ရေးသားသူ — ကိုကြီးပေါ်
ကမ္ဘာကြီးက ၂၀၀၈ ခုနှစ်အတွက် ပေးလိုက်တဲ့ နောက်ဆုံး လက်ဆောင်ကတော့ `စီးပွားရေး ကျဆင်းမှု´ ဆိုတာကြီးပါပဲ။ ဒီလက်ဆောင်က မတောင်းဘဲရတဲ့ ဆု ကျနေတာပဲ။ လူတိုင်းဆီကို တန်းခနဲနေအောင် ရောက်လာလေတော့တာ။ ဟိုးဘက်ခြမ်းက အချမ်းသာဆုံးလူတွေ ဆီကိုရော၊ ဒီဘက်ခြမ်းက အဆင်းရဲဆုံး လူတွေ ဆီကိုရော ဘယ်သူ့ကိုမှ မချန်ပါဘူး။ ညောင်ပင်ကြီးတွေ အမြစ်ကျွတ်လဲကျတော့ မြေဇာပင်လဲ ပိပြားနေတော့တာပေါ့။ ကိုကြီးပေါ်လည်း အသက်ကလေး ခပ်မျှဉ်းမျှဉ်း ရှူရင်း ရွှေပြည်တော်ကြီးကို ရင်တမမ ခြောင်းကြည့်နေရတာပေါ့လေ။ `လက်တဖက်က… မြဲအောင်ကိုင်ထား…´ ဆိုတဲ့ ကဗျာထဲကလိုပါပဲ။ စီးပွားရေးတွေ ၀ရုန်းသုန်းကား ကျနေချိန်မှာ လက်တဖက်က ဘာကို မြဲအောင်ကိုင်ထားရရင် ကောင်းမလဲလို့ စဉ်းစားနေတုန်း။ ဟော … တွေ့ပါပြီဗျာ။
အလုပ်တွေရမယ် ဒီကိုလာ
တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးက ဘုန်းတော် တန်ခိုးတော် အာဏာတော်တို့နှင့် ပြည့်စုံတော်မူထသော ၀န်ကြီးများကို ချုပ်သည့် အနှီပုဂ္ဂိုလ်ကြီးက မိန့်ကြားတော်မူပါတယ်။ မိမိတို့ နိုင်ငံသားများအတွက် မြန်မာပြည်တွင်း၌ အလုပ်အကိုင်များ အသင့်ရှိနေသည်… တဲ့ ခင်ဗျ။
ဟုတ်ကဲ့။ အလွန်ကို အားတက်ဖွယ်ကောင်းလှတဲ့ စကားပေါ့ ခင်ဗျာ။ ဒါနဲ့ ကိုကြီးပေါ်လည်း ယမနေသား ၀န်ကြီးချုပ်ရဲ့ ၀ါစာကမ္မာတွေကို အသေအချာ သိရအောင် ခြောင်းကြည့်ရပြန်ပါတော့တယ်။ ရွှေပြည်တော်က ဗိုလ်ချုပ်မင်းများက `ဒိုင်ယာလော့´ ကိုသာ မပြောတတ်တာ။ `မိုနိုလော့´ မှာတော့ တဖက်ကမ်းခတ်တွေ ခင်ဗျ။ မင်းပူးဦးသြဘာသရဲ့ ဇာတ်ကြီးဆယ်ဘွဲ့ အရေးအသားမျိုးနဲ့ စီကုံးထားတဲ့ မိန့်ခွန့်တော်ကြီးတွေကို ရေသောက် ပြောရင်တောင် အနည်းဆုံးကတော့ တစ်နာရီသာသာပဲ။ ဒီကြားထဲ စာရင်းတွေ ဇယားတွေ ဂရပ်ဖ်တွေ ကလည်း ရှုပ်ယှက်ခတ်အောင် ပါတတ်သေး။ မိမိတို့ တော်ကြောင်း တတ်ကြောင်း အကြွားအ၀ါတွေ၊ ဟိုကောင်တွေ ညံ့ကြောင်း မကောင်းကြောင်း အပုပ်ချတာတွေကလည်း မပါမဖြစ် ပါပဲ။ အခုလည်း အလုပ်အကိုင်တွေ ရှိတယ် ဆိုတဲ့ စကားတခွန်းကို ၀ိတ္ထာရချဲ့ထားတာ သတင်းစာ တစောင်လုံး နီးပါးပါပဲ။
ကိုကြီးပေါ်လည်း ရွှေပြည်တော်မှာ မွေးပြီး ဒီရေ ဒီလေမှာ လူဖြစ်လာတာပဲလေ။ ဒီလောက်တော့ နပ်ပြီးသားပါ။ ဟဲဟဲ… ဘယ်အကုန်ဖတ်နေတော့မလဲ။ အယ်ဒီတာများ လုပ်ပေးထားတဲ့ ကောက်နုတ်ချက် ဆိုတာကိုပဲ ဖတ်လိုက်တော့တာပေါ့။ အင်း… ဒီကောက်နုတ်ချက်ကလေးက တော်တော်သင်းပါတယ်။ လေလည်ချင်ခါနီး ဖတ်လိုက်ရင်တော့ အတော်ပဲ။ ဖတ်ပြီးတာနဲ့ ခန္ဓာကိုယ်ထဲက လေတွေက အလိုလို တွန်းထွက်သွားတော့ `ဘွန်းခနဲ´လေလည်ပြီးသား ဖြစ်သွားရောပဲ။ မယုံရင် စမ်းကြည့်။ ကိုကြီးပေါ်တော့ လက်တွေ့။
၁) ပြည်ပတွင် တရားဝင်ရော, တရားမ၀င်ပါ အလုပ်သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများတွင် တရားဝင်စေလွှတ်ခဲ့သည့် အလုပ်သမားမှာ ၄၆,၀၅၇ သာ ရှိပြီး၊ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများမှာ အဆိုပါ နိုင်ငံများမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ နှစ်သန်းကျော်ရှိကြောင်း ခန့်မှန်းရရှိ။
၂) ပြည်ပရောက် အလုပ်သမား နှစ်သန်းကျော်တွင် အကယ်၍ သက်ဆိုင်ရာ နိုင်ငံများ၌ အလုပ်ရုံများ ပိတ်သိမ်းခြင်း၊ အလုပ်သမားများ လျှော့ချခြင်းများ ပြုလုပ်သည့်တိုင် မြန်မာနိုင်ငံသို့ ပြန်လာနိုင်သည့် အလုပ်သမားမှာ ငါးသိန်းထက် မပိုနိုင်။ အကယ်၍ နှစ်သန်းကျော် ပြန်လာသည့်တိုင် ၄င်းတို့ မူလနေထိုင်သည့် အိုးအိမ်များ အသင့်ရှိနေသည့်အပြင် အလုပ်အကိုင်များလည်း အသင့်ရှိနေ။
၃) လယ်ယာလုပ်ငန်းခွင် တခုတည်း၌ပင် အလုပ်သမား သန်းချီလိုအပ်လျက်ရှိ။ ထို့ပြင် တနင်္သာရီတိုင်းတွင် ဆီအုန်း ဧက ငါးသိန်း လျာထား စိုက်ပျိုးလျက်ရှိရာ ယခု ဧက ၂၄၉,၂၇၄ ဧက စိုက်ပျိုးပြီးဖြစ်။ ကျန်သည့် ဧကများကို ဆက်လက်စိုက်ပျိုးရန်နှင့် ဆီသီးခိုင်များ ခူးဆွတ်ရန်၊ ဆီကြမ်းကြိတ်ရန် လက်ရှိ အလုပ်သမား ၁၇,၉၇၄ ဦးသာရှိ၍ နောက်ထပ် အလုပ်သမား မြောက်များစွာ လိုအပ်။
၎) ရော်ဘာလုပ်ငန်းတွင် ရော်ဘာဧက ၉၃၉,၇၀၀ စိုက်ပျိုးပြီးဖြစ်၍ ရော်ဘာ အစေးခြစ်ရန်၊ ရော်ဘာကုန်ကြမ်း ထုတ်လုပ်ရန်နှင့် အသစ်ထပ်မံ စိုက်ပျိုးရန်တို့အတွက် အလုပ်သမား သန်းချီလိုအပ်။ လက်ရှိတွင် အလုပ်သမား နှစ်သိန်းခန့်သာရှိ။
၅) ကျွန်းစိုက်ခင်း လုပ်ငန်း၊ သစ်တောထုတ်လုပ်ရေး လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် ဆားလုပ်ငန်းတို့တွင်လည်း အလုပ်သမားများ လိုအပ်လျက် ရှိနေသဖြင့် မိမိတို့နိုင်ငံသားများ ပြည်ပတွင် အလုပ်လက်မဲ့ဖြစ်၍ ပြန်လာရသည့်တိုင် ပြည်တွင်း၌ အလုပ်အကိုင်များ အသင့်ရှိနေ။
ဒီလောက်တောင် အလုပ်အကိုင် ပေါတဲ့ တိုင်းပြည် အံ့မှအံ့ပါရော။ သူများနိုင်ငံသားတွေ အလုပ်လိုချင်လို့ ပေါက်ချလာကြမှာတောင် စိုးရိမ်ရတယ်။ မဖြစ်ဘူး။ ကိုကြီးပေါ်တို့ မြန်မြန်ပြန်ပြီး နေရာဦးထားမှ သင့်မယ် ထင်တယ်။
ကြည့်ပါဦး။ လုပ်စရာတွေက။ လယ်ယာတဲ့။ ရော်ဘာတဲ့။ ဆီအုန်းတဲ့။ ကျွန်းစိုက်ခင်းတဲ့။ သစ်တောတဲ့။ ငါးဖမ်းတဲ့။ ဆားချက်တဲ့။ ဒီလုပ်ငန်းမျိုးတွေကို တကယ်လက်တွေ့ လုပ်ကိုင်ကြရတဲ့ အလုပ်သမားတွေဆိုတာ အဆင်းရဲဆုံးနိုင်ငံက လူတွေပဲ ဖြစ်တယ်ဆိုတာ အားလုံး သိကြပါတယ်။ ချမ်းသာလာရင် ဒီလို ပင်ပန်းတဲ့ အလုပ်တွေကို မလုပ်ကြတော့ပါဘူး။ လုပ်ရင်လည်း ခေတ်မီ စက်တွေ ယန္တယားတွေနဲ့ လုပ်တာပါ။ လုပ်ခလည်း ထိုက်ထိုက်တန်တန် ရကြပါတယ်။ များသောအားဖြင့်တော့ မိရိုးဖလာ ပိုင်ဆိုင် လုပ်ကိုင်လာကြသူတွေက ၀င်ငွေကောင်းလို့ လုပ်ကြတာပါ။ ဆင်းရဲသူတွေကတော့ အဲဒီ လုပ်ငန်းခွင်တွေမှာ အပင်ပန်းခံ လုပ်ကြရတာပေါ့။ မြန်မာတွေက ဆင်းရဲလွန်းတော့ သူများဆီမှာသွားပြီး ဒီလိုအလုပ်တွေကို လုပ်နေကြရတာပေါ့။ သူပြောတဲ့ လုပ်ငန်းတွေထဲက ကျွန်းနဲ့ သစ်တောကလွဲရင် ကျန်လုပ်ငန်းတွေကို ထိုင်းနဲ့ မလေးရှားမှာ အဓိက လုပ်ကိုင်နေကြပါတယ်။ အဓိကအလုပ်သမားတွေကလည်း မြန်မာတွေပါပဲ။
ယမနေသား ၀န်ကြီးချုပ် ပြောလိုတဲ့ အလုပ်သမား နှစ်သန်းဆိုတာဟာ ထိုင်းနဲ့ မလေးရှားမှာ ရောက်နေကြတဲ့ မြန်မာတွေကို ဆိုလိုဟန် ရှိပါတယ်။ မြန်မာပြည် တောင်ပိုင်း, ထိုင်း, မလေးရှား, အင်ဒိုနီးရှား ဆိုတဲ့ ဒီဒေသဟာ လယ်ယာ, ရော်ဘာ, ဆီအုန်း, ငါးဖမ်းဆိုတဲ့ လုပ်ငန်းတွေ အဓိက အခြေစိုက်ရာတွေပေါ့။ တချိန်က မြန်မာတွေဟာ ကိုယ့်မြေ ကိုယ့်ရေမှာပဲ ဒီလုပ်ငန်းတွေကို သမားရိုးကျ လုပ်ကိုင် နေထိုင်ခဲ့ကြတာပါပဲ။ ပင်ပန်းတယ်လည်း မအောက်မေ့ကြပါဘူး။ ဆင်းရဲပေမယ့် ပျော်နေခဲ့ကြတာပါ။ ဒါပေမဲ့ တိုင်းပြည် စီးပွားရေး ခေါင်းစိုက်ထိုးကျလာတာရယ်, ဖိနှိပ်ညှင်းပန်းမှုတွေရယ်ကြောင့် မြန်မာလူထုတွေဟာ လုပ်နေရင်းက မွဲ, မွဲရာက ဖွတ် ဖြစ်လာကြရတာ လက်တွေ့ပါ။ ဒီအချိန်မှာပဲ ထိုင်း, မလေးရှားက ထိုးတက်သွားခဲ့တယ်။ လုပ်ရတာချင်း ပင်ပန်းတာချင်း အတူတူ ၀င်ငွေချင်း သိသိသာသာ ကွာနေတော့ မြန်မာတွေ တဖက်နိုင်ငံ ထွက်ခွာ လုပ်ကိုင်လာကြတာပါ။ ခုဆို ဆယ်စုနှစ် နှစ်ခု သုံးခုလောက် ရှိလာခဲ့ပြီပေါ့။
ကိုယ်တော်ချောက အလုပ်တွေ ရှိတယ်၊ ပြန်လာကြလို့ ပါးစပ်က လေသံကောင်း ဟစ်ပေမဲ့ လုပ်ခတွေ, အခွင့်အရေးတွေကိုတော့ လုံးလုံး မဟပါဘူး။ ပါးစပ်က အာစေးမိနေပါတယ်။ ထိုက်တန်တဲ့ လုပ်အားခ မရရင် ဘယ်သူက လုပ်နိုင်မှာလဲ။ ဒါက ရိုးရိုးလေး ကိစ္စပဲ ဖြစ်ပါသေးတယ်။ နည်းနည်းလောက် ထပ်ကွန့် ကြည့်လိုက် စမ်းပါဦး။
အဲဒီ ရော်ဘာ, ဆီအုန်း, ငါးဖမ်း, သစ်တော ဆိုတာတွေကို ဘယ်သူတွေက လုပ်ကိုင်နေကြတာလဲ။ ဗိုလ်ချုပ်တွေနဲ့ သူ့တို့ အပေါင်းပါတွေပဲ မဟုတ်လား။ ဒီလူတွေက အာဏာနဲ့စက်ပြီး လုပ်ပိုင်ခွင့်တွေကို မတရား သိမ်းယူထားပေမဲ့ အလုပ်သမား လုံလောက်အောင် မရတော့ သူတို့တွေ ထင်သလောက် အလုပ်မဖြစ်ကြဘူး။ ထိုင်း မလေးရှားကို ယှဉ်ဖို့မပြောနဲ့ ဖင်ဖျားတောင် မမီဘူး။ ငါးသာဖမ်းတယ် ရောင်းစရာ ဈေးကွက် မရှိဘူး။ ဆီကြိတ်ပြီး ကုန်ချောထုတ်မဲ့ စက်ရုံတွေ မရှိတော့ မရောင်းရပြန်ဘူး။ စီးပွားရေး ကျဆင်းမှုကြောင့် ထိုင်း မလေးရှားတွေမှာ အလုပ်တွေ တန့်ကုန်ရင် အဲဒီက မြန်မာ အလုပ်သမားတွေကို အချိုအချောင်နဲ့ ပြန်ခေါ်သုံးနိုင်ရင် သူတို့ လုပ်ငန်းတွေ ထောင်တက်လာနိုင်တယ်လို့ ရွှေဉာဏ်တော် စူးရောက်ပုံ ရပါတယ်။ ဒီလူတွေ ဟိုမှာ စားစရာမရှိရင် ကိုယ့်ပြည်ပဲ ပြန်လာရမှာ။ ငါတို့ ပေးသလောက်နဲ့ ဒီကောင်တွေ ပြန်လုပ်ရမှာ ဆိုတဲ့ သူများအိမ် မီးလောင်တုန်း အထုပ်ဝင်ဆွဲတဲ့ အိုင်ဒီယာပါပဲ။
ဘယ်တုန်းကမှ ကိုယ့်နိုင်ငံသားတွေဖက်က မရပ်တည်ခဲ့တဲ့၊ ဘယ်တော့ အချိန်မီအောင် ပြောဆိုလုပ်ကိုင်လေ့ မရှိတဲ့ ဗိုလ်ချုပ်မင်းများက ဒီတခါ စောစောထွက်ပြီး မဟာကရုဏာတော်တွေ ဖော်ပြနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ မိကျောင်းမျက်ရည်နဲ့ ဘီလူးမလွမ်းချင်းကို မြန်မာပြည်သားတွေက နောကျေအောင် သိပြီးသားပါ။ ကမ္ဘာမှာ စီးပွားပျက်လို့ အလုပ်အကိုင်တွေ မရှိတော့ပေမဲ့ ငါတို့မှာ ရှိတယ် ဆိုတော့၊ ကမ္ဘာ့စီးပွားပျက်ကပ်က မြန်မာကို မရောက်တော့မဲ့ အတိုင်းပါပဲ။ အဲ… ဒီစကားကတော့ တ၀က်မှန်တယ်လို့ ပြောရမယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာက ကမ္ဘာမှာ သီးခြားဖြစ်နေတာ ဆိုတော့ ကမ္ဘာဖြစ်တာ မြန်မာနဲ့ သိပ်မဆိုင် သလိုပါပဲ။ မြို့တော်ကြီး မီးလောင်ပေမဲ့ သူတောင်းစားကတော့ ဘာမှ ပူစရာ မလိုဘူး ဆိုသလိုပါပဲ။ သူ့မှာက မီးလောင်စရာ ဘာအိမ်ကမှ မရှိတာ မဟုတ်လား။ ဘယ်ပူမလဲ။ ဒါပေမဲ့ ဂလိုဘယ်ခေတ်မှာ ဘယ်သူ လွတ်မှာတဲ့လဲ။ အနည်းနဲ့ အများတော့ ထိကြမှာပါပဲ။
ဒီကောက်နုတ်ချက်ထဲမှာ ကိုကြီးပေါ် မရှင်းတဲ့ စကား နှစ်လုံးပါတယ် ခင်ဗျ။ အပိုဒ် ၁ မှာ တရားဝင်စေလွှတ်ခဲ့သည့် အလုပ်သမား တဲ့။ ဒီစာသားအရ ပြည်ပမှာ အလုပ်သွားလုပ်တယ်ဆိုတာ `စေလွှတ်ခံရတာ´ ဖြစ်သွားပါတယ်။ အစေခံရတာပေါ့။ အစေခံရတာဆိုရင် `ကျွန်´ပဲပေါ့။ ဒါဆို သူတို့ကို ဘယ်သူက စေလွှတ်တာလဲ။ ကိုယ့်သဘောနဲ့ကိုယ် သွားတာ မဟုတ်ဘူးလား။ မေးစရာတွေ ဖြစ်လာပါတယ်။ ကျန်တဲ့လူတွေကိုကျတော့ တရားမ၀င် သွားရောက် လုပ်တာတဲ့။
အလုပ်အေးဂျင့်တွေကတဆင့် သွားရောက်သူတွေကို တရားဝင်စေလွှတ်ခဲ့သည့် အလုပ်သမားလို့ ပြောလိုက်ပုံ ရပါတယ်။ ဆိုတော့ ဒီအလုပ်သမားတွေဟာ သူတို့ ဗိုလ်ချုပ်တွေရဲ့ အေးဂျင့်တွေရဲ့ ကျွန်တွေလို့ ဆိုလိုက်တာပါပဲ။ ဒီလိုသဘောထားရင် ဗိုလ်ချုပ်တွေဟာ ကျွန်ပိုင်ရှင် အတွေးအခေါ်ကို အသက်သွင်းနေတာပါပဲ။ လူတွေ အားလုံးကို ငါတို့ရဲ့ ကျွန်တွေလို့ သဘောထားပြီး ငါတို့က သွားဆိုသွား, လာဆိုလာ မိန့်တိုင်းဖြစ်ရမယ်လို့ ယူဆထားပုံ ရပါတယ်။
နောက်တခါ `မြန်မာနိုင်ငံသို့ ပြန်လာနိုင်သည့် အလုပ်သမားမှာ…´ တဲ့။ ကိုယ့်နိုင်ငံသား တယောက် ပြည်ပရောက်သွားတဲ့အခါ ပြန်လာနိုင်, ပြန်မလာနိုင် ရယ်လို့ ရှိသလား။ ပြန်မလာနိုင် ဆိုတာ ဘာကို ပြောတာလဲ။ ပြည်ဝင်ခွင့် မပေးတော့ဘူးလို့ ဆိုလိုတာလား။ ပြည်ပရောက်သွားတာနဲ့ နိုင်ငံသားအဖြစ်က ရပ်စဲ ပစ်လိုက်တာလား။ ဒါဆို ပြည်နှင်ဒဏ်ခတ်တာနဲ့ အတူတူပဲပေါ့။ ကိုယ်တော်ချောရဲ့ ပြောစကားမှာ မေးစရာတွေ အများကြီး ရှိနေပါတယ်။
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် သုံးထောင်ကျော်လောက်က တို့ဘိုးဘွားများဟာ ဟိုးအဝေး တနေရာကနေ ဒီဒေသဆီကို ရောက်လာခဲ့ကြသတဲ့။ သူတို့ဟာ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း တောင်တွေကိုကျော် တောတွေကိုဖြတ် မြစ်တွေကို ကွေ့ပတ်ပြီးတဲ့နောက် ဒီနေရာ ဒီဒေသမှာ အခြေချခဲ့ကြသတဲ့။ လယ်ယာ, ငါးဖမ်း အလုပ်တွေနဲ့ အသက်မွေးခဲ့ကြသတဲ့။ အခုခေတ် မြန်မာများလည်း လယ်ယာ ငါးဖမ်း အလုပ်တွေရှိရာဆီကို တောဖြတ်တောင်ကျော် သွားရောက်နေကြရဆဲပါပဲ။ ရေကြည်ရာ မြက်နုရာက တွေ့မတွေ့နိုင်သေးဘူးပေါ့။
ဒါပေမဲ့ ကွာခြားသွားတာက တို့ဘိုးဘွားတွေက ရေကြည်ရာမြက်နုရာ ဘယ်ဒေသကိုပဲ သွားသွား လာလာ ဘယ်သူ့ကိုမှ တိုင်စရာတန်းစရာ မလိုဘူး။ ၀င်စို့ထွက်စို့ လုပ်စရာ မလိုဘူး။ ဘယ်သူကမှလည်း လာ အရေးမယူဘူး။ ခုခေတ်မှာတော့ … ထမင်းတလုတ်အတွက် အသက်မွေးရတာကိုကပဲ ပြစ်ဒဏ်ကြီး ဖြစ်နေလေရဲ့။
ကဲ… အလုပ်တွေ ရှိတယ်တဲ့။ အဲဒါတွေက… အလုပ်တွေလား… ပြစ်ဒဏ်တွေလား… စီရင်ချက်တွေလား… ဆိုတာတော့ ကိုကြီးပေါ်လည်း မဝေခွဲတတ်တော့ပါဘူး။
Thursday, January 1, 2009
ခြောင်းကြည့်သူရဲ့ အမှား (အမှတ် ၁၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment