Sunday, July 28, 2013

မြန်မာအလုပ်သမားတွေကို ဖုန်းကတ်ရောင်းတဲ့ ကိုရီးယားက ကျနော့်ကိုပြောတယ်ဗျာ။

ရေးသားသူ —စိုးမိုးသူ


သူက
ဒီမှာ မင်း စိတ်မဆိုးရင် ပြောချင်တယ်၊
ငါတွေ့ကြုံဖူးတဲ့ ဒီကိုရီးယားမှာ လာအလုပ်လုပ်နေတဲ့ မင်းတို့ မြန်မာတွေ သိပ်ပေါ့တယ်၊ အလေးအနက် မရှိဘူးတဲ့

ကိုယ့်လူမျိုးကို အပြစ်ပြောတော့ ဟုတ်တာ မဟုတ်တာ အသာထား၊ နဲနဲတော့ တင်းသွားတာပေါ့နော်၊ ဒါနဲ့ တင်းတာကို ဘေးချိတ်ထားပြီး ပြောပါဦးဗျ ခင်ဗျား အမြင်ကိုဆိုပြီး မေးလိုက်ပါတယ်။

သူက 
အီးပီအက်စ်နဲ့ ကိုရီးယားမှာ အလုပ်လုပ်လာလုပ်ကြသူတွေတိုင်းကို နေထိုင် အလုပ်လုပ်ခွင့် ၃နှစ်ကနေ ၄နှစ်၁၀လအထိ ပေးထားတယ်။ ဒါ နည်းတဲ့ အချိန် မဟုတ်ဘူးလေ။

အဲဒီတော့ ကိုရီးယားမှာ နှစ်နဲ့ချည်ပြီး နေထိုင်ရမှာကို သိထားကြတဲ့အတွက် ကိုရီးယားတွင်း မိမိနေထိုင် ရာမှာ အဆင်ပြေဖို့အတွက်၊ အန္တရာယ်ကင်း လုံခြုံစွာ အလုပ်လုပ်ကိုင် နေထိုင်နိုင်ဖို့အတွက် 
ကိုရီးယားတွင်းက မိမိနဲ့ ပတ်သက်ရာ အကြောင်းအရာတွေကို မှတ်သားထား၊ လေ့လာထားသင့်ရဲ့သားနဲ့
အဲ့ဒီလို မလုပ်ကြ မကြိုးစားကြဘူး။ ကျနော် အဲဒါ မသိဘူး၊ ကိုရီးယားလို မတတ်ဘူး ဟီးဟီးဟီး ဆိုပြီး  မသိတာ မတတ်တာကို လောက နိယာမ လုပ်နေကြတယ်လေ။

ငါနဲ့ နီးစပ်ရာကို ပြောပြရမယ်ဆိုရင် ကိုယ့် စမတ်ဖုန်း(ကတ်ဖုန်း)မှာ သုံးတဲ့၊ သုံးလေ့ရှိတဲ့ ကတ် အမျိုး အစားက KTလား SKလားကိုတောင် မမှတ်ထားကြ၊ သိအောင် မလုပ်ထားကြတော့ ကတ်ကုန်လို့ ကတ်ဝယ်တဲ့ အခါ ဘယ်ကတ်မျိုး ၀ယ်ရမလဲ မသိသလို၊ ကတ်မှားဝယ်လို့ ဖုန်းဘိုး ထည့်မရတာတွေလည်း ခဏခဏ ဖြစ်ကြတယ်လေ။ ကိုယ် နေ့စဉ် မဖြစ်မနေ သုံးနေရတဲ့ ဖုန်းမှာ သုံးတဲ့ ကတ် အမျိုးအစား ကိုတောင် မှတ်ထားဖို့ မကြိုးစားတော့ အဲဒီလို နိုင်ငံသားတွေရှိတဲ့ တိုင်းပြည်က ဘယ်လိုလုပ်ပြီး တိုးတက် မှာလဲ။

နောက်ပြီး ခု အလုပ်ရှင်တွေဟာ နိုင်ငံခြားသား အလုပ်သမားကို အလိုရှိလို့ အလုပ်သမားဝန်ကြီးဌာနကို အလုပ်သမားလျှောက်တဲ့အခါ မြန်မာဆိုရင် မသုံးချင်ကြဘူးတဲ့၊ 
ဘာလို့လဲဆိုတော့ မြန်မာက အလုပ်ဆင်းချိန် ဒေါင်ဆိုတာနဲ့ လုပ်ဆဲ အလုပ်ကို နဲနဲလောက်ထပ် လုပ် လိုက်ရင် ပြီးနိုင်ရဲ့သားနဲ့ နောက်နေ့မှ လုပ်မယ်ဆိုပြီး ဒီအတိုင်း ထားခဲ့တယ်လေ။ 
ထိုင်းတို့ ကမ်ဘောဒီးယား နိုင်ငံသားတွေကတော့ အလုပ်ဆင်းချိန်ရောက်ပေမယ့်လည်း နဲနဲ ဆက်လုပ် ရင် ပြီးနိုင်လောက်တဲ့ အလုပ်ဆိုရင် ပြီးအောင် လုပ်ပေး လက်စသတ်ပေးတော့ သူဌေးတွေက ကြိုက်ကြ တယ်၊ အလုပ်ဆင်းချိန်မှာ အလုပ်ဆက်လုပ်ရမယ်လို့ ငါဆိုလိုတာ မဟုတ်ပါဘူး၊ ဒါပေမယ့် အမြဲတမ်း တဘက်ကိုပဲ ကြည့်ပြီး တဘက်ကို မကြည့်တတ်ရင်တော့ အင်အားကြီးသူဘက်က ဆုံးဖြတ်တာကို မရှောင်နိုင်ပဲ ခံရတတ်တယ်လေ၊ 

ရလာဒ်အဖြစ်ကတော့ ခု ကုန်ထုတ် လုပ်ငန်းဘက်က အလုပ်ရှင်တွေက မြန်မာ ဆိုရင် မလိုချင်  ကြတော့ မြန်မာတွေကို စိုက်ပျိုး မွေးမြူ ရေလုပ်ငန်းလို အရမ်းပင်ပန်းတဲ့ ဘက်တွေကို ပို့ကြတယ်လေ။ 
အဲဒီ အလုပ်တွေက အရမ်းပင်ပန်းလွန်းတော့ မလုပ်နိုင်ကြပဲ ထွက်ပြေးလာကြသူတွေလည်း အများကြီးရှိနေပြီ။ အဲဒီလို ထွက်ပြေးတာတွေ များလွန်းလို့ မြန်မာနိုင်ငံသား အိုဗာစတေး နေထိုင်သူ အရေ အတွက်တွေ တိုးလာလို့ရှိရင် နောင်ကို ကိုရီးယားအစိုးရက မြန်မာအလုပ်သမားကို ဒီကို အလုပ်လာလုပ်ဖို့ မခေါ်တော့တာတွေဖြစ်လာနိုင်တယ်လေ။ 

တချိန်က မင်းတို့နိုင်ငံဟာ ငါတို့ထက် ချမ်းသာတဲ့ နိုင်ငံဖြစ်ခဲ့ပြီး ငါတို့ဟာ အလွန် ဆင်းရဲတဲ့ နိုင်ငံဖြစ်ခဲ့တယ်။ 
ဒါပေမယ့် ငါတို့ဟာ တိုးတက်ချင် ချမ်းသာချင်လို့ တိုးတက်ရမယ် ချမ်းသာရမယ်ဆိုတဲ့ ရည်ရွယ်ချက် ဦးတည်ချက် ဆုံးဖြတ်ချက်တွေကို မနားမနေ ကြိုးစားအကောင်အထည် ဖော်ခဲ့တာမို့ ခု ငါတို့ တိုင်းပြည် ချမ်းသာနေပြီ။ 

မင်းတို့ တိုင်းပြည်လို သယံဇာတတွေ ပေါကြွယ်ဝတဲ့ တိုင်းပြည်လိုမျိုးဆိုရင် ငါတို့တွေ 
 လောက်တောင် သွေးချွေး မထွက်ပဲ မြန်မြန် တိုးတက် ချမ်းသာလိမ့်မယ်လို့ ငါယုံကြည်တယ်။ 
ဒါပေမယ့် ငါ့ယုံကြည်ချက်တွေဟာ ဒီမှာ ငါတွေ့နေရတဲ့ မြန်မာတွေရဲ့ မကြိုးစားမှု၊ အလေးအနက်မရှိမှု၊ ပျင်းရိမှုတွေကြောင့် တဖြေးဖြေး ပပျောက်ရမလို ဖြစ်နေပြီလေ။

စေတနာရှေ့ထားပြီး တရွှတ်ရွှတ်နဲ့ ပြောနေတဲ့ ကိုရီးယားကြီးကို ကြည့်ပြီး ကျနော်လည်း ဘာပြန်ပြော ရမှန်း ဘာဖာထေးပြောရမှန်း မသိတာနဲ့ပဲ ဟဲဟဲဟဲ လုပ်နေခဲ့ပါတယ်။

ကျနော်တို့ ညီအကိုတွေကကော သူပြောတာတွေကို ဘယ်လို လက်ခံပေးနိုင်မလဲ မသိဘူးနော်။
သေချာတာကတော့ ကမ္ဘာမှာ မြန်မာ ဆိုတာထက် ကိုရီးယားမှာ မြန်မာ ဆိုတာ ဘာလဲ ဆိုတာကို ကျနော်တို့  ပြသဖို့ အချိန်တန်နေပါပြီဆိုတာပါပဲ။

မှတ်ချက်။ ဒါ ကိုရီးယားက မြန်မာလူမျိုးကို စော်ကားတာ၊ အမျိုးဂုဏ် ဇာတိဂုဏ် ထိခိုက်တယ်၊ အမျိုးစောင့်ရမယ် ဆိုပြီး သမတရုံးကနေ ကန့်ကွက်စာတွေထုတ် ရန်တွေ့ဖို့ လုပ်တာတွေတော့ မဖြစ်စေချင်ဘူးနော်။

3 comments:

shweyoe said...

ကိုစိုးမိုးသူ
လေးစားပါတယ်။
လုံးဝ သဘောတူပါတယ်။
ပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့လို့ အခု ခေါ်တောကုလားတွေ မြန်မာကိုခိုင်းစားနေရတော့ ဘ၀င်ခိုက်ပြီး ၀င်လာမစဲ တသဲသဲဖြစ်နေတာပေါ့

Unknown said...

အတုယူသင့်ပါတယ် သူ ပြောသွားတာ ကောင်းစေချင် လို့ပါ ကျေးဇူးတင်ပါတယ် ဗျာ

မဒမ်ကိုး said...

ပြောတဲ့သူကိုရောတင်ပေးတဲ့သူကိုရောလေးစားလျှက်

မဒမ်ကိုး