Sunday, December 21, 2008

အလင်းမဲ့ အနာဂတ်

(သို့မဟုတ်) အီရတ်စစ်ပွဲကြောင့် ထာဝရ ပြောင်းလဲသွားရတဲ့ ရင်သွေးငယ်တဦးရဲ့ ဘဝ

ကလေးမလေးက ချစ်စရာလေး။ မျက်နှာ ၀ိုင်းဝိုင်း, မဟူရာရောင် မျက်ဝန်းနက်နက်, တောက်ပတဲ့ အပြုံးလေးနဲ့ ချစ်စဖွယ်ကလေးငယ် တစ်ယောက်ပါ။ ဒါပေမဲ့ နှစ်နှစ်တာ ကြာပြီးတဲ့နောက် သူမ သုံးနှစ်သမီး အရွယ်မှာတော့ မျက်နှာမှာ အမာရွတ် ပရပွနဲ့ မျက်မမြင် ဒုက္ခိတမလေး တစ်ယောက် ဖြစ်ခဲ့ရပါပြီ။ သူမရဲ့ မိခင်လည်း ဆုံးပါးခဲ့ပြီ။ ဖခင်ရဲ့ ဇနီးအသစ်ကလည်း သူ့ကို စောင့်ရှောက်ဖို့ တာဝန်မယူနိုင်။

“ရှမ်းစ်” (Shams) တဲ့။ အာရပ်ဘာသာစကားအရ “နေခြည်” လို့ အနက်အဓိပ္ပာယ်ဆောင်တဲ့ အဲဒီ ကလေးမလေးဟာ အီရတ်စစ်ပွဲကြီး ပြီးတဲ့နောက် ဒုက္ခဝေဒနာတွေကို နာတာရှည် ခံစားရမယ့်သူ ထောင်သောင်းများစွာထဲက တစ်ယောက် ဖြစ်ပါတယ်။

၂၀၀၆ နိုဝင်ဘာလ ၂၃ ရက်နေ့။ အဲဒီနေ့က သူမရဲ့ ဖခင်ဟာ မိသားစုဝင်တွေ ဖြစ်ကြတဲ့ ဇနီးသည်, သားနှစ်ယောက်နဲ့ သမီးလေး ရှမ်းစ် တို့ကို ပစ်ကပ်ကားနဲ့ တင်ဆောင်ပြီး၊ စာဒါမြို့ ရှီးယက်ခရိုင်ထဲက ဇနီးသည်ရဲ့ မိဘများဆီ သွားရောက်လည်ပတ်ပြီး အိမ်ပြန်အလာ၊ စီးနင်းလာတဲ့ ကားဘေးမှာ ကားဗုံး ပေါက်ကွဲရာကနေ ရှမ်းစ်ရဲ့ လှပနုနယ်တဲ့ ဘ၀လေး တဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတယ်။


ဒီပေါက်ကွဲမှုကြောင့် မီးတောက်တွေကြား သူတို့ကားလေး မီးစွဲလောင်ခံခဲ့ရတယ်။ သေလုနီးပါး ဒဏ်ရာတွေ ရခဲ့ကြတဲ့ ရှမ်းစ် နဲ့ သူ့မိခင်တို့ဟာ အနောက်ဖက် ထိုင်ခုံပေါ်ကနေ လမ်းမပေါ်ကို လွှင့်စင်ကျသွားခဲ့ပါတယ်။ သူမရဲ့ဖခင် ဟူရှမ် ဖတ်ဒီလ် (Husham Fadhil) ဟာ အရင်ဦးဆုံး ဇနီးသည်ရဲ့ အ၀တ်ပေါ်က မီးတောက်တွေကို ငြှိမ်းသတ်နိုင်ဖို့ ကြိုးစားပါတယ်။

ဒါပေမဲ့ သေလုမျောပါး ဖြစ်နေတဲ့ ဇနီးသည်ရဲ့ ဘေးမှာ မှောက်လျက်သား လဲကျနေတဲ့ အသက် တစ်နှစ်အရွယ် သမီးငယ်ကိုတော့ အမှတ်တမဲ့ ဖြစ်နေခဲ့လေရဲ့။

“ကျနော်က ဇနီးသည်ရဲ့ ကိုယ်ပေါ်မှာ မီးစွဲလောင်နေတာကိုပဲ ငြှိမ်းသတ်ဖို့ လုံးလုံး အာရုံစိုက်နေမိတယ်ဗျာ။ သည့်နောက်မှ ရှမ်းစ်ကို ပွေ့ချီမိပြီး သမီးရဲ့မျက်နှာမှာ သွေးတွေနဲ့ လွှမ်းနေတာ မြင်ရတော့တာပါပဲ။ ကျနော်က ဒီသွေးတွေဟာ ပြန်ကုရင် ပျောက်ကင်းတဲ့ သာမန် ဒဏ်ရာလေးတွေက ယိုစီးကျလာတာလို့ ထင်ခဲ့မိတာ။ နောက်ပိုင်းကျမှ သမီးရဲ့ ဆိုးဆိုးဝါးဝါး ထိခိုက်ခံထားရတဲ့ မျက်လုံးတွေထဲကနေ စီးကျလာတဲ့ သွေးတွေမှန်း သတိပြုမိလိုက်တော့တယ်” လို့ အသက် ၃၂ နှစ်ရှိ ဖတ်ဒီလ်က ဆိုပါတယ်။

စာဒါမြို့က အဲဒီ ကားဗုံးပေါက်ကွဲမှုဟာ ဒုံးကျည်တွေ, မော်တာတွေနဲ့ တိုက်ခိုက်တာ အပါအ၀င် ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခံရမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ အဲဒီနေ့က လူ ၁၆၀ လောက် သေကြေခဲ့ရတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အီရတ် ဆေးဝါးနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွကို အတော့်ကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြရပါတယ်။

လူနာတင်ယာဉ် ၀န်ထမ်းတွေဟာ ကားထဲကို လူသေတွေ၊ ဒဏ်ရာရသူတွေကို တင်ဆောင်ပြီး ဆေးရုံတွေဆီ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားကြပါတယ်။ ဖတ်ဒီလ်ရဲ့ ဇနီးသည် ၀ါဖာ (Wafa), သမီးလေး ရှမ်းစ်, သားတွေဖြစ်ကြတဲ့ သုံးနှစ်အရွယ် တိုင်ဖ် (Taif) နဲ့ ငါးနှစ်အရွယ် ဂိုင်သ် (Gaith) တို့ကိုလည်း ဆေးရုံတွေ တကွဲတပြားဆီ အလျင်အမြန် ပို့ဆောင်လိုက်ကြပါတယ်။ ဖတ်ဒီလ်ဟာ သူတို့တွေ ဘယ်ဆေးရုံ ရောက်နေကြတယ် ဆိုတာ ခြေရာခံမိဖို့ နာရီပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။

၂၄ နာရီကြာ ရှာဖွေပြီးတဲ့နောက် Medical City ဆေးရုံဝန်းထဲမှာ သမီးကို ပြန်လည် တွေ့ရှိခဲ့ပါတယ်။ “အဲဒီမှာ ဆရာဝန်တွေက သမီးရဲ့ မီးလောင်ဒဏ်ရာတွေကို ဂရုစိုက် ကုသပေးကြပေမဲ့ မျက်လုံးဒဏ်ရာကိုတော့ အရေးမထားခဲ့ဘူး။ ဒါကပဲ သမီး မျက်လုံးကွယ်ခဲ့ရတာ” လို့ ဖတ်ဒီလ် က ပြောပါတယ်။

၂၀၀၇ ခုနှစ် အတွင်းမှာ ဖတ်ဒီလ်ဟာ နယ်စည်းမခြားဆရာဝန်များရဲ့ အကူအညီနဲ့ ဂျော်ဒန်နိုင်ငံရဲ့ မြို့တော် အမ်မန်ဆီ သူ့သမီးကို ခေါ်ဆောင် သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျော်ဒန်ဆရာဝန်တွေက “သူတို့ လုပ်ပေးနိုင်တာ မရှိသလောက်ဘဲလို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရှမ်းစ်ဟာ ဒဏ်ရာရခဲ့စဉ်အခါက ကုသမှု အနည်းငယ်လောက်တောင် မခံယူခဲ့ရလို့” လို့ သူတို့က ပြောပါတယ်။

သူမရဲ့ မျက်လုံးတွေ ဒဏ်ရာရခဲ့စဉ်က ကုသမှု တစုံတရာ ခံယူခဲ့ရမယ် ဆိုရင် အခုဆို အနည်းဆုံး သူမ မျက်လုံးတစ်ဖက်တော့ အကောင်းပကတိအတိုင်း ရှိနိုင်, ကြည့်မြင်နိုင်မှာ ဖြစ်ပါတယ်။

လပေါင်းအတန်ကြာပြီးတဲ့နောက် ဖတ်ဒီလ်ဟာ ပျောက်လိမ့်နိုးနိုး မျော်လင့်ချက်တွေနဲ့ သူ့သမီးငယ်ကို အီရန်နိုင်ငံဆီ ခေါ်သွားပြန်ပါတယ်။

“သူတို့အားလုံးက ကျနော်တို့ သားအဖကို တူညီတဲ့ အဖြေတွေပဲ ပေးခဲ့ကြတယ်ဗျာ။ သူတို့က သမီးကို ဥရောပနိုင်ငံတွေဆီ ခေါ်သွားဖို့နဲ့ အဲဒီက ဆရာဝန်တွေက သမီးအတွက် မျက်ကြည်လွှာ အစားထိုး ကုသပေးနိုင်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေဆီ သွားနိုင်အောင် ကူညီဖို့အတွက်တော့ တစ်ယောက်မှ တတ်နိုင်ပုံ မပေါ်သေးဘူးဗျာ” လို့ ဖတ်ဒီလ်က ဆိုပါတယ်။

ဖတ်ဒီလ်ဟာ ဇနီးသည် ဆုံးပါးပြီးတဲ့နောက် နောက်အိမ်ထောင် ပြုပါတယ်။ ဒါပေမဲ့ ဘဂ္ဂဒက် အရှေ့ပိုင်းက ဖတ်ဒီလ်အမျိုး အိမ်နီးချင်းတွေဆီမှာ ပို့ထားရတဲ့ ရှမ်းစ်ကို ပြုစုစောင့်ရှောက်ပေးဖို့တော့ မယားသစ်က ငြင်းဆန်ခဲ့ပါတယ်။

ပေါက်ကွဲမှုတွေကြောင့် ဒဏ်ရာရခဲ့အပြီး နှစ်နှစ်အကြာမှာတော့ ရှမ်းစ်ဟာ သူမရဲ့ သေးသွယ်တဲ့ ပန်းနုရောင် လက်ချောင်းလေးတွေနဲ့ နံရံတွေကို တို့ထိစမ်းသပ်ရင်း သွားလိုရာလမ်းကိုရှာကာ စမ်းတ၀ါးဝါးနဲ့ အိမ်ထဲမှာ ဟိုဟိုဒီဒီ လမ်းလျှောက်ပါတယ်။ တကယ်လို့များ သူမ တစုံတယောက်ကို ၀င်တိုက်မိခဲ့မယ် ဆိုရင်တော့ သူတို့ကို ဖမ်းဆုပ်ထားပြီး သူ့ကို ချီသွားဖို့ ဒါမှမဟုတ် ပွေ့ဖက်ပေးထားဖို့ ပန်ကြားတတ်ပါတယ်။

ရံဖန်ရံခါလည်း “မေမေရေ၊ ဖေဖေရေ၊ ဖွားဖွားရေ” စသည်ဖြင့် သူမက ရုတ်တရက် အော် အော် ခေါ်တတ်ပါတယ်။

ဖတ်ဒီလ်ဟာ သူ့ကလေးတွေကို သူတို့မိခင် ဆုံးပါးသွားပြီဆိုတဲ့ အကြောင်း ပြောပြ မထားပါဘူး။ အဲဒီအစား အီရတ်ထောင်ပေါင်းများစွာ သွားရောက်ခိုလုံနေတဲ့ ဆီးရီးယားနိုင်ငံဆီ သွားနေနေတယ်လို့ပဲ ပြောပြ ထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့သားကြီး ဂိုင်သ်ဟာ သူ့စကားတွေကို အလွန်အမင်း သံသယ၀င်နေတယ်လို့တော့ သူ ယုံကြည် ယူဆထားမိတယ်။ ဘာကြောင့်ဆို ဂိုင်သ် ဟာ သူ့မိခင် အကြောင်းနဲ့ ပတ်သက်ပြီး လုံးဝ မထုတ်ဖော် မပြောဆိုတော့ဘူးလေ။

“ရှမ်းစ်လေး မွေးလာတော့ ကျနော်တို့ မိသားစုလေးဟာ အရာရာ ပြည့်စုံလာတဲ့ ပျော်ရွင် ကြည်နူးစရာ ကောင်းတဲ့ မိသားစုလေး တစ်ခုပေါ့။ ဒီလို တုန်လှုပ် ချောက်ချားစရာ အဖြစ်အပျက်တွေ ကြုံဆုံလာနိုင်မယ်လို့ လုံးဝ ထင်မှတ်မထားခဲ့ပါဘူးဗျာ။ ကျနော်ဟာ သမီးငယ်လေး ရှမ်းစ်ကို အင်ဂျင်နီယာတစ်ယောက် ဒါမှမဟုတ် ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ စိတ်ကူးယဉ် မျော်မှန်းခဲ့တဲ့သူပါ။ ခုတော့ သမီးဟာ မျက်မမြင် ဒုက္ခိတမလေး တစ်ယောက်အဖြစ်က လွဲပြီး ဘာမှ ဖြစ်မလာနိုင်တော့ပါဘူးဗျာ” လို့ သူ့ရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေ အိုင်ထွန်းနေတဲ့ ဟူရှမ်ဖတ်ဒီလ်က ပြောဆိုခဲ့ပါတယ်။

A young life changed forever by Iraq's war
By BUSHRA JUHI
Associated Press Writer
Posted: Wednesday, Dec. 10, 2008

No comments: