ဆိုင်ရာ နိုင်ငံခြားသား အလုပ်သမားစင်တာများ မှတဆင့် သွားရောက် အကူအညီတောင်းခံ တိုင်ကြားခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသား အလုပ်သမားစင်တာများသည် ပထမဦးစွာ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံများသို့ ဆက်သွယ် အကြောင်းကြားပြီး မေတ္တာရပ်ခံ တောင်းခံပေးပါသည်။ ထိုမှတဆင့် အဆင်မပြေပါက သက်ဆိုင်ရာ ဒေသရှိ အလုပ်သမားဝန်ကြီးဋ္ဌာန ရုံးများသို့ လုပ်အားခလစာ တိုင်ကြားချက်များအား တိုင်ကြားပေးပါသည်။
လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှ ညွှန်ကြားချက်များ ရှိသည်ဟု ဆိုကာ ဖမ်းဆီးပြန်ပို့ ခံရမည်ကို စိုးရိမ်၍ မိမိ ရပိုင်ခွင့်ရှိသော လုပ်အားခလစာများ တိုင်ကြားခြင်းမပြုလုပ်ရန် အတွက် အသိပေးခြင်းမဟုတ်ပါ။ မိမိရပိုင်ခွင့်ရှိသော လုပ်အားခလစာများအား မရရှိပါက အဆင့်ဆင့်တိုင်ကြား၍ ရယူကြစေရန် တိုက်တွန်းလိုက်ပါသည်။ ထိုသို့တိုင်ကြားရာတွင် သက်ဆိုင်ရာနယ်မြေရှိ နိုင်ငံခြားသား အလုပ်သမားစင်တာ များအား သွားရောက်တိုင်ကြားကြရန် အကြံပြုလိုပါတယ်။ ဥပမာ ပူဆန်မြို့တွင် အလုပ်လုပ်ခဲ့သော စက်ရုံမှ လုပ်အားခလစာ မရရှိခဲ့သော် ပူဆန်မြို့ရှိ နိုင်ငံခြားသား အလုပ်သမားစင်တာများတွင် တိုင်ကြားရန်ဖြစ်ပါသည်။ လိုအပ်လျှင် ကိုယ်စားလှယ်လွှဲစာ ပြုလုပ်၍ ကိုယ်စား တောင်းခံပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ နိုင်ငံခြားသား အလုပ်သမား စင်တာ များသည် သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဋ္ဌာန တာဝန်ခံနှင့်ညှိနှိုင်းကာ ကူညီ ဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။

2 comments:

Mandalaywith said...
This comment has been removed by the author.
Unknown said...

Very good......