Tuesday, October 28, 2008

သတ္တမ ပုဏ္ဏား နှင့် တတိယ သစ်ခုတ်သမား

၊ ၁ ၊

မျက်မမြင် ပုဏ္ဏား ခြောက်ယောက် ပုံပြင်ကို လူတိုင်းလိုလို ကြားဖူးကြပါလိမ့်မည်။

တခါက ဆင်ဆိုတာ ဘယ်လိုသတ္တ၀ါမျိုးလဲဟု သိလိုသဖြင့် စူးစမ်းကြသော မျက်မမြင် ပုဏ္ဏား ခြောက်ယောက် ရှိသည်။ သူတို့သည် ဆင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို လက်ဖြင့် စမ်းသပ်ကြည့်ကြသည်။ ပုဏ္ဏားတို့သည် သူတို့ စမ်းသပ်မိသော နေရာ၏ သဘောသဘာဝကို သူတို့ သိထားသော အခြားအရာတို့ဖြင့် နှိုင်းယှဉ်ကာ `ဆင်ဆိုသည်မှာ…´ ဟူ၍ အနက်အသီးသီး ဖွင့်ဆိုကြလေသည်။

ဆင်၏ နှာမောင်းကို စမ်းမိသောပထမ ပုဏ္ဏားက — ဆင်ဆိုသည်မှာ မြွေကဲ့သို့ ရှည်ရှည်မျောမျော အရာ ဖြစ်သည် — ဟူ၍ ဖွင့်ဆိုသည်။ ဆင်၏ အစွယ်ကို စမ်းမိသော ဒုတိယ ပုဏ္ဏားက — ဆင်ဆိုသည်မှာ တုတ်ချောင်းကဲ့သို့ မာမာလုံးလုံး အရာ ဖြစ်သည် — ဟူ၍ ပြောဆိုသည်။ ဆင်၏ နားရွက်ကို စမ်းမိသော တတိယ ပုဏ္ဏားက — ဆင်ဆိုသည်မှာ ယပ်တောင်ကဲ့သို့ ပြားပြားဝိုင်းဝိုင်း အရာ ဖြစ်သည် — ဟူ၍ မိန့်ဆိုသည်။ ဆင်၏ ကိုယ်လုံးကို စမ်းမိသော စတုတ္ထ ပုဏ္ဏားက — ဆင်ဆိုသည်မှာ အုတ်နံရံကဲ့သို့ ထူထူမြင့်မြင့် အရာ ဖြစ်သည် — ဟူ၍ ကြွေးကြော်သည်။ ဆင်၏ ခြေထောက်ကို စမ်းမိသော ပဉ္စမ ပုဏ္ဏားက — ဆင်ဆိုသည်မှာ တိုင်ကဲ့သို့ တုတ်တုတ်ရှည်ရှည် အရာ ဖြစ်သည် — ဟူ၍ ဟစ်ကြွေးသည်။ ဆင်၏ အမြီးကို စမ်းမိသော ဆဋ္ဌမ ပုဏ္ဏားက — ဆင်ဆိုသည်မှာ ကြိုးကဲ့သို့ ပျော့ပျော့ခွေခွေ အရာ ဖြစ်သည် — ဟူ၍ ကျူးရင့်သည်။

ပုံပြင်က ဤနေရာတွင် အဆုံးသတ်သွားသည်။ ပုံပြင်၏ နောက်ဆက် ဥပဒေသ အဖြစ် ပြရာ၌ အလုံးစုံကို မမြင်လျှင် မိမိ စမ်းမိသလောက်ကိုပင် အမှန်ဟု ထင်နေတတ်သည်ဟူ၍ ဖော်ပြကြပါသည်။

ဤပုံပြင်သည် လူ့သမိုင်း၌ မည်သည့်နေရာ မည်သည့်ကာလက စတင်ပေါ်ပေါက်ခဲ့သည်ဟု မည်သူမျှ တပ်အပ်မသိ။ သို့ရာတွင် ကမ္ဘာ့နေရာ အနှံ့တွင် ဤပုံပြင် ပြန့်နှံ့ခဲ့သည်ကတော့ အသေအချာ။ နှစ်ပေါင်းများစွာ ကြာညောင်းလာခဲ့ပြီးနောက် လူတို့နေထိုင်ရာ ဤကမ္ဘာ၏ တနေရာတွင် သတ္တမမြောက် ပုဏ္ဏားတဦး ပေါ်ထွန်းလာခဲ့လေသည်။

၊ ၂ ၊

သတ္တမမြောက် ပုဏ္ဏားဟု ခေါ်ဆိုရခြင်းမှာ ၄င်းပုဏ္ဏားသည် ပုံပြင်ထဲမှ ဆင်ဆိုသည်မှာ… ဆိုသည့် ဖွင့်ဆိုချက်များကို ဟောပြောသော ပုဂ္ဂိုလ် ဖြစ်နေသောကြောင့် ဖြစ်သည်။

သတ္တမ ပုဏ္ဏားသည် မျက်မမြင်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် မျက်စိ မြင်သူလည်း ဖြစ်နိုင်သည်။ သို့မဟုတ် မြင်သည်လည်း မဟုတ်, မမြင်သည်လည်း မဟုတ် ဖြစ်နိုင်သည်။ ပုံပြင်ထဲမှ ထွက်လာသူလည်း ဖြစ်နိုင်သည်။ သို့မဟုတ် သီးခြား မွေးဖွားလာသူလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ သတ္တမ ပုဏ္ဏားသည် အမှန်တကယ် ရှိနေသူ ဖြစ်၏။

သတ္တမ ပုဏ္ဏားသည် ပုံပြင်ထဲမှ ပုဏ္ဏားခြောက်ယောက်နှင့် ဆရာတပည့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဆရာတပည့် မဟုတ်သူလည်း ဖြစ်နိုင်သည်။ အဆွေအမျိုး အနွယ်ဝင်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် မည်သည့် အဆက်အနွယ်မျှ မဟုတ်သူလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ သတ္တမ ပုဏ္ဏားသည် ဆင်အကြောင်းကို အမှန်တကယ် ဟောပြောနေသူ ဖြစ်၏။

သတ္တမ ပုဏ္ဏားသည် ဆင်၏ ကြန်အင်လက္ခဏာ, သဘောသဘာဝ, ထုပ္ပတ်ဗျုပ္ပတ် အလုံးစုံကို ဟောပြောသူ ဖြစ်သည်။ သူသည် ပုဏ္ဏားခြောက်ယောက်တို့၏ ဟောပြောချက်များကို ပြန်လည် ဟောပြောသူ, ဖွင့်ဆိုရှင်းပြသူ အဖြစ် ရှင်သန်နေသူ ဖြစ်သည်။ သူက ဆင်အကြောင်းကို နေရာအနှံ့သို့ လှည့်လည် ဟောပြောသည်။ လူတို့က သူဟောပြောသော ဆင်အကြောင်းကို နားထောင်ကြသည်။ မှတ်သားကြသည်။ ထို့နောက် သူ့ကို ကျေးဇူးတင်သောအားဖြင့် အစားအသောက် နေရာထိုင်ခင်းပေးသည်။ တခါတရံ ငွေကြေးအချို့လည်း ပေးကြသည်။ ဤသို့ဖြင့် သတ္တမ ပုဏ္ဏားသည် ဆင်အရေး ကျွမ်းကျင်သူ အဖြစ် ဤလောကအတွင်း လှည့်လည် ဟောပြော၍ ရှင်သန်နေလေသည်။ သူက — ငါသည် ဤလောက၌ ဆင်အကြောင်းကို အလုံးစုံ သိသူ ဖြစ်ပေသည် — ဟု ဥဒါန်းကျူးလေ၏။

၊ ၃ ၊

တတိယ သစ်ခုတ်သမားကို မွေးဖွားသူမှာ ဆရာငြိမ်းကျော် ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က ချယ်ရီမဂ္ဂဇင်းတွင် ဆရာငြိမ်းကျော်က `မြစ်စောင့်နတ်မင်းနှင့် တတိယသစ်ခုတ်သမား´ ဟူ၍ အက်ဆေးတပုဒ် ရေးခဲ့ပါသည်။ ဆရာ့အက်ဆေး၏ မူလဇာစ်မြစ်မှာ မြစ်စောင့်နတ်မင်းနှင့် သစ်ခုတ်သမား ဆိုသည့် ပုံပြင် ဖြစ်သည်။

တခါက သစ်ခုတ်သမား တယောက်သည် မြစ်ကမ်းဘေး၌ သစ်ပင်ခုတ်နေသည်။ ထိုစဉ် သူ့လက်ထဲမှ သံပုဆိန်သည် ရေထဲသို့ မတော်တဆ ကျသွားခဲ့သည်။ သစ်ခုတ်သမားက ရေငုပ်၍ ပုဆိန်ကို ရှာသည်။ သို့သော် မတွေ့။ သူသည် အမောဖြေရင်း မြစ်ကမ်းတွင် ထိုင်နေစဉ် မြစ်စောင့်နတ်မင်းက ကိုယ်ထင်ပြကာ ဘာကြောင့် ထိုင်ငိုင်နေရသနည်းဟု မေးသည်။ သစ်ခုတ်သမားက ပုဆိန်ရေထဲကျသွားကြောင်း, ပုဆိန်မရှိလျှင် မိမိဘ၀အတွက် ခက်ခဲလှမည် ဖြစ်ကြောင်း ပြန်ပြောသည်။ နတ်မင်းက ရေထဲငုပ်သွားကာ ခဏနေတော့ ပြန်ပေါ်လာသည်။ လက်ထဲတွင် ရွှေပုဆိန်တလက်ကိုလည်း ကိုင်လာသည်။ နတ်မင်းက `ဒါ သင့်ပုဆိန်လား´ ဟု သစ်ခုတ်သမားကို မေးသည်။ သစ်ခုတ်သမားက `မဟုတ်ပါ´ ဟု ဖြေသည်။ နတ်မင်းက ရေထဲ ပြန်ငုပ်သွားပြန်သည်။ ခဏနေတော့ ပြန်ပေါ်လာပြီး၊ လက်ထဲတွင် ငွေပုဆိန်တလက်ကို ကိုင်လာသည်။ `ဒါ သင့်ပုဆိန်လား´ ဟု မေးပြန်သည်။ သစ်ခုတ်သမားကလည်း `မဟုတ်ပါ´ဟု ဖြေပြန်သည်။ နတ်မင်းလည်း ရေထဲ ပြန်ငုပ်သွားသည်။ နောက်တကြိမ် ပြန်ပေါ်လာတော့ နတ်မင်းလက်ထဲတွင် သံပုဆိန်ကို ကိုင်လာသည်။ ထိုအခါကျမှ သစ်ခုတ်သမားက `ဒါ ကျွန်ုပ် ပုဆိန် ဖြစ်သည်´ ဟု ဆိုသည်။ ထိုအခါ မြစ်စောင့်နတ်မင်းက သင်သည် ရိုးသားသူ, လုံ့လရှိသူ ဖြစ်သည်ဟု ဆိုကာ ချီးမြောက်သည့် အနေဖြင့် ရွှေပုဆိန်, ငွေပုဆိန်တို့ကိုပါ ပေးလိုက်လေသည်။

ထိုအကြောင်းကို ကြားသော လူတယောက်သည် ပုဆိန်တလက်ကို ကိုင်ကာ မြစ်ကမ်းသို့ ရောက်လာသည်။ သစ်ပင်တပင်ကို အနည်းငယ် ခုတ်သည်။ ထို့နောက် လက်ထဲမှ ပုဆိန်ကို မတော်တဆ ကျဟန်ပြုလျက် မြစ်ထဲသို့ ချလိုက်သည်။ သူက ရေထဲသို့ ငုပ်မရှာတော့။ မြစ်စောင့်နတ်မင်းကိုသာ တိုင်တည်၍ ငိုလေသည်။ မြစ်စောင့်နတ်မင်းလည်း ရှေးနည်းအတိုင်း ပေါ်လာသည်။ ရှေးနည်းအတိုင်း မေးသည်။ ဒုတိယ သစ်ခုတ်သမားကလည်း ရှေးနည်းအတိုင်း ဖြေသည်။ ထို့နောက် နတ်မင်းက ရွှေပုဆိန်ကိုင်လျက် ပေါ်လာပြီး၊ `ဒါ သင့်ပုဆိန်လား´ ဟု မေးရာ၊ ဒုတိယ သစ်ခုတ်သမားက `ဟုတ်ပါသည်´ဟု ဖြေသည်။ နတ်မင်းက သင်သည် လူလိမ်လူညာ ဖြစ်သည်ဟု ဆိုကာ ရွှေပုဆိန်ကိုင်လျက် ရေထဲငုပ်လျှိုးသွားလေသည်။

မူလပုံပြင်က ဤတွင် ဇာတ်သိမ်းသည်။ သို့ရာတွင် ဆရာငြိမ်းကျော်က တတိယ သစ်ခုတ်သမားကို ဤသို့ မွေးဖွားလိုက်သည်။

လူတယောက်သည် မယောင်မလည်ဖြင့် မြစ်ကမ်းသို့ ရောက်လာသည်။ သူ့လက်ထဲတွင် ဘာပုဆိန်မှ မပါလာ။ သူသည် သစ်ပင်ကိုလည်း မခုတ်။ ရေထဲသို့လည်း မဆင်း။ မြစ်ကမ်းတွင် ထိုင်လျက် သူ၏ ပုဆိန် ရေထဲကျသွားကြောင်း ပြောဆိုကာ ငိုကြွေးနေလေသည်။ သူ၏ တိုင်တည် ငိုကြွေးသံကြောင့် မြစ်စောင့်နတ်မင်း ပေါ်လာမည်ဟု သူ ယုံကြည်လျက် ရှိသည်။ တတိယ သစ်ခုတ်သမားသည် အချိန်ကာလများစွာ ကြာမြင့်လာသည့်တိုင် လောကကမ်းပါး၌ ငိုကြွေးလျက် ရှိလေ၏။

၊ ၄ ၊

ထို တတိယ သစ်ခုတ်သမားသည် မြစ်ကမ်းတခုဘေး၌ ငိုကြွေးလျက် ရှိသည်မှာ အမှန်တကယ် ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် ထို မြစ်ကမ်းဘေးတွင် ငိုကြွေးနေမြဲ ဖြစ်သည်။

တနေ့တွင် တတိယသစ်ခုတ်သမား ရှိသော မြစ်ကမ်းသို့ နေရာအနှံ့ လှည့်လည်နေသော သတ္တမ ပုဏ္ဏား ရောက်လာလေသည်။

သတ္တမ ပုဏ္ဏားနှင့် တတိယ သစ်ခုတ်သမားတို့ တွေ့ကြသောအခါ တဦးကိုတဦး စူးစမ်း လေ့လာကြသည်။ သစ်ခုတ်သမားက အဟောအပြော ထူးခြားသော ပုဏ္ဏားကို စိတ်ဝင်စားမိသလို၊ အမူအရာစုံဖြင့် ငိုကြွေးနေသော သစ်ခုတ်သမားကိုလည်း ပုဏ္ဏားက စုံစမ်းမေးမြန်းချင်သည်။ သို့ဖြင့် ညချမ်းအချိန် လူသွားလူလာ စဲသွားသောအခါတွင် ၄င်းတို့နှစ်ဦး တဦးကိုတဦး နှုတ်ဆက် မိတ်ဆွေဖွဲ့ကြလေသည်။ တဦးအကြောင်းကို တဦး ပြောဆို ဖလှယ်ကြသည်။ မကြာခင် အချိန်မှာပင် သူတို့နှစ်ဦးသည် ရင်းနှီးကျွမ်းဝင်သော အဆွေ ခင်ပွန်းများ ဖြစ်သွားကြလေသည်။

ပုဏ္ဏားက မေးသည်။

`အဆွေ ဒီ မြစ်ကမ်းမှာ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ငိုကြွေးနေရတာ မပင်ပန်းပေဘူးလား။ ဤကာလအတွင်း သင့်အတွက် စားရေးသောက်ရေးကို ဘယ်လို ဖြေရှင်းပါသလဲ၊ သင့်အတွက် စိတ်ပူပန်မိသည်´။

သစ်ခုတ်သမားက ပြန်ပြောသည်။

`ပုဏ္ဏား ကျွန်ုပ်ကလည်း အသင် ရပ်တကာ ရွာတကာ လှည့်လည်နေရတာကို ပင်ပန်းလှပေမည်ဟု ထင်မိသည်။ အသင်ရော စားရေးသောက်ရေး ဘယ်လို ဖြေရှင်းပါသလဲ။´

ပုဏ္ဏား။ ။ ကျွန်ုပ်က ဆင်အရေး ကျွမ်းကျင်သူ ဖြစ်သည်။ ကျွန်ုပ်က ဆင်အကြောင်း ဟောပြောသည့်အတွက် နားထောင်သူတို့က အစားအစာနှင့် ငွေကြေးများ ပေးကြပါသည်။ ကျွန်ုပ်အဖို့ ထို ၀င်ငွေက လုံလောက်ရုံမက ပိုလျှံပါသေးသည်။ ခရီးလှည့်လည် သွားလာနေရ၍လည်း မပင်ပန်းပါ။ ပုဏ္ဏားတို့မည်သည် ခရီးလှည့်နေသည့် သူများဖြစ်သည်။ ခရီးသွားနေခြင်းကြောင့် နေရာဒေသ များစွာသို့ ရောက်ကာ ပျော်ရွှင်စရာပင် ကောင်းပါသေးသည်။

သစ်ခုတ်သမား။ ။ ကျွန်ုပ်အဖို့ ငိုကြွေးနေရသည်မှာ သီချင်းတပုဒ်ကို သီဆိုနေရသကဲ့သို့ပင် ထင်မိပါသည်။ အမြဲလုပ်နေကျ ဖြစ်၍ ပင်ပန်းသည်ဟု မထင်ရပါ။ ဒီမြစ်ကမ်းသို့ ရောက်လာသူများက ကျွန်ုပ်၏ ငိုကြွေးသံကို ကြားရသည့်အခါ ကရုဏာသက်ဝင်ပြီး အစားအစာနှင့် ငွေတိုကြေးစများ ပေးကမ်းကြပါသည်။ ထိုဝင်ငွေဖြင့်ပင် ဒီမြစ်ကမ်း ရိပ်၌ အေးအေးသက်သာ နေနိုင်ပါသည်။ ဒီ မြစ်ကမ်းသို့ ဆိုက်လာသည့် ခရီးသွားမျိုးစုံနှင့် တွေ့ဆုံနေရ၍ ကျွန်ုပ်အဖို့ ခရီးသွားစရာမလိုဘဲ ပျော်စရာများပင် ရနေပါသေးသည်။

သတ္တမ ပုဏ္ဏားနှင့် တတိယ သစ်ခုတ်သမားတို့ အပြန်အလှန် မေးဖြေကြပြီးနောက် တဦးအလုပ်ကို တဦးက အထင်ကြီး စိတ်ဝင်စားလာကြလေသည်။ ကိုယ့်အလုပ်ကိုကိုယ် အမွှန်းတင် ပြောဆိုထားကြသည် ဖြစ်၍ သူက ငါ့ထက် သာလေမလားဟုလည်း ထင်မိကြသည်။ ထိုကိစ္စကို ပုဏ္ဏားကပင် စ၍ ပြောလေသည်။

ပုဏ္ဏား။ ။ အဆွေ… ကျွန်ုပ်သည် သင်ပြောသလို မရပ်မနား ခရီးလှည့်လည် သွားနေရသည်မှာ ကြာလှချေပြီ။ ကြာတော့လည်း ငြီးငွေ့လာမိသည်။ သင်ကဲ့သို့ ကိုယ်က မသွားရဘဲ အခြား ခရီးသွားများနှင့် တွေ့နိုင်သည့် ဘ၀မျိုးကိုလည်း ကျွန်ုပ် စိတ်ဝင်စားမိသည်။

သစ်ခုတ်သမား။ ။ ပုဏ္ဏား… ကျွန်ုပ်လည်း သင်ကဲ့သို့ ခရီးလှည့်လည်ရသည့် အတွေ့အကြုံကို စိတ်ဝင်စားမိပါသည်။ ကျွန်ုပ် ဒီမြစ်ကမ်းနားမှာပဲ နေနေရတာကို ကြာတော့လည်း တခါတရံတော့ ငြီးငွေ့မိပါသည်။

ပုဏ္ဏား။ ။ ဟုတ်ပေပြီ အဆွေ… ကျွန်ုပ်တို့ နှစ်ဦးသည် အဆွေခင်ပွန်းလည်း ဖြစ်ကြပြီ။ စိတ်ခံစားမှုချင်းလည်း တူကြပြီ။ သို့ဆိုလျှင် ကျွန်ုပ်နှစ်ဦး နေရာချင်း လဲကြည့်ကြလျှင် မကောင်းပေဘူးလား အဆွေ။

သစ်ခုတ်သမား။ ။ ကောင်းပါပေသည် ပုဏ္ဏား… နေရာချင်း လဲဖို့ဆိုလျှင် တယောက်ပညာ တယောက် သင်ကြားပေးမှ ဖြစ်ပေလိမ့်မည်။

ပုဏ္ဏား။ ။ ကျွန်ုပ်က ဆင်ကြန်ပညာအကြောင်းကို အဆွေအား သင်ပေးပါမည်။ အဆွေကလည်း ငိုကြွေးမြည်တမ်းရမည့် အတတ်ကို ကျွန်ုပ်အား ပြန်သင်ကြားပေးပါလေ။

သို့နှင့် သတ္တမ ပုဏ္ဏား နှင့် တတိယ သစ်ခုတ်သမားတို့သည် ထိုညဥ့် တညလုံးတိုင်တိုင် တဦးနှင့်တဦး ပညာဖလှယ် သင်ကြားပေးကြလေသည်။ နံနက်မိုးသောက်သောအခါ တတ်သင့်သော ပညာအစုံ တတ်ကျွမ်း ပြည့်စုံခြင်းသို့ ရောက်ကြလေသည်။

သူတို့သည် နံနက်စာ စားသောက် ကိုယ်လက်သန့်စင် ပြီးကြသောအခါ ပုဏ္ဏားက သစ်ခုတ်သမား၏ အ၀တ်အစားတို့ကိုလည်းကောင်း၊ သစ်ခုတ်သမားက ပုဏ္ဏားအ၀တ်နှင့် အသုံးအဆောင်တို့ကိုလည်းကောင်း လဲလှယ် ဆင်မြန်းလိုက်ကြလေသည်။ ထို့နောက် အဆွေခင်ပွန်းနှစ်ဦးသည် ချစ်ခင်ရင်းနှီးသော အပြုံးကိုယ်စီဖြင့် တဦးကိုတဦး ဖက်ကာ နှုတ်ဆက်ကြလေသည်။

ပုဏ္ဏား တဖြစ်လဲ တတိယသစ်ခုတ်သမားက အသုံးအဆောင်တို့ကို ယူငင်၍ ခရီးစထွက်ရန် ဟန်ပြင်လိုက်သည်။ သစ်ခုတ်သမား တဖြစ်လဲ ပုဏ္ဏားက - ကောင်းမွန် ငြိမ်းချမ်းသော ခရီးဖြစ်ပါစေ အဆွေ - ဟု ပျူငှာစွာ နှုတ်ဆက်သည်။ သစ်ခုတ်မားကလည်း ပြန်လည် နှုတ်ဆက်ပြီးနောက် ပြောသည်မှာ-

``အို ပုဏ္ဏား… သင်သည် ယခု အချိန်မှစ၍ သစ်ခုတ်သမား ဖြစ်ပေပြီ။ သင့်အား အရေးကြီးဆုံး အချက်ကို ကျွန်ုပ်ပြောခဲ့ပါမည်။ ဤအချက်ကို စွဲမြဲစွာ လိုက်နာပါလေ။ အဘယ်နည်းဟူမူ… သင်သည် ပုဆိန်ကို အလိုရှိကြောင်း တမ်းတ ငိုကြွေးရမည်။ သို့သော် သင်သည် တစုံတယောက်က ပုဆိန် လာပေးခဲ့ပါမူ ဘယ်သောအခါမှ မယူလိုက်လေနှင့်´´ ဟူ၏။

ထိုအခါ ပုဏ္ဏားက ပြန်ပြောသည်မှာ -

``အို သစ်ခုတ်သမား… သင်သည် ယခုအချိန်မှစ၍ ပုဏ္ဏား ဖြစ်ပေပြီ။ သင့်ကိုလည်း ကျွန်ုပ်က အရေးကြီးဆုံး အချက်ကို ပြောပြပေအံ့။ သင်သည် ဆင်အရေး ကျွမ်းကျင်သူအဖြစ် အရပ်တကာသို့ လှည့်လည် ဟောပြောရမည်။ သို့သော် သင်သည် ဆင်ရှိရာအရပ်သို့ ဘယ်သောအခါမှ မသွားလေနှင့်။ စွဲမြဲစွာ လိုက်နာပါလေ´´ ဟူ၏။

ထိုနေ့မှစ၍ သတ္တမ ပုဏ္ဏားသည် ပုဆိန်ကို အလိုရှိ၍ နတ်မင်းထံ တိုင်တည်ငိုကြွေးသည့် တတိယ သစ်ခုတ်သမားအဖြစ် လည်းကောင်း၊ တတိယ သစ်ခုတ်သမားသည် ဆင်အရေး ကျွမ်းကျင်သူ သတ္တမ ပုဏ္ဏားအဖြစ် လည်းကောင်း ဤလောကအတွင်း၌ ကျင်လည်ကျက်စား နေကြလေကုန်သတည်း။ ။

ဝင်းပေါ်မောင်

1 comment:

winlatt said...

ရေသာခို အချောင်လိုက် လှေကြုံစီးသမားတွေအတွက် ပုဏ္ဏားနဲ့ ထင်းခုတ်သမားတို့ဟာ ဆရာတွေပေါ့ဗျာ...
သူများပေးစာကမ်းစာနဲ့ အော်ကြီးဟစ်ကျယ် လုပ်တတ်သူတွေ အသံကောင်းဟစ်တတ်သူတွေ သူတို့လမ်းစဉ်လိုက်ကြပါလိမ့်မယ်...
ပထမဦးဆုံး ထင်းခုတ်သမားမျိုးလဲ ကျွန်တော်တို့ မြန်မာပြည်မှာ ရှိသေးတယ်ဗျ...။ဟိုစမ်းစမ်းဒီစမ်းစမ်း ပုဏ္ဏားတွေလဲ တစ်ပုံကြီးဘဲဗျို့...ကြည့်တတ်ရင် မြင်မှာပါ...။ကျေးဇူးဘဲအကိုရေ...ဖတ်ဘူးခဲ့တာလေးတွေက လက်တွေ့မှာ လာကိုက်နေတယ်...ကျန်းမာပါစေ...