Saturday, July 27, 2013

တဒင်္ဂနဲ့ တဘ၀ကို မလဲမိစေဖို့ သတိပြုကြစို့

ရေးသားသူ — စိုးမိုးသူ

2011ခုနှစ်က အမျိုးသမီးများအား မဖွယ်မရာပြုသူ နိုင်ငံခြားသားအား ဖမ်းဆီးလာစဉ်

ပင်လယ်ကမ်းခြေစောင့် ရဲဌာနရဲ့ လိင်စော်ကားမှုဆိုင်ရာ စုံစမ်းရေးဌာန ရဲများဟာ ယခုလ ၂၄ရက်နေ့က ဘူဆန်း ဟဲအွန်းဒဲ ပင်လယ်ကမ်းခြေ ရေကူးစပ်တွင် ရေကူးဝတ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးများအား ဓာတ်ပုံ ခိုးရိုက်သူ အင်ဒိုနီးရှားနိုင်ငံသား K(၄၀နှစ်)တဦးကို ဖမ်းဆီးခဲ့ပါတယ်။ အလားတူ ပြစ်မှုဖြင့် အဖမ်း ခံရတဲ့ နိုင်ငံခြားသား ၃ဦးထပ်ရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံသားKဟာ ၂၁ရက်နေ့ နေ့လယ်တွင် ဟဲအွန်းဒဲ ကမ်းခြေတွင် နေပူစာ လှုံနေသူ၊ ရေကူးနေသူ အမျိုးသမီး ၁၉ဦးရဲ့ ဖုံးကွယ်အပ်တဲ့ ခန္ဓာကိုယ် အပိုင်းများကို ဒီဂျစ်တယ် ကင်မရာဖြင့် ခိုးဝှက် ရိုက်ကူးခဲ့ပါတယ်။

မလေးရှားနိုင်ငံသားL(၂၂နှစ်)ဟာလည်း ၂၀ရက်နေ့ နေ့လယ်၂နာရီခွဲခန့်မှာ ဒီဂျစ်တယ်ကင်မရာဖြင့် အမျိုးသမီး ၁၂ဦးရဲ့ ခန္ဓာကိုယ်ကို ခိုးဝှက် ရိုက်ကူးခဲ့သလို ဥဇဘက်ကစ္စတန်D(၂၉နှစ်)နှင့် L(၃၀နှစ်)တို့ဟာ လည်း အဲဒီနေ့မှာ အမျိုးသမီး၉ဦးကို ရုပ်သံ၊ဓာတ်ပုံများ ရိုက်ကူးခဲ့တာကြောင့် အထိမ်းသိမ်းခံခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံရဲ့ လိင်စော်ကားမှုဆိုင်ရာ ဥပဒေအရ အမျိုးသမီး သို့မဟုတ် အမျိုးသားဟာ မိမိအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသူအား တရားစွဲဆိုနိုင်ခွင့်ရှိသလို တရားစွဲဆိုခြင်း မပြုပဲ ကျူးလွန်သူထံမှာ နစ်နာကြေးကို ယူပြီးလည်း ကြေအေးနိုင်ပါတယ်။
ဒါပေမယ့် ယခုနှစ် ၂၀၁၃ခုနှစ် ဂျွန် ၁၉ရက်နောက်ပိုင်းမှ စပြီး ပြောင်းလဲလိုက်တဲ့ ဥပဒေအရ
လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူကို ကာယကံရှင် မဟုတ်သူကလည်း ၀င်ရောက် တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။
ကာယကံရှင်က ကြေအေးသည်ပဲထား ကာယကံရှင် မဟုတ်သူ(ရဲဌာန၊ မိဘဆွေမျိုး၊ မောင်နှမ၊ သူငယ်ချင်း ၊ မျက်မြင်သက်သေ) မည်သူမဆို ကြားဝင်ကာ ကျူးလွန်သူအား တနှစ်အတွင်း တရားစွဲဆိုပိုင်ခွင့်ရှိတာမို့ ကျူးလွန်သူအဖို့  မဖြစ်မနေ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

နှစ်စဉ် နွေရာသီ ပိတ်ရက်တွင် နိုင်ငံခြားသား အများစုဟာ ပင်လယ်ကမ်းခြေများ(အထူးသဖြင့် ဟဲအွန်းဒဲ)သို့ အပမ်းဖြေ ခရီးထွက်ကြပါတယ်။ အဲဒီအထဲက အချို့ဟာ တဒင်္ဂ သာယာမှုအား ရှေ့တန်း တင်ကာ ရေကူးနေသူ အမျိုးသမီးများအား မဖွယ်မရာပြုလုပ်ခြင်း၊ ခိုးဝှက် ရုပ်သံ ဓာတ်ပုံရိုက်ကူးခြင်း၊ မိမိတို့အချင်းချင်း ဓာတ်ပုံရိုက်ချင်ယောင်ဆောင်ကာ အမျိုးသမီးများအား ဓာတ်ပုံ ခိုးရိုက်ခြင်း များကို ပြုလုပ်ကြတာကြောင့် ကမ်းခြေစောင့် ရဲစခန်းများမှာ အထိမ်းသိမ်းခံကြရပါတယ်။

မိမိဘ၀ရည်မှန်းချက်အတွက် ကိုရီးယားသို့ ခက်ခဲစွာ ၀င်ရောက် အလုပ် လုပ်ကိုင်နေကြသူ ရွှေ့ပြောင်း အလုပ်သမားများ အားလုံး တဒင်္ဂနဲ့ တဘ၀ကို မလဲမိစေဖို့ စေတနာ ရှေ့ထား သတင်းပါး လိုက်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများ အားလုံး အတွက် Happy Summer Vacation ဖြစ်ကြပါစေဗျာ။

 

No comments: