Friday, March 13, 2009

အမေ့သား အနှိုင်းမဲ့ နားလည်ချင်ပါတယ်

ကိုအောင်ခိုင် ၏ မိခင် ကွယ်လွန်ကြောင်း သိရတဲ့အတွက် ၀မ်းနည်း ခံစား နားလည်ခြင်း များစွာနှင့်အတူ အမေဘွဲ့ ကဗျာ သုံးပုဒ်ကို တင်လိုက်ပါတယ်။

၂၀၀၅ ခုနှစ် ဇန်န၀ါရီ ၂၂ မှာ ကျင်းပတဲ့ ပြာသိုလပြည့် `အမေနေ့´ ပွဲမှာ ရွတ်ဆိုခဲ့တဲ့ ကဗျာတွေထဲက အချို့ ဖြစ်ပါတယ်။

အမေ့သား

ဝမ်းတွင်းမှာ သူလွယ်လို့
ငယ်ငယ်ကအစ
လူ့ဘဝရဲ့ ဒုလ္လဘကို
ရပါစေကြောင်း
နတ်ရေစင် သွန်းလောင်းခဲ့တဲ့
ဦးခေါင်းထိပ်က မိခင်
ကျေးဇူးရှင်ငယ်။

သင်ပြုလို့ ကျွန်ုပ်ဖြစ်
အသစ်မွေးဖွား
သင့်ခွန်အား
လူသားကောင်းကျိုးဆောင်ရန်ဗျား။

သင်ကမွေးလို့ တသွေးလှ
ကလေးဘဝက လူလားမြောက်
သားတယောက်ရယ်လို့
အားထားလောက်အောင်
ယောက်ျားဘသား
သင်ကြိုးစားမှ
အမေ့သား
ယနေ့ ကြွားနိုင်မှာပါတကား။

(မိခင်တိုင်းသို့)

တင်မိုး
ဇန်နဝါရီ ၁၈၊ ၂ဝဝ၅
==============

နားလည်ချင်ပါတယ်

အရွယ် မရင့်တရင့်
နှလုံးသား အချစ်တွေနဲ့
အမေ့ရင်ကို ပစ်ပြီး
ဘဝအသစ်ကို ဖွင့်တဲ့အခါ
‘အမေ့သား အထွေးလေးမို့
ရင်ထဲက ဆွဲနုတ်လိုက်သလို
ဟာခနဲ နေအောင်
ခံစားရတယ်’ တဲ့
အမေ့ရင်ထဲက စကား
နားလည်တတ်ချင်ပါရဲ့ အမေ...။

ဘဝအရေး ဓနအရေး
အနာဂတ်အရေးတွေအတွက်
‘ခဏလေးပါ အမေရယ်
မကြာခင် ပြန်လာမှာပေါ့’
ခပ်သော့သော့ နှုတ်ဆက်ပေမယ့်
အမေက ခပ်မဆိတ်
တိတ်တိတ်သာ ကြည့်နေခဲ့
‘သိပါတယ် ငါ့သားရယ်’ လို့
စကားလုံးမပါတဲ့ အမေ့စကား
နားလည်တတ်ချင်ပါရဲ့ အမေ...။

လွမ်းစာမရေး လွမ်းတေးမဆို
သတိမရသလို ရသလိုနဲ့
ဘာသာလဝါ အနေကြာလာတဲ့သားကို
‘ဘာကြောင့်’ ဆိုတဲ့ စကား
အမေ တခါမှ မပြောကြားခဲ့
သားအလို သားအကြိုက်
သားစရိုက် သားဝါသနာ
သားကဗျာ သားစာ
သားမလာ စာမလာ
ဘာကိုမှ အမေ မမှု
‘ပြုသမျှကုသိုလ်
သားတို့ကို ရစေကြောင်း
မေတ္တာပို့ဆုတောင်း’သံ
နေ့တိုင်းမှန်မှန် ဝတ်မပျက်
အမေ့ရဲ့ ခံစားချက်ကို
နားလည်တတ်ချင်ပါရဲ့ အမေ...။

‘သားတို့ကို မွေးဖွား
လူလားမြောက်အောင် ကျွေးမွေး
ပညာသင်ပေးခဲ့ပြီ၊
ကိုယ်ကျင့်နဲ့ အမှန်တရား
သားတို့ကို ပေးခဲ့ပြီ၊
မင်းတို့အရေး မင်းတို့ခေတ်မှာ
မင်းတို့ဖြစ်ချင်ရာကို မင်းတို့လုပ်
မင်းလုပ်သမျှ မင်းစံ
အမေ့ကို ပြန်မကြည့်နဲ့
ရေဆန်ကို အမေမမျှော်
ရေစုန်မှာ အမေပျော်တယ်’ တဲ့
အမေ့ရဲ့ ဆိုစကား
အထပ်ထပ်ပြန်ကြားရင်း
အမှားတွေ မကင်းနိုင်ပေမယ့်
အားတွေ တင်းနိုင်ခဲ့တယ်။
လမ်းအဖြောင့် အကောက်တွေမှာ
စခန်းပေါက်အောင် နှင်ခဲ့တယ်။
အမေ့လို မရင့်ကျက်ပေမယ့်
နှလုံးထက်မှာ အသိကပ်လို့
သတိချပ် နိုင်စေခဲ့တယ်။
အမေ့ရဲ့ နိယာမကို
အဘိဂါရဝတွေနဲ့
အသိထာဝရ တရားအစစ်
သားဖြစ်အောင်ကျင့်နေဆဲပါအမေ...။

ဝင်းပေါ်မောင်
=============

အနှိုင်းမဲ့ မေတ္တာ

အမေ...
လူတွေရဲ့သမိုင်းမှာ
အနှိုင်းမဲ့တဲ့ အရာ
အမေ့မေတ္တာပါ...။

အမေ...
အမေစားတဲ့ အစာ
ဖြစ်လာတဲ့ နို့ရည်က
ဘဝတွေ စခဲ့ရတာ...။

အမေ...
အမေကမ်းတဲ့ လက်ကိုကိုင်
‘ရပ်နိုင်ပေ, ရပ်နိုင်ပေ’လို့
အမေတိုင်တဲ့ စည်းဝါးသံအောက်
လမ်းလျှောက် သင်ခဲ့ရတာ...။

အမေ...
အမေချော့လာတဲ့
တကျော့နှစ်ကျော့ တေးသံသာ
မိတ္ထီလာ ကန်တော်အောက်နဲ့
သပြေသီးကောက်သံတွေ
ကြားနေဆဲပဲလေ...။

အမေ...
အမေက ကျီစယ်တော့
လူမမယ် အမေ့သားက
အမေ့အား ကန်ကျောက်
မောက်မာခဲ့တာလဲ
အမေဟာ ပြုံးလျက်ပါပဲ...။

အမေ...
အမေပြောတဲ့ စကား
‘ငါ့သား မိဘဖြစ်တဲ့နေ့မှာ
အမေ့မေတ္တာကို
ပိုနားလည်မှာပါ’တဲ့
ဟုတ်ကဲ့ပါ အမေရယ်
တကယ် နားလည်နေပါပြီ...။

အမေ...
အမေဆိုတဲ့
မြင့်မိုရ် ရွှေတောင်ဦးက
အနန္တကျေးဇူးရှင်ကို
အစဉ် ဂါရဝပြုလျက်ပါ အမေ...။

ကိုသက်
ဇန်နဝါရီ ၈၊ ၂ဝဝ၅

1 comment:

ဇေဇော် said...

မင်းတို့အရေး မင်းတို့ခေတ်မှာ
မင်းတို့ဖြစ်ချင်ရာကို မင်းတို့လုပ်
မင်းလုပ်သမျှ မင်းစံ
အမေ့ကို ပြန်မကြည့်နဲ့
ရေဆန်ကို အမေမမျှော်
ရေစုန်မှာ အမေပျော်တယ်..တဲ့လားအကိုရေ...။ အမေတစ်ယောက်ရဲ့ ရင်ထဲက မေတ္တာတွေကို ဖွဲ့ထားတာ လှတယ်ဗျာ...။