Wednesday, September 3, 2008

ပြောကြစို့လား ကိုရီးယားစကား ( ၂ )

ကိုရီးယားစကားပြောလေ့ကျင့်ခန်းကို စမည်ဆိုတော့ ပြင်ဆင်ကြရမည့် ကိစ္စတွေက ရှိလာသည်။ လမ်းညွှန်မည့်သူနှင့် အားထုတ်မည့်သူတို့အကြား သူ့အပိုင်း၊ ကိုယ့်အပိုင်း ကဏ္ဍအလိုက် တာဝန်ခွဲဝေယူကြရမည်။ ထို့ပြင် လေ့လာမည့် အချိန်ကာလတစ်ခုကို ကန့်သတ်၍ ကြိုးစားအားထုတ်မှုတစ်ခု ပြုလုပ်ကြမည်။ ထို့ပြင် တစ်နေ့ ဘယ်နှစ်နာရီ လေ့လာမည်ကို ဆုံးဖြတ်ပြီး တိတိကျကျ လေ့လာကြရမည်။

ကျွန်တော့်အနေဖြင့်ကတော့ တစ်နေ့လေ့လာချိန် အနည်းဆုံး (၂) နာရီ (သို့မဟုတ်) (၃)နာရီခန့်ဖြင့် (၆) လခန့် ကြိုးစားအားထုတ်စေချင်သည်။ ဤ (၆) လ အတောအတွင်း ကိုရီးယားဘာသာနှင့် ပတ်သက်၍ ဆရာလွတ် ကိုယ်တိုင်လေ့လာသွားနိုင်အောင် အခြေခံသဘောတရားလေးတွေကို ကျွန်တော်ညွှန်ပြပေးမည်။ တတ်ချင်စိတ်ရှိသူတွေက အားထုတ်ကြပါ။
ကိုရီးယားစကားကို အမြန်ဆုံးတတ်အောင် လေ့လာကြမည်ဆိုတော့ နည်းလမ်းလေးတွေ စဉ်းစားကြည့်သည်။ အမြန်ဆုံးတတ်မည့် နည်းလမ်းကတော့ စကားပြောတွေကို အလွတ်ကျက်၍ ပြောခြင်းပင်ဖြစ်သည်။ ကောင်းပြီ။ ထိုစကားပြောတွေကို ဘယ်ကရနိုင်မည်နည်း။ ကိုရီးယားစကားပြောစာအုပ် တစ်အုပ်ဝယ်ပါ။ ကိုရီးယားလို အင်္ဂလိပ်လို ဖတ်ချင်လျှင် Gateway To Korean ဆိုသော စာအုပ်လေးကောင်းသည်။ ကိုရီးယားစာအုပ်ဆိုင်များတွင် ၀ယ်လို့ရသည်။ ထိုစာအုပ်ဖတ်ဖို့ အခက်အခဲရှိလျှင် ချိုဝင်းကျော်၏ ကိုရီးယားစကားပြောစာအုပ်ကို ၀ယ်ပါ။ မြန်မာဆိုင်များတွင် ၀ယ်လို့ရပါသည်။ ၀ယ်ပြီးလျှင် တစ်နေ့ ဆယ်ကြောင်းခန့် အလွတ်ကျက်ပါ။ ထို့ပြင် နေ့စဉ် အလုပ်လုပ်ရင်း လုပ်ဖော်ကိုင်ဖက် ကိုရီးယားလူမျိုးများ စကားပြောလျှင် နားထောင်ပါ။ လေယူလေသိမ်းကို မှတ်ပါ။ စိတ်ထဲမှ လိုက်ပြောကြည့်ပါ။ အခွင့်အရေးရလျှင် မိမိကျက်ထားသော စကားပြောတွေကို အလျှင်းသင့်သလို အသုံးချကြည့်ပါ။ မှားမှား မှန်မှန် မရှက်မကြောက်သာ ပြောပါ။ ထို့ပြင် ကိုရီးယားသီချင်းများ၊ ဇာတ်လမ်းတွဲများ၊ သတင်းများကိုလည်း အချိန်ရသလို နားထောင်ပေးပါ။ သို့သော် စာကျက်ချိန်ကိုတော့ မထိခိုက်ပါစေနှင့်။ ဤသို့ဖြင့် စကားပြောတွေ အသင့်ဖြစ်လာမည်။ ဘယ်လောက်ရအောင် ကျက်သင့်လဲဆိုတော့ စာကြောင်းရေ (၁၀၀၀) လောက်ရအောင် ကျက်သင့်သည်။ ကျက်စရာ လုံးဝ ရှာမရသည့်အဆုံး ဟန်းဂုရွာတွင် တင်ပေးထားသည့် ကျန်မာရေးဆိုင်ရာ စကားပြောတွေကို ကျက်ပါ။ ထိုကျက်ထားသော စကားပြောများသည် စကားပြောရာတွင် အရမ်းမြန်သည်။ အရမ်းထိရောက်သည်။ သို့သော် ထိုအလွတ်ကျက်မှတ်ထားသော စာကြောင်းများသည် လှုပ်ရှားမှုမရှိ။ အခြေအနေကိုက်ညီမှ ပြောလို့ရသည်။ ဤသို့ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။
တစ်ခြားနည်းလမ်းမရှိ။ ထိုအလွတ်ကျက်မှတ်ထားသော စာကြောင်းများကို အသက်သွင်းရမည်။ အသက်သွင်းသည့်နည်းလမ်းမှာ သဒ္ဒါအတတ်ပညာဖြင့် လိုအပ်သလို ပိုင်းဖြတ်အသုံးချခြင်းပင်ဖြစ်သည်။ ဤအပိုင်းကို ကျွန်တော်ကူညီမည်။ အလွတ်ကျက်မှတ်ထားသော စကားပြောတွေ အသက်ဝင်လာလျှင် စိတ်တိုင်းကျပြောလို့ရပြီ။ မိမိ စကားပြောစွမ်းရည် တိုးတက်ဖို့အတွက် ဝေါဟာရစုဆောင်းရမည်။ ကျက်မှတ်ရမည်။ လုပ်ငန်းခွင်ဆိုင်ရာဝေါဟာရများကိုတော့ လုပ်ဖော်ကိုင်ဖက် ကိုရီးယားလူမျိုးများကို နည်းနည်းစီမေး၍ စုဆောင်းနိုင်သည်။ အခြားအထွေထွေဝေါဟာရများကိုတော့ အဘိဓါန်များမှ ရနိုင်သည်။ ဝေါဟာရ (၅၀၀၀) လောက်ရလျှင် တော်တော်လေး ပြောလို့ရသည်။ ပထမအဆင့်အနေဖြင့် ဝေါဟာရ (၂၀၀၀) ခန့် ရအောင် ကျက်မှတ်ပါ။ ကိုရီးယားနှင့်ပါတ်သက်သော မြန်မာပြည်ထုတ်စာအုပ်များ အားလုံးရှိထားလျှင် ပိုကောင်းသည်။ ထိုစာအုပ်များကို အလျှင်းသင့်သလို ကျွန်တော် ရှင်းပြမည်။ ဤကိစ္စများသည် ကျွန်တော်သဒ္ဒါပိုင်းဆိုင်ရာ နှင့် စကားပြောသင်ခန်းစာလေးတွေ ရှင်းပြနေချိန်တွင် သင့်ဘက်ကအားထုတ်ရမည့်အရာများပင်ဖြစ်သည်။ နောက်ဆုံးအဆင့်အနေဖြင့်ကတော့ ကြုံလျှင်ကြုံသလို ပြောဖို့ပဲဖြစ်သည်။ ပြောရဲဖို့ပဲလိုသည်။ အခြား ကိုရီးယားစကားကျွမ်းကျင်သူများပြောလျှင် သေသေချာချာနားထောင် မှတ်သားပါ။ အတွေ့အကြုံရှိသော ကိုရီးယားစကားကျွမ်းကျင်သူ မြန်မာများ စကားပြောလျှင် အထူးဂရုပြု နားထောင်ပေးပါ။ ဤအချက်သည် အရမ်းထိရောက်သည်။ ပြောရင်းက မှားသွားလျှင်လည်း မရှက်ပါနှင့်။ မိမိ၏ အမှားကို ဆင်ခြင်၍ နောက်တစ်ကြိမ် မမှားရအောင် ကြိုးစားပါ။ ရှက်ကြောက်စိတ်သည် သင်ကိုရီးယားစကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ရေးတွင် ဧရာမ အဟန့်အတားပင်ဖြစ်သည်။ ဤအဟန့်အတားကို ကျော်နိုင်လျှင် သင် ကိုရီးယားစကားတတ်ပြီ။ သို့သော် ခြွင်းချက်တော့ရှိသည်။ ကိုရီးယားစာ အခြေခံအဖြစ် ဗျည်း၊ သရ အသံထွက်၊ ဗျည်း သရ ပေါင်းစပ်၍ အသံထွက်ဆိုခြင်း၊ အသတ်သံထွက်ဆိုခြင်း နှင့် ဗျည်း သရ အသတ်တို့ကို ပေါင်းစပ်၍ အသံထွက်ဆိုနိုင်သည်အထိတော့ သင် ကြိုတင်ပြင်ဆင်ထားရမည်။ ယခုထိ မကျွမ်းကျင်သေးသူဆိုလျှင်တော့ ဆရာနေမျိုးနွယ်၏ ကိုရီးယားဘာသာဆိုသော စာအုပ်အကြီးနှင့် ဂျီးန်ဆေားန်၏ အခြေခံသဒ္ဒါနှင့် စကားပြောဆိုသော စာအုပ်ဖြင့်လေ့လာ၍ ကြိုတင်ပြင်ဆင်ထားပါ။ အပိုင်း(၃)တွင် လေ့လာမှု စမည်။ ကျန်းမာရွှင်လန်းကြပါစေ....။ ။

No comments: