Monday, May 4, 2009

လဂွန်းအိန်

ရေးသားသူ — ဒေါက်တာ မတင်ဝင်း(ပညာရေးတက္ကသိုလ်)

လဂွန်းအိမ် ဆိုတာက ရာဇ၀င်မှာအမည်တွင်တဲ့ စစ်ဘုရင် ရာဇာဓိရာဇ် အလွန်ချစ်မြတ်နိုးသလောက် အလွန်အားကိုးခဲ့တဲ့ စစ်သူကြီးဖြစ်ပါတယ်။
လဂွန်းအိမ် ဆိုတာ ဘွဲ့အမည်ဖြစ်ပါတယ်။ ကိုယ်ပိုင်နာမည်မဟုတ်ပါဘူး။လဂွန်းအိမ် ရဲ့အစောပိုင်းဘ၀ဟာသိမ်သိမ်ငယ်ငယ်ပါပဲ။

ရာဇာဓိရာဇ် နန်းတက်ခါစ ဦးရီးတော် မြောင်းမြလောက်စားအပါအ၀င် ဆွေတော်မျိုးတော်တို့က ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတဲ့အတွက် ရာဇာဓိရာဇ် ကိုယ်တိုင်လိုက်လံနှိမ်နှင်းရပါတယ်။
အဲဒီလို တိုက်ခိုက်နှိမ်နှင်းရင်း ရန်သူလက်ထဲမှာရှိနေတဲ့ မြို့များကိုတစ်စတစ်စသိမ်းပိုက်ရရှိပါတယ်။အဒီလို ရရှိတဲ့မြို့များကို အုပ်ချူပ်ဖို့ယုံကြည်စိတ်ချရတဲ့ သူများကို မြို့စားခန့်အပ်ပြီးထားခဲ့ရပါတယ်။တရည်းမြို့ကိုတော့အမတ်ကြီး သမိန်သဗြတ် ဆိုသူကိုဗိုလ်ပါ ငါးထောင်နဲ့တကွ အပ်နှင်းထားခဲ့ပါတယ်။ အမတ်ကြီး သမိန်သဗြတ် မှာ မသံလုံ ဆိုတဲ့သူရဲကောင်း နောက်လိုက်တစ်ယောက်ရှိပါတယ်။ရာဇာဓိရာဇ် ကတခြားမြို့တွေကိုသွားရောက်တိုက်ခိုက်နေချိန်မှာ တရည်းမြို့ကို မုတ္တမစားနဲ့မော်လမြိုင်မြို့စားတို့က မကြာခဏ လာရောက်တိုက်ခိုက်ကြပါသတဲ့။ရန်သူများလာရောက်တိုက်ခိုက်တိုင်း မသံလုံ ကအောင်အောင်မြင်မြင် တွန်းလှန်တိုက်ယူခဲ့ပါတယ်။ရာဇာဓိရာဇ် ကလည်း အဲဒီအောင်ပွဲများအတွက် မသံလုံ ထံလက်ဆောင်ပစ္စည်းများပေးပို့လေ့ရှိပါသတဲ့။
ရာဇာဓိရာဇ် က တနေ့တော့ တရည်းမြို့စား သမိန်သဗြတ် နဲ့ အတူလဂွန်းဗျည်း ဆိုတဲ့မြို့ကိုတိုက်ခိုက်ပါတယ်။လဂွန်းဗျည်းကို ရာဇာဓိရာဇ် ရပြီးတဲ့နောက် မသံလုံ ကိုခေါ်ပြီးအနားမှာထားပါတယ်။အဲဒီညမှာပဲ ရာဇာဓိရာဇ် သစ္စာပေးခဲ့တဲ့ သံမောင်မြို့စား မဂြိုင်း က လဂွန်းဗျည်းမြို့ကိုလာတိုက်ပါတယ်။အဲဒီ အကြောင်းကိုရာဇာဓိရာဇ် သိတော့ သူချီးမြောက်ထားတဲ့ကျေးဇူးကို မှ မထောက်ရကောင်းလားဆိုပြီး ဒီကျွှန်ပျက်ရဲ့ ဦးခေါင်းကို ဘယ်သူ ယူပေးနိုင်သလဲ ဟုဗိုလ်ပုံအလယ်မှာမေးလိုက်ပါသတဲ့။ မသံလုံ ကကျွှန်တော်ယူပေးပါမယ်လို့ပြောပြီး ဓားရှည်တလက်ကို ထက်အောင်သွေးနေပါသတဲ့။ပြီးတော့ ထမင်းအိုးတလုံးကို ခြင်းထဲမှာထည့်ယူပြီး ညဘက်မှာ လဂွန်းဗျည်းမြို့ က ထွက်သွားပါတော့တယ်။
မသံလုံ ကလည်း ရဲလိုက်တဲ့သူပါပဲ။သံမောင်းမြို့ကို ညဘက်အချိန်မှာ မဂြိုင်းဘက်သား ဟန်ဆောင်ပြီးဝင်ပါတယ်။မဂြိုင်းရှေ့ကိုကုန်းပြီးဝင်သွားတော့ မဂြိုင်းက ဘာအကြောင်းကြောင့်ဒီလိုလာသလဲမေး တာပေါ့။ရန်သူ့ ဦးခေါင်းကိုဆက်သဖို့ လာပါတယ်လို့ မသံလုံကဖြေပါသတဲ့။ပြီးတော့မှလျင်လျင်မြန်မြန်ခုန်လိုက်ကာ မဂြိုင်းဦးခေါင်းကိုဖြတ်ယူပြီးအိုးထဲထည့်လိုက်ပါတယ်။အဖြစ်အပျက် က မြန်လွန်းတာတစ်ကြောင်း၊ရုတ်ရုတ်သဲသဲအဖြစ်မှာ မသံလုံ က ဓားရှည်ကိုဝင့်ပြီးခုန်ထွက်သွားတော့ လိုက်လည်းမလိုက်ရဲကြတာကတစ်ကြောင်း အုတ်အုတ်ကျက်ကျက်နဲ့ကျန်ခဲ့တာပေါ့ ။
မသံလုံ ကတော့ ညတွင်းချင်း ရာဇာဓိရာဇ် ရှေ့တော်ကိုအရောက်ပြန်လာပါတယ်။ပြီးတော့မှမဂြိုင်းရဲ့ ခါင်းပြတ်ကြီးကိုတခြားသူတွေနဲ့ စကားပြောနေတဲ့ ရာဇာဓိရာဇ် ရှေ့အရောက်လှိမ့်ပြီးသွင်းလိုက်ပါတယ်။ရုတ်တရက်ဆိုတော့ ရာဇာဓိရာဇ် လည်းလန့်သွားတာပေါ့။တရည်းမြို့စား သမိန်သဗြတ် ကတော့ သူ့လူအကြောင်းသူသိတာပေါ့။အဲဒိတော့မှမဂြိုင်းရဲ့ ခါင်းပြတ် ကိုလာဆက်တာဖြစ်ကြောင်း လျှောက်ပါသတဲ့။အားလုံးထကြပြီး မီးတွေဘာတွေ ထွန်းကြည့်တော့ သံဗြတ်ပြောတာမှန်နေလို့ ရာဇာဓိရာဇ် က၀မ်းသာပါသတဲ့။မသံလုံကို ယောင်္ကျာကောင်းပီသပါပေတယ်လို့ ပြောပေမဲ့ ဆုတွေဘာတွေတော့မပေးဘူးတဲ။မသံလုံ ကလည်း ဒီလောက်ကြီးတဲ့အမှု့တော်ကိုထမ်းတာ ဆုတော်လာဘ်တော်တွေတော့ရမှာပဲဆိုပြီး မျှော်လင့်ချက်ထားခဲ့လေတော့ အခုလိုခြောက်ခြောက်သွေ့သွေ့ချီးကျူးခံရလေတော့ မချိမခံသာနဲ့ ဖြစ်သွားတာပေါ့။ဒါပေမယ့် ဧကရာဇ်ကို ဘာမှ မပြောဝံ့တော့ ဒီလိုပဲနေရတာပေါ့။
ရာဇာဓိရာဇ်က ဒုန်းဝမ်း၊လဂွန်ဗျည်း၊တရည်း၊သံမောင်စတဲ့မြို့များကိုရပြီးမှာ မုတ္တမနဲ့မော်လမြိုင်ကိုပဲ တိုက်ခိုက်သိမ်းယူဖို့ ကျန်တော့တယ်ဆိုတဲ့စကားကိုပြောတော့ တရည်းမြို့စားသမိန်သဗြတ်က အဲဒီနှစ်မြို့ကို သူတို့စစ်သူကြီးများသာတိုက်ခိုက်သိမ်းယူပေးပါမယ်။အရှင်မင်းကြီးက လဂွန်းဗျည်းမှာသာ စစ်ရေးပြပြီး နေခဲ့ပါလို့ပြောပါသတဲ့။အဲဒီလို မော်လမြိုင်ကို တိုက်ခိုက်သိမ်းပိုက်ကြတဲ့အထဲမှာ အမတ်ဒိန်နဲ့သမိန်သဗြတ်တို့နှစ်တပ်ပါပါတယ်။အားလုံးပေါင်းကတော့၇တပ်ပါ။မုတ္တမနဲ့မော်လမြိုင်ကိုအောင်မြင်ကြတော့ အမတ်ဒိန်နဲ့သမိန်သဗြတ်တို့ကို ဆုတော်လာဘ်တော်များပေးအပ်ပါတယ်။
ရာဇာဓိရာဇ်ဟာ သိမ်းပိုက်မိတဲ့ မြို့များကို ယုံကြည်စိတ်ချရမယ့် အမှုထမ်းများကို မြို့စားရွာစားအဖြစ်ခန့်အပ်စောင့်ရှောက်ပြီးမှ ဗဂိုးကိုပြန်ပါသတဲ့။တိုက်ကုလားမြို့ကိုရောက်တော့အိမ်ကြီးတဆောင်ကိုအလျင်အမြန်ဆောက်စေခဲ့ပါသတဲ့။
အိမ်ရဲ့အပြင်နဲ့တံစက်မြိတ်တွေကိုလည်း အကျယ်ကြီးဆောက်စေခဲ့ပါသတဲ့။အဲဒီအိမ်ကို ရာဇာဓိရာဇ်ကိုယ်တိုင် ယာယီနန်းစံမယ်လို့လည်း သတင်းလွှင့်ထားပါသတဲ့။
အိမ်ပြီးတဲ့အချိန်မှာ အိမ်ပေါ်မှာလည်းမင်းတပါးနဲ့ထိုက်တန်တဲ့အဆောင်အယောင်တွေကိုထားပြီးတော့ ကိုယ်လုတ်တော်တစ်ဦးဖြစ်တဲ့ မေနှင်းကေသရာ ကိုအဲဒီအိမ်ပေါ်မှာ အဆင်သင့်တက်ပြီးနေစေပါသတဲ့။
အစစအရာရာ အဆင်သင့်ဖြစ်တော့မှ ရာဇာဓိရာဇ်က သမိန်ဗြဇ္ဖကို ခေါ်ပြီးတော့ပြောပါသတဲ့။မသံလုံကို အမတ်ကြီးအိမ်ခေါ်ပြီးပျော်ပါးသောက်စားပါစေ။အရက်ကိုလည်း မူးအောင်မေ့အောင်တိုက်ပြီး၊လူမှန်းသူမှန်းမသိ မူးသွားတဲ့အချိန်မှ အစောကဆောက်ထားတဲ့ အိမ်ကြီးမှာပြင်ထားတဲ့သလွန်ပေါ်မှာ အိပ်နေပါစေ။နဖူးမှာလည်း ဘွဲ့အမည်ရေးထားတဲ့ရွှေဆွဲပြားကို စည်းထားပေးလိုက်ပါ။ငါ့ကိုယ်လုပ်တော် မေနှင်းကေသရာ ကလည်းသူ့ကို ခစားနေပါစေ။ဒါ့အပြင်တိုက်ဆင် ၅စီးနဲ့တိုက်ကုလားမြို့ကိုပါ ငါပေးမယ်။သူအိပ်ယာက မနိုးခင် ဆီမီးတွေလည်း ထိန်နေအောင်ထွန်းထားပါ။အတီးအမှုတ်နဲ့လည်းဖျော်ဖြေနေပါစေလို့ ရာဇာဓိရာဇ်ကဘယ်အချိန်ကတည်းက သူစဉ်းစားထားမှန်းမသိတဲ့ အစီအစဉ်တွေကိုပြောဆို အမိန့်ပေးနေပါသတဲ့။
ညဘက်ရောက်တော့ ရာဇာဓိရာဇ်အမိန့်ရှိထားတဲ့အတိုင်း သမိန်ဗြဇ္ဖကဆောင်ရွက်ခဲ့ပါတယ်။မသံလုံကို အိမ်သစ်ကြီးပေါ်က သလွန်အထက်မှာထားပြီး သမိန်ဗြဇ္ဖ ကသူ့အိမ်ကို ပြန်သွားပါတယ်။
မသံလုံ ကအရက်မူးပြီး အိပ်ရာကနေ အမူးလည်းပြေရော မျက်စိဖွင့်ကြည့်လိုက်တာပေါ့လေ။ဆီမီးတွေထိန်ထိန်လင်းပြီး စောင်းညင်းပတ်သာတွေကိုလည်းတီးမှုတ်လို့၊စူ့ဘေးနားမှာလည်းမေနှင်းကေသရာနဲ့ နောက်မိန်းကလေးတစ်ယောက်က ခစားလို့သူကိုယ်တိုင်ကတော့ နင်နေရာ သလွန်တော်ပေါ်မှာ အခန့်သားရောက်လို့ဆိုတဲ့အချက်တွေ သူ့ခေါင်းထဲရောက်လောက်အောင် အိပ်ချင်လည်းပြေရော မူးလည်းအမူးပြေပြီး ငေါက်ခနဲ့ထပြီးငိုင်ရုံမက ပြေးဖို့ပါ ပြင်ပါလေရော။
ဘာကြောင့် ပြေးဖို့ပြင်တာလည်းဆိုတော့ သူဟာမူးပြီး ရာဇာဓိရာဇ်ရဲ့ယာယီ နန်းတော်ပေါ်ကို မူးမူးရူးရူးနဲ့မှားပြီးရောက်နေခဲ့တာထင်တာကိုး။ကုတင်ဘေးမှာမေနှင်းကေသရာ တွေ့တော့ပိုပြီးကြောက်သွားတာပေါ့။သူကဘုရင့် ကိုယ်လုပ်တော်ကိုး။
မသံလုံ က ပြေးဖို့ပြင်တော့ မေနှင်းကေသရာ နဲ့ နောက်မိန်းကလေးတစ်ယောက်က ဖမ်းထာတာပေါ့လေ။ပြီးတော့ အကြောက်ကြီးကြောက်နေတဲ့ မသံလုံ ကို နဖူးက ဘွဲ့အမည်ရေးထားတဲ့ရွှေပြားကိုလည်းဖြုတ်ပြီးကြည့်ခိုင်းပါတယ်။ဒီအိမ်ကြီးနှင့်တကွ မေနှင်းကေသရာ၊နောက်မိန်းကလေးတစ်ယောက်ရော၊တိုက်ကုလားမြို့ကိုရော ဆင်ပေါက် ၅စီးကိုရော မသံလုံကို ရာဇာဓိရာဇ်ကပေးအပ်ချီးမြင့်ခဲပါတယ်ဆိုတာကိုလည်း ရှင်းပြတာပေါ့။အဲဒီတော့မှ မသံလုံက မဂြိုင်းရဲ့ခေါင်းကို ဖြတ်ယူတုန်းက ရာဇာဓိရာဇ်လန့်အောင် လုပ်ခဲ့မိတဲ့အတွက် ချစ်စနိုးနဲ့လက်စားချေတဲ့အကြောင်းကိုရိပ်မိပြီး ဘုရင်ရှိရာဘက်ကိုကြည်ညိုမြတ်နိုးစွာနဲ့ ရှိခိုးကန်တော့ပါသတဲ့။
ရာဇာဓိရာဇ် ချီးမြှေက်ခဲ့လို့မသံလုံ ဘ၀ကနေ ငယ်နာမည်ပျောက်ပြီး "လဂွန်းအိမ်"လို့ကျော်ကြားပါတဲ့စစ်သူကြီးဟာ ရာဇာဓိရာဇ်ရဲ့အမှုတော်ကို အကြိမ်ကြိမ် ထမ်းခဲ့ပါတယ်။ထူးထူးချွှန်ချွှန်ထမ်းရွက်ခဲ့တာဖြစ်ပါတယ်။
ရာဇာဓိရာဇ်ကလည်း အရေးကြီတဲ့တိုက်ပွဲများမှာ လဂွန်းအိမ်ကိုသာ အားကိုးလေ့ရှိပါတယ်။ရာဇာဓိရာဇ် ရဲ့ဦးရီးတော် မြောင်းမြစား လောက်ဖျားဟာ ရာဇာဓိရာဇ်ကို လုံးဝဆန့်ကျင်သူဖြစ်ပါတယ်။မင်းကြီးစွာစော်ကဲဆီက စစ်ကူတောင်းတဲ့သူဟာလောက်ဖျားပါပဲ။သူစားရတဲ့ မြောင်းမြဆိုတာ အရပ်အနေသိပ်ပြီး လုပ်ရေးကြံ ရေး သိပ်ပြီးခက်ပါတယ်။အဲဒီတော့ ရာဇာဓိရာဇ်အရေးထားပြီး တိုက်ရမဲ့ မြို့တစ်မြို့ပါပဲ။အဲဒါကြောင့် မြောင်းမြကိုတိုက်ဖို့ လဂွန်းအိမ် တာဝန်ယူပြီး တိုက်စေဖို့ ရာဇာဓိရာဇ်က ညီလာခံမှာပြောပါတယ်။သူရဲကောင်းကိုချီးမြှောက်တဲ့အနေနဲ့ သူအနားမှာရှိတဲ့ မိဖုရား တလသုဒ္ဓျမာယာ ကို ကွမ်းယာ ယာပြီး လဂွန်းအိမ် ကိုပေးပါဘိလို့အမိန့်ပေးခဲ့ပါတယ်။
လဂွန်းအိမ် သူ့နေရာသူပြန်လာပြီး စဉ်းစားပါတယ်။ မြောင်းမြတိုက်ဖို့ဆိုတာ အတော်သေဘေးနီးတဲ့ အလုပ်၊အဲဒီလို အသက်စွန်ပြီးလုပ်ရမဲ့ အလုပ်ဆိုတာ မိမိကိုချစ်ခင်တဲ့ အရှင်အတွက်သာစွန့်စားပြီး လုပ်ရမှာ။အဲဒီတော့ ငါ့အရှင် ငါ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ ငါသိဖို့လိုအပ်တယ်လို့ စဉ်းစားပါသတဲ့။အဲဒီနောက် စစ်ထွက်ရမယ့်နေ့မှာ စစ်မထွက်ပဲ နေပါသတဲ့။အဲဒီတော့ ဘုရင့်အရေးတော်များကိုဆောင်ရွက်ရတဲ့ အမတ်ဒိန်နဲ့ဗိုလ်မင်းဗြဇ္ဖတို့က လဂွန်းအိမ် ဆီလိုက်လာကြတာပေါ့။လဂွန်းအိမ် က စစ်မထွက်ပဲနေတာ ဟာ နေမကောင်းဖြစ်လို့ မထွက်ပဲနေတာပါ။ဘာလို့နေမကောင်းဖြစ်ရလဲ ဆိုရင် သူ့ကိုကွမ်းယာ ယာကျွှေးတဲ့ မိဖုရား တလသုဒ္ဓျမာယာ ကို စွဲလန်းနေလို့ပါ ။မိဖုရားကိုမှ မရရင် သူသေတော့မှာပါ။ဘုရင်က သတ်လည်း သေရမှာပါ။အဲဒီတော့လည်း မထူးတော့ပါဘူး...စသဖြင့်ပေါ့လေ။(မဂြိင်းရဲ့ ခေါင်း၇၇ ရှေ့လိမ်သွင်းလာတဲ့ မသံလုံ ရဲ့ဗီဇကလေး ပြန်ပေါ်လာသလိုပါပဲ)။
အမတ်ကြီးနှစ်ဦးကလည်း ရာဇ၀တ်အိုး တုတ်နဲ့ထိုးသလို စကားမျိုးတွေပြောနေတော့ လဂွန်းအိမ် ကို ဖျောင်းဖျကြတာပေါ့။ ဒါပေမယ့် ဘုရင်အချစ်ကိုမှစမ်းချင်နေတဲ့ လဂွန်းအိမ် ကတော့ မလျှော့ပါဘူး။နောက်တော့လည်း အမတ်ကြီးနှစ်ဦးက အလွန်ကြောက်လန့်စွာနဲ့ ရာဇာဓိရာဇ် ထံတော်ကိုဝင်ပြီး လဂွန်းအိမ် ပြောပြတဲ့ အကြောင်းတွေကို လျှောက်တင်ရပါတော့တယ်။ဘုရင် ကလည်း ဘုရင်ပါပဲ။မိဖုရားကို လဂွန်းအိမ် ထံပို့လိုက်ပါတယ်။လဂွန်းအိမ် ကလည်း မိဖုရားရောက်လာတာနဲ့ ကန်တော့ပစ္စည်းအမျိုးမျိုးနဲ့ကန်တော့ တာပေါ့။ပြီးတော့မှ အမတ်ကြီးများကိုလည်း ကန်တော့ပြီး သူဟာ ဘုရင့် အချစ်တော်ကို စမ်းချင်လို့သာ မိဖုရားကိုတောင်းရတာပါ။အခုတော့ သူ့ကို
ဘုရင်က သိပ်ချစ်တာကို သံသယမရှိ သိပြီဖြစ်တဲ့အတွက် စစ်ထွက်ပါတော့မယ်လို့ပြောပြီး စစ်ထွက်ပါတော့တယ်။
လဂွန်းအိမ် တိုက်လို့နိုင်ခဲ့တဲ့စစ်ပွဲတွေအကြောင်းကို များလွန်းလို့ အသေးစိတ်မပြောတော့ပါဘူး။
လဂွန်းအိမ် ရဲ့တော်တည့်ဖြောင့်မှန်တဲ့ သဘောထားကို အထူးသဖြင့် ပေါ်လွင်စေတဲ့ ဖြစ်ရပ်လေးတခုပြောပြပါရစေ။အင်းဝနဲ့ ဗဂိုးသားတွေ စစ်တိုက်ကြရင်းနှစ်ဘက်စလုံး စစ်ပန်းလာချိန်မှာ စစ်ပြေငြိမ်းစကားပြောကြဖို့ စိစဉ်ကြပါသတဲ့။စစ်ပြေငြိမ်းစကားပြောပြီး သစ္စာပြုကြမယ့်နေရာက ပန်းကျော်ချောင်းဘေးကသဲသောင်ပြင်ဖြစ်ပါသတဲ့။အင်းဝသားတွေက တော့သစ္စာပြုကြ မယ့်အချိန်မှာ ထုံးစံအတိုင်းလက်နက်မပါပဲ ဆင်စီးပြီးလာကြတာပေါ့။ ဗဂိုးသားတွေ သစ္စာပြုကြမဲ့သဲသောင်မှာ လက်နက်တွေ ၀ှက်ထားကြပါသတဲ့။အင်းဝသားတွေ နောက်တခါ မလာအောင် လုပ်လွှတ်လိုက်မယ်ပေါ့လေ။
သဲသောင်ပြင်ချေင်းနံဘေးမှာ အင်းဝနဲ့ ဗဂိုးသားတွေ အဆင့်လိုက် ဆင်ချင်းယှဉ်ပြီး တန်းဆီနေကြပါတယ်။အတွဲက ၃၀ရှိပါသတဲ့။ထိပ်ဆုံးကတော့ အင်းဝဘက်ကအင်းဝဘက်ကမြင်းစိုင်းမင်းသားနဲ့ဗဂိုးဘက်ကဗိုလ်မင်းဗြဇ္ဇတို့နေရာယူထားပါသတဲ့။အဲဒီအတွဲတွေထဲမှာ အငယ်ဆုံးနှစ်ယောက်ကတော့ သတိုး(မိုးညှင်းသတိုး)နဲ့ဗဂိုးဘက်က လဂွန်းအိမ်ဖြစ်ပါသတဲ့။လဂွန်းအိမ် က လက်ခွင်ပြီး သတိုးက ခြေခွင်ပါသတဲ့။အငယ်ဆုံးတွေ အတွဲကလည်း ညီနေလေတော့ မြင်ရတဲ့သူများဟာ ရယ်ကြတာပေါ့လေ။လူအများ ကလည်းစစ်ပြီးတော့မယ်ဆိုတော့အလိုလို ပျော်နေကြတာ မဟုတ်လား။
လဂွန်းအိမ်က သတိုးကို ပုဝါနှစ်ပိုင်းလက်ဆောင်ပေးသလို သတိုးက ယွန်းအစ်နှစ်ခုလက်ဆောင်ပေးပါတယ်။ပေးရင်းနဲ့သတိုးက လဂွန်းအိမ် ကို "ဒီသစ္စာပြူတဲ့ပွဲဟယ အမှန်အကန်ပဲလား "လို့မေးပါသတဲ့။
လဂွန်းအိမ် ကဖြေလိုက်တဲ့စကားကလေးက ရိုးရိုးရှိုင်းရိုင်းနဲ့ချစ်စရာကောင်းလှပါတယ်။"ဟယ်...သတိုးအရူး စစ်တို့၏သဘောတွင် သစ္စာ မှန်သည်ရှိဘူးသလော၊ငါ့ကို နင်ရလည်းသတ်မည်၊နင်ကို ငါရလည်းသတ်မည်ပင်။စစ်အတွင်းမှာ ပြုသည့်သစ္စာဖြောင့်မှန်သည်ဟု မင်းယုံမည်လော"တဲ့။သတိုးက သူ့လူတွေကိုအော်ဟစ်သတိပေးလိုက်ပြီး ပြန်ဆုတ်သွားတာနဲ့သစ္စာပြူတဲ့ပွဲ ပျက်သွားပါတယ်။လဂွန်းအိမ်က သစ္စာပြုပွဲမှာလူသတ်ဖို့လုပ်နေတဲ့သူတွေကိုလည်း စိတ်ဆိုးနေသလို အရ၊နုံရ ကောင်းလားလို့ အင်းဝသားတွေကိုလည်းစိတ်ဆိုးနေပါလိမ့်မယ်။
ဒီတခါတော့ ရာဇာဓိရာဇ်က ခွင့်မလွှတ်နိုင်လောက်အောင် စိတ်ဆိုးပါတယ်။အဲဒါကြောင့် မိဖုရားကိုတောင်ပေးဖို့ ၀န်မလေးတဲ့ သူ့စစ်ကြီးလဂွန်းအိမ် ကိုသတ်ဖို့ အဲမွန်ဒရာ ရဲ့လက်ထဲအပ်တော့တာပါပဲ။အဲဒီလို အပ်တဲ့အထိ လဂွန်းအိမ် ကလည်း ဘာကိုပဲမေးမေး မဖြေပါဘူးတဲ့။
အမတ်ဒိန်နဲ့ဗိုလ်မင်းဗြဇ္ဖတို့ကကိုသတ်ဖို့ခေါ်သွားအချိန်ထိမှာ ရာဇာဓိရာဇ် ကိုမနားတမ်းဖျောင်းဖျပါသေးတယ်။အကြောင်းမရှိပဲ ၈ က လျိုဝှက်ချက်ကို ဖွင့်ပြောမယ် မဟုတ်ပါဘူး။စစ်သူကြီးတစ်ဦး ကို စစ်အတွင်းမှာ လွယ်လွယ်နဲ့အဆုံးမစီရင်းသင့်ပါဘူး စသဖြင့်ပေါ့လေ။အမျိုးမျိုးပြောတော့မှ ရာဇာဓိရာဇ်က အဲသလိုဆိုရင် အကြောင်းစုံကို စစ်ဆေးကြဦးလို့ အမိန့်ပေးပါတယ်။ တော်ပါသေးရဲ့။အဲမွန်ဒယာကလည်း သူရဲကောင်းကို သတ်ဖို့အချိန်ဆွဲထားပေလိုပေါ့။အမတ်ကြီးများက တော့ ၈သူဘာကြောင့်သစ္စာပြုပွဲဟာ အမှန်အကန် မဟုတ်ကြောင်းကို ဖွင့်ပြောလိုက်ရလဲဆိုတဲ့ အကြောင်းကိုပါ ဖြေပါတယ်။
"အချုပ်ကတော့ တရားနည်းလမ်းမကျသည့် အောင်မြင်မှုကို မလိုချင်သဖြင့် သခင်၏လျိုဝှက်ချက်ကို ဖျက်ရပါသည်"တဲ့။
အမတ်ကြီ်းများဟာ ဘုရင့်ကိုဖျောင်းဖျပြီးဖြစ်ပေမဲ့ ၈ ကိုယ်တိုင်က ဘုရင်မင်းခေါင်ကို ဖမ်းပေးခြင်းအားဖြင့် သခင့်အမျက်ကို ပြေအောင်တိုက်တွန်းခဲ့ပါတယ်။္ခဘုရင်မင်းခေါင် ကိုဖမ်းပို့ကြိုါ်စားတဲ့အခါမှာ ပထမတစ်ခါတုန်းကတော့ ဆင်ချင်းယှဉ်မိမှမင်းခေါင်ရဲ့ညီ ရှင်သိဒ္ဒတ် ကအော်ဟစ်သတိပေးလို့မအောင်မြင်ပါဘူး။ဒုတိယအကြိမ်ကျတော့ မင်းခေါင်ရဲ့ တဲနန်းကို ညအချိန်မှာတက်ပြီးမင်းခေါင်ရဲ့သလွန်ဘေးကိုတောင်ေ၇ာက်ခဲ့ပါတယ်။ဘုရင်မင်းခေါင်ရဲ့ရွှေခွက်နဲ့လက်သုံးတော်ဓား တို့ကိုတောင် ရအောင်ယူခဲ့ပါတယ်။လူနိုးလို့အော်တာနဲ့ ထွက်ပြေးခဲ့ရပါတယ်။
ရာဇာဓိရာဇ်ထံရောက်တော့ မင်းဧကရာဇ်ကို သတ်တဲ့သူဟာ အသက်မရှည်ဘူးလို့ မှတ်သားရဘူးလို့ မသတ်ခဲ့ပါဘူး။ယူလာတဲ့ ပစ္စည်းများကို ကြည့်တော်မှုပါ။ အနားအထိ ရောက်ခဲ့ပါတယ်လို့လျှောက်တင်ပါတယ်။ရာဇာဓိရာဇ်က အဲဒီစကားကိုနားထောင်ပြီးအသက်ကို လွှတ်လိုက်ပါတယ်။ရာဇာဓိရာဇ်စိတ်ပြေနေတဲ့ အချိန်လည်းရောက်နေတာကတစ်ကြောင်း ရန်သူဘုရင်ကိုတောင်မှ မသတ်ခဲ့ရင် ငါ့ကိုလည်း သတ်ဖြတ်လုပ်ကြံမယ့်သူ မဟုတ်ဘူးလို့တွေးမိတာကတစ်ကြောင်း ဖြစ်ဟန်တူပါတယ်။
ရဲရင့်သလိုတော်တည့်မှန်ကန်လှတဲ့ သူရဲကောင်းလဂွန်းအိမ် ဟာ အင်းဝသားများနဲ့တိုက်တဲ့ ရေကြောင်းတိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့ပါတယ်။သူနဲ့သူရဲကောင်း၃၀၀ပါတဲ့လှေကို လှေလေးစင်းနဲ့ ၀ိုင်းဝန်းတိုက်ခိုက်ကြတဲ့ အခါမှာသူဟာ ခြေကုန်လက်ပန်းကြတဲ့အထိ လက်နက်မချပဲတိုက်ခဲ့ပါတယ်။အဲဒီလို တိုက်ခိုက်နေကြတာကို ရာဇာဓိရာဇ်ဘက်ကကြည့်နေသလို မင်းရဲကျော်စွာကလည်းကြည့်နေပါတယ်။လဂွန်းအိမ် ကိုအင်းဝသားများ ရသွားတဲ့အခါမှာ မင်းရဲကျော်စွာက" လဂွန်းအိမ် ကိုမသေစေနဲ့"လိုဟစ်အော်ပြောလိုက်ပါသေးတယ်။
လဂွန်းအိမ်ကိုမင်းရဲကျော်စွာကိုယ်တိုင်လာကြည့်ပါသေးတယ်။ဒဏ်ရာပြင်းထန်လွန်းလို့ အသက်မရှင်နိုင်လောက်ကြောင်းကို သူ့ခမည်းတော် ဘုရင်မင်းခေါင်ထံကို အကြောင်းကြားပါသတဲ့။မင်းခေါင်က မင်းရဲကျော်စွာကို အလွန်အပြစ်တင်ပြီးတော့ လဂွန်းအိမ်ရဲ့အနာကို ကုသဖို့ ကိုယ်တိုင် သမားတော်တစ်ဦးကိုခေါ်ပြီးစစ်စခန်းကိုလာပါသေးတယ်တဲ့။
မင်းရဲကျော်စွာက အားပေးတဲ့အနေနဲ့ လဂွန်းအိမ် ကို"မင်းကိုငါချီးမြှောက်ပါမယ်၊အားမလျှော့ပါနဲ့လို့"အားပေးပါတယ်။လဂွန်းအိမ်ကတော့ သူဒဏ်၇ာကြောင့် သူသေမှာပါဆိုတာကိုသိနေတဲ့အကြောင်းပြန်ပြောပါတယ်။
မင်းရဲကျော်စွာက "ထမင်းစားမလား”လို့မေးတော့"သေခါနီးမှ အရှင်နှစ်ပါးရဲ့ ထမင်းကို ၀မ်းထဲမသွင်းလိုတော့ပါဘူး"လို့ပြောသတဲ့။''ရေသောက်မလား"မေးတော့ ရေနဲ့ကွမ်းကိုတော့ လိုချင်ပါတယ်လို့ပြောလို့ ကွမ်းယာနဲ့ရေကိုပေးရပါသတဲ့။လဂွန်းအိမ်က ကွမ်းစားရေသောက်ပြီးတဲ့အခါ စားမိတဲ့ကွမ်းနဲ့သောက်မိတဲ့ရေကြောင့် အရှင့်ကို အမှု့ထမ်းပြီးကျေးဇူးမဆပ်နိုင်ပေမယ့် အမှာစကားတစ်ခုနဲ့တော့ ကျေးဇူးဆပ်ပါရစေ။ရာဇာဓိရာဇ် ကိုဆင်ချင်း၊မြင်းချင်းလှေချင်း၊လူချင်းတစ်ယောက်ချင်းတော့ မယှဉ်လေနဲ့။သူရဲ့အစွမ်းအစဟာ တော်ရုံကောင်းတာ မဟုတ်သလို သူဘေးမှာပါတဲ့ သူတွေကလည်း သူနဲ့ဆွေမျိုးတော်ကြသူတွေဖြစ်တယ်။ဘီလူးတွေလိုလည်းကြမ်းကြုတ်တယ်။မင်းရဲကျော်စွာက အဲဒီအကြောင်းကိုမေ့နေရင်လည်းမှုးမတ်များက သတိပေးကြပါ"လို့ အမှာစကားပြောသတဲ့။ပြီးတော့ကွယ်လွန်သွားရှာပါတယ်။
(မင်းရဲကျော်စွာက ငယ်လည်းငယ်သေး မင်းသားကလည်းဖြစ်သေးဆိုတော့ မာန်ကြီးတာကိုး။အဲဒီတော့ လဂွန်းအိမ်ပြောတဲ့စကားကို သေခါနီးအထိ သူ့သခင်ကို ကြောက်အောင် ပြောသွားသေးတယ်လို့ဆိုပါသတဲ့။တကယ်တော့ မင်းရဲကျော်စွာ အလွန်သတိထားဖို့ကောင်းတဲ့စကား ဖြစ်ပါတယ်။သေခါနီးသူရဲကောင်းရဲ့ စကားကိုအလေးမထားခဲ့မိလို့ ရာဇာဓိရာဇ်နဲ့စီးချင်းထိုးခဲ့ပါတယ်။ ပြီးတော့ သူကျဆုံးခဲ့တာပါပဲ။)
လဂွန်းအိမ်ကွယ်လွန်တဲ့အချိန်မှာ ဘုရင်မင်းခေါင်းနဲ့ သူရဲ့သားဟာ လဂွန်းအိမ်အလောင်းကို ဖောင်တစ်ခုပေါ်မှာ အ၀တ်ဖြူအုပ်ပြီး တင်ပါသတဲ့။ပြီးတော့ခေါင်းရင်းက ဆီမီးထွန်းပြီး သူ့သခင်ရှိရာကို မျှောချပေးလိုက်ပါတယ်။
ရာဇာဓိရာဇ်ကလည်းဖောင်ကိုမြင်တာနဲ့လဂွန်းအိမ်ဆိုတာသိပြီးကောင်းကော်းမွန်မွန်ဆီးကြိုကာ အလွန်ကြေကွဲစွာနဲ့ သင်္ဂြုခဲ့ပါတယ်။လဂွန်းအိမ်ဟာ သူရဲကောင်းစင်စစ် ဖြစ်လေတော့ သူ့ကို ရန်သူများကတောင်မှ အလေးထား လေးစားကြရပါတယ်။
ခြုံပြီးပြောရရင် ရာဇာဓိရာဇ် အနေနဲ့ အလွန်ထက်မြက်တဲ့ စစ်ဘုရင်ရယ်လို့ကျော်ကြားခဲ့တာဟာ လဂွန်းအိမ်ဆိုတဲ့ လက်ရုံးတစ်ဆူရဲ့ ကျေးဇူးအများကြီးပါနေတယ်ဆိုတာ "မသံလုံ"ခေါ် လဂွန်းအိန် ကသက်သေပြလို့နေပါတော့တယ်။


စာရိုက်သူဟာ လဂွန်းအိမ်အကြောင်းကို ဖတ်ရတိုင်း အလွန်လည်း နှစ်သက်ရွှင်လန်းပါတယ်။အလွန်လည်း သဘောကျမိပါတယ်။သူဟာ ကျေးဇူးသစ္စာတရားကို သိတတ်ပြီး လက်ရုံးရည် နှလုံးရည် နဲ့ပြည့်ဝကာ သမာသမတ်လည်း ရှိသူဖြစ်ပါတယ်။စာရေးသူ ဒေါက်တာ မတင်ဝင်း(ပညာရေးတက္ကသိုလ်)အား ယခုပို့စ် ကိုတင်ခြင်းအားဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။စာဖတ်ပရိတ်သတ်အပေါင်းအားလည်း တစ်စုံတစ်ရာသော သုတအကျိုးကျေးဇူးကို ရရှိစေရန် ရည်သန်လျက်.....

ကြိုးစားပါဦးမည်.....
အောင်ခိုင်(မန်း)

No comments: