သတင်း ၁ ။ သာတူညီမျှအခွင့်အရေးတောင်းဆိုသည့်ရွှေ့ပြောင်းအလုပ်သမားအနှင်ခံရခြင်း။
သတင်း ၂ ။ အီမြောင်ဘာ့ဂ်အစိုးရရဲ့ ရွှေ့ပြောင်းသူတို့နှင့်ဆိုင်သော ပေါ်လစီကန့်ကွက်ပွဲ။
သတင်း ၃ ။ လစာမရရှိမှုအတွက် အာမခံနစ်နာကြေး အစီအစဉ်တွင် အသင်းမ၀င်တဲ့ အလုပ်ရှင်များ များပြားနေခြင်း။
သတင်း ၄ ။ လုပ်ငန်းခွင်တွင်းထိခိုက်ဒဏ်ရာ ရရှိသည့်ရွှေ့ပြောင်းအလုပ်သမားများ တိုးပွား။
သတင်း ၅ ။ လူနည်းစုတို့အတွက် ယဉ်ကျေးမှုပွဲတော်။
ကိုရီးယားနိုင်ငံအခြေခံ ဥပဒေပါအချက်များအား ပြင်ဆင်ပေးမှုကို တောင်းဆိုသည့် ရွှေ့ပြောင်းအလုပ်သမားရဲ့ ကိုရီးယားနိုင်ငံအတွင်း ဆက်လက် နေထိုင်ခွင့်တိုးချဲ့ပေးရန် တောင်းဆိုခြင်းကို ကိုရီးယားအစိုးရမှ ပယ်ချလိုက်သဖြင့်ပြစ်တင်ဝေဖန်ခြင်းများခံနေရကြောင်း သိရှိရပါတယ်။
နေထိုင်ခွင့် တိုးချဲ့ပေးဖို့တောင်းဆိုရတဲ့ရည်ရွယ်ချက်ကတော့ အခြေခံဥပဒေပါအချက်များအား ပြင်ဆင်ပေးရန် ဆောင်ရွက်ဖို့အတွက်ဖြစ်ပါတယ်။
သူဟာ နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ်အကိုင်သင်တန်း ထောက်ပံ့ကြေးဆိုင်ရာဥပဒေ အတည်ပြုမခံရသည့်အတွက် လုပ်ငန်းခွင်တွင်းထိခိုက်ဒဏ်ရာရရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားများရဲ့ သာတူညီမျှအခွင့်အရေးများဖိနှိပ်ခံရမှုကိုမကျေနပ်သဖြင့် လွန်ခဲ့တဲ့လ ၂၂ရက်နေ့က တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။
ဒါပေမဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ပြီးခဲ့တဲ့၁၂ရက်နေ့က သူ့ရဲ့ နေထိုင်ခွင့်တိုးချဲ့ပေးရန်တောင်းဆိုခြင်းအား ငြင်း ပယ်ခဲ့ပြီး သူ့ကို ၂၆ရက်နေ့အထိ ကိုရီးယားနိုင်ငံမှ ထွက်ခွာပေးဖို့ ထုတ်ပြန်ခဲ့ပါတယ်။
ကိုရီးယားဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂနှင့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအဖွဲ့အစည်းများကနေပြီး တရား ရေးဝန်ကြီးနှင့်တွေ့ဆုံခြင်း၊ လက်မှတ်ထိုး တောင်းဆိုခြင်းများပြုလုပ်ခြင်း စတဲ့လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပေမယ့် တရားရေးဌာနကတော့ သူ့ကိုနိုင်ငံမှ ထွက်ခွာပေးဖို့ကိုပဲ အတင်းအကြပ် ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ရှားခီးလ်ဟာ သြဂုတ်လ၂၆ရက်နေ့မှာ ကိုရီးယားနိုင်ငံမှ ထွက်ခွာပေးခဲ့ရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများကနေပြီး တရားစွဲဆိုတဲ့ အမှုမပြီးခင်တရားစွဲသူကို အခုလို နိုင်ငံအတွင်းမှနှင်ထုတ်ခြင်းဟာ မသင့်တော်တဲ့လုပ်ရပ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင်အစိုးရအနေဖြင့် သူ့ကို အခုလို နှင်ထုတ်လိုက်ခြင်းရဲ့အဓိကအကြောင်းရင်းဟာ သူဟာရွှေ့ပြောင်းအလုပ်သမားသမဂ္ဂမှာ တက်ကြွစွာဆောင်ရွက်ခဲ့သူဖြစ်တာကြောင့်လို့လည်း စွပ်စွဲ ဝေဖန်လိုက်ပါတယ်။
ရှားခီးလ်ဟာ၁၉၉၈ခုနှစ်မှာ ကြောရိုးမရောဂါကြောင့် လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိခြင်းဆိုင်ရာ ဆေးဝါးကုသပေးခြင်းကို ခံခဲ့ပါတယ်။
၂၀၀၆ခုနှစ်မှာ အလုပ်အကိုင်သင်တန်းကြေး ထောက်ပံ့ပေးဖို့ အလုပ်သမားလူမှုဖူလှုံရေးဌာမှာ တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် သူဟာ အဲဒီ အလုပ်သမားလူမှုဖူလှုံရေးဌာနကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
သတင်း ၂ ။ အီမြောင်ဘာ့ဂ်အစိုးရရဲ့ ရွှေ့ပြောင်းသူတို့နှင့်ဆိုင်သော ပေါ်လစီကန့်ကွက်ပွဲ
လွန်ခဲ့တဲ့ သြဂုတ်လ ၂၈ရက်နေ့ ဂယောင်ဟွီးတက္ကသိုလ်မှာ “အီမြောင်ဘာ့ဂ်အစိုးရရဲ့ ရွှေ့ပြောင်းသူတို့နှင့်ဆိုင်သော ပေါ်လစီ” အားကန့်ကွက်တဲ့ နှီးနှောဖလှယ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ၃ရက်တိုင်တိုင် ကျင်းပခဲ့တဲ့ “ကိုရီးယားလူမှုဝန်းကျင်ဖော်ရွမ်းပွဲ ”ရဲ့ အပိုင်းတပိုင်းဖြစ်တဲ့ အဆိုပါ နှီးနှောဖလှယ်ပွဲရဲ့ ခေါင်းစဉ်ကတော့ “အောက်ခြေမှကမ်းလှမ်းချက်အားအပြည့်အ၀နားလည်ပေးမှု” ဖြစ်ပြီး ရွှေ့ပြောင်းသူတို့အရေးအတွက် လှုပ်ရှားမှုအဖွဲ့ မှ စီစဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါပွဲအား ဂို(င်)ဂမ်းရှေ့နေများအဖွဲ့ ရှေ့နေဂျောင်ဂျောင်ဟိုးရဲ့ “အီမြောင်ဘာ့ဂ်အစိုးရရဲ့ ရွှေ့ပြောင်းသူတို့အပေါ် ကန့်သတ်ထိန်းချုပ်သည့်စနစ်” ဆိုတဲ့ ဆွေးနွေးတင်ပြချက်ဖြင့် စတင်ခဲ့ပြီး စိတ်ပါဝင်စားစွာ တက်ရောက်ကြတဲ့ ရွှေ့ပြောင်းသူတို့ဖြင့် ပြည့်နှက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲဟာအစိုးရရဲ့ ရွှေ့ပြောင်းသူတို့အပေါ်သတ်မှတ်သည့်စနစ်ရဲ့ ပြဿနာများအား ထုတ်ဖော်အပြစ်တင်ကာ ကျင့်သုံးသင့်သော စနစ်များကိုလည်း အတူ တင်ပြဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲလည်း ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။
သတင်း ၃ ။ လစာမရရှိမှုအတွက် အာမခံနစ်နာကြေး အစီအစဉ်တွင် အသင်းမ၀င်တဲ့ အလုပ်ရှင်များ များပြားနေခြင်း။
ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ လစာငွေမရရှိခြင်းပြဿနာကို ဖြေရှင်းပေးဖို့အတွက် အတည်ပြုပြဌာန်းခဲ့တဲ့ လစာမရရှိမှုအတွက်အာမခံနစ်နာကြေးအစီအစဉ်တွင် အသင်းဝင်သူများ နှစ်စဉ်ကျဆင်းလျှက်ရှိကြောင်းသတင်းရရှိပါတယ်။
ရွှေ့ပြောင်းအလုပ်သမားကို အသုံးပြုတဲ့ လုပ်ငန်းရှင်တိုင်းဟာ မဖြစ်မနေ အဲဒီ နစ်နာကြေးအစီအစဉ်မှာ အသင်းဝင်ရ မှာဖြစ်ပါတယ်။ ထိုစနစ်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လစာငွေမရရှိခြင်းပြဿနာကို ဖြေရှင်းနိုင်ဘို့အတွက် အလုပ်သမားအသုံးပြုခွင့်စနစ်ကျင့်သုံးတဲ့ အချိန်ကစပြီး အတည်ပြုခဲ့တဲ့စနစ်တွေထဲက စနစ်တခု ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုရီးယားနိုင်ငံလုပ်ငန်းခွင်တွင်း အလုပ်သမားအင်အားဖြည့်ဆည်းရေးအဖွဲ့အစည်းရဲ့ သြဂုတ်လ၂၄ရက်နေ့မှာ စစ်ဆေးခဲ့တဲ့ “နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ လျော်ကြေးစနစ် အသင်းဝင်ခြင်းဆိုင်ရာ လက်ရှိ အခြေအနေ”ကို ကြည့်တဲ့အခါ ယခုနှစ် ဇူလိုင်လရဲ့ အသင်းဝင်မှု ရာခိုင်နှုန်းဟာ ၆၂ဒဿမ၈ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ၂၀၀၅ခုနှစ်က အသင်းဝင်နှုန်း ၉၂ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်ရင် အတော် ကျဆင်းလာတာ ဖြစ်ပါတယ်။ ယခုနှစ် အစပိုင်းမှာ အလုပ်သမားဝန်ကြီးဌာနကနေပြီး စည်းကမ်းဖောက်ဖျက်မှုကြောင့် အရေးယူခဲ့တဲ့ လုပ်ငန်းခွင်များ စုစုပေါင်းဟာ ၁၇၃၀ခု ရှိခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားလူ့အခွင့်အရေးအဖွဲ့အစည်းများကတော့ အဆိုပါ အာမခံနစ်နာကြေးအစီအစဉ်တွင် အသင်းမ၀င်သော လုပ်ငန်းများ၊ အသင်းဝင်ပြီးသော်လည်း လစာငွေအား မပေးပဲနေသော လုပ်ငန်းများလည်း များစွာ ရှိနေသေးကြောင်းကို ညွှန်ပြ ပြောဆိုနေကြကြောင်း သတင်းရရှိပါတယ်။
သတင်း ၄ ။ လုပ်ငန်းခွင်တွင်းထိခိုက်ဒဏ်ရာ ရရှိသည့်ရွှေ့ပြောင်းအလုပ်သမားများ တိုးပွား။
ကိုရီးယားနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများရဲ့ လုပ်ငန်းခွင်တွင်း ထိခိုက် ဒဏ်ရာရခြင်းများသည် တိုးပွားလျက်ရှိကြောင်း သိရှိရပါတယ်။ ကိုရီးယားနိုင်ငံနိုင်ငံခြားသားအလုပ်သမား ထောက်ပံ့ရေးစင်တာမှ သြဂုတ်လ၂၅ရက်နေ့ထုတ်ဝေသည့် 'Migrant OK' ဘာသာစုံသတင်းစာတွင် ပါရှိတဲ့ သတင်းများအရ ၂၀၀၄ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ ရွှေ့ပြောင်းအလုပ်သမားများရဲ့ လုပ်ငန်းခွင်တွင်း ထိခိုက်မှုနှုန်းသည် ပုံမှန် တိုးတက်နေပြီး လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားများအရေအတွက်သည် အလုပ်သမားအယောက်၁၀၀တွင် ၂၀၀၄ခုနှစ်က ၀.၆၅ဦး ဖြစ်ခဲ့ရာမှ ၂၀၀၇ခုနှစ်တွင် ၁.၀၁ဦးသို့ တိုးလာပါတယ်။
ဒီလို တိုးလာမှုဟာ ကိုရီးယားနိုင်ငံသားအလုပ်သမားများရဲ့ လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရရှိနှုန်းများဖြစ်တဲ့ ၂၀၀၄ခုနှစ် ၀.၈၅ဦးမှ ၂၀၀၇ခုနှစ် ၀.၇၂ဦးသို့ တိုးလာနှုန်းနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် များစွာ ကွာခြားနေကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ သရီးဒီလို့ခေါ်တဲ့ ညစ်ပတ်၊ ခက်ခဲ၊ အန္တရာယ်များတဲ့ အလုပ်တွေမှာ လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများရဲ့ လုပ်ငန်းခွင်တွင်းထိခိုက်မှုနှုန်းအမှန်သည် မိမိတို့သတင်းစာပါနှုန်းထက် ပိုမိုနိုင်ကြောင်းကိုလည်း အဆိုပါဘာသာစုံသတင်းစာက ထပ်လောင်း ပြောကြားလိုက်ကြောင်း သတင်းရရှိပါ တယ်။
သတင်း ၅ ။ လူနည်းစုတို့အတွက် ယဉ်ကျေးမှုပွဲတော်
အွီဂျောင်ဘူးမြို့မှာ “လူနည်းစုတို့အတွက် ယဉ်ကျေးမှုပွဲတော်”ကို
စက်တင်ဘာ၅ရက်နေ့ကစပြီး ၃ရက်တိုင်တိုင် ပြုလုပ်ခဲ့ပါတယ်။
အွီဂျောင်ဘူမြို့ အနုပညာခမ်းမဆောင်တွင်း ကျင်းပခဲ့တဲ့ အဲဒီ လူနည်းစုတို့အတွက် ယဉ်ကျေးမှုပွဲတော်မှာ ဂီတ၊ ပြဇာတ်စတဲ့ ဖျော်ဖြေမှုများ၊ နှီးနှောဖလှယ်ပွဲများ၊ အခြား ပူးတွဲ ဖျော်ဖြေမှုများကို ပြုလုပ် တင်ဆက်ခဲ့ပါတယ်။
အဲဒီပွဲမှာ လူမှုအသိုင်းအ၀န်းတွင်း အနည်းစုဖြစ်ကြသည့် ရွှေ့ပြောင်းအလုပ်သမား၊ ကိုရီးယားကပြားများ၊ လိင်ပိုင်းဆိုင်ရာနှင့် ဆက်နွယ်သူများနှင့် မသန်မစွမ်းသူများ စသည်တို့ ပူးပေါင်း ပါဝင်ကြကာ ၎င်းတို့ရဲ့ ကိုယ်ပိုင် ရပိုင်ခွင့်များအား တင်ပြကြခြင်းနှင့် ယဉ်ကျေးမှုပွဲများတွင် ပါဝင် ဆင်နွှဲကြခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါပွဲမျိုးအား အန်ဆန်း အနုပညာခမ်းမဆောင်တွင်လည်း တပြိုက်နက် ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
No comments:
Post a Comment