ရေးသားသူ — ကိုကြီးပေါ်
ရှေးပညာရှိများက လူ့လောကကို ပျက်စီးစေနိုင်တဲ့ `ကပ်ဘေးကြီး´ သုံးမျိုး ရှိတယ်လို့ ပြောပါတယ်။ အစားအစာ ငတ်မွတ်ခြင်း (ဒုဗ္ဘိက္ခန္တရ)၊ ရောဂါဘယ ကျရောက်ခြင်း (ရောဂန္တရ)၊ စစ်မက် ဖြစ်ပွားခြင်း (သတ္ထန္တရ)…တဲ့။ ဒီလို ကပ်ဘေးကြီးတွေဟာ သတ္တ၀ါတို့ရဲ့ ကံအလျောက် ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒီသုံးခုမှာ စစ်ဖြစ်တဲ့ ကိစ္စကတော့ ဘယ်သူ့ကြောင့်လို့ တရားခံ ရှာရနိုင်ပေမဲ့ ကျန်နှစ်ခုကတော့ လက်သည် ရှာဖို့ မလွယ်ပါဘူး။ လက်သည် ရှာလို့မလွယ်တော့ ဒါတွေဖြစ်တာ `ကံ´ကြောင့်ပဲလို့ စုလုံးရောကြိတ် ထားလိုက်ကြတတ်ပါတယ်။ အတိတ်က ကံလိုလို၊ ဟိုးအဝေးက ရောက်လာတဲ့ ကံလိုလို၊ နတ်ဘုရားတပါးပါးက ပို့လိုက်တဲ့ ကံလိုလို… လိုလိုတွေနဲ့ေ၀၀ါးပြီး ကိုယ်နဲ့ မဆိုင်သလို နေလိုက်ကြတာပါပဲ။ အဲ… အဲဒီ မဆိုင်တာကြီးက ကိုယ့်ဘ၀ထဲ ၀ုန်းခနဲ ရောက်လည်းလာရော အောင်မလေးတောင် ဘယ်လိုတ,ရမယ် မသိ ဖြစ်ရပါလေရော။
လက်ဖက်ဝါ, ငါးပိနီ နဲ့ ဘောနက်
နာဂစ်မုန်တိုင်း တနှစ်ပြည့်တဲ့နေ့မှာ ဧရာဝတီတိုင်းဟာ နောက်ထပ် မုန်တိုင်းတခု ထပ်မံ တိုက်ခိုက်ခံလိုက်ရ ပြန်ပါတယ်။ လေမုန်တိုင်း မဟုတ်ပါဘူး။ ငါးပိမုန်တိုင်းပါ။ နအဖ စစ်အစိုးရက ငါးပိထဲမှာ ဘေးအန္တရာယ် ဖြစ်စေတဲ့ အနီရောင် ဆိုးဆေးတွေ ပါနေလို့ စားသုံးရန် မသင့်ဘူးလို့ ကြေညာလိုက်တာပါ။ ဧရာဝတီ ဆိုတာ ငါးပိ အဓိက ထွက်တဲ့ ဒေသ။ နာဂစ်ကြောင့် ငါးတောင် ကောင်းကောင်း မဖမ်းနိုင်တဲ့ ဒေသမှာ ငါးပိက အန္တရာယ်ရှိတယ် ဆိုပြန်တော့၊ ဧရာဝတီသားတွေ အဖို့တော့ `ငါးမရ ငါးပိဆုံး´ ဖြစ်ရတဲ့ ကိန်းပေပေါ့။
မတ်လ ၁၂ ရက်နေ့ကလည်း လက်ဖက်မှာ အ၀ါရောင် ဆိုးဆေးတွေ ပါလို့ မစားကြနဲ့ ဆိုပြီး နအဖက ကြေညာပါသေးတယ်။ လက်ဖက်ဆိုတာ မြန်မာတပြည်လုံး စားတဲ့ အစားအစာပါ။ ပလောင်တောင်က ထွက်တဲ့ လက်ဖက်က အညာက ပဲတို့ နှမ်းတို့နဲ့ ညားပြီး ရွာရိုးလျှောက်လိုက်တာ ကမ္ဘာတခွင် နှံ့ရော ဆိုပါတော့။ `မြန်မာရောက်ရာ လက်ဖက်ပါ´လို့ ဆိုရိုးထုတ်ရမယ့် သဘောရှိပါတယ်။ လက်ဖက်က စားသုံးမှု ကျယ်ပြန့်သလို လက်ဖက်လုပ်ငန်း ဆိုတာကလည်း အတော်ကြီးကျယ်တဲ့ ဈေးကွက်ပါ။ အဲသည့် ဈေးကွက်ကြီးဟာ နအဖရဲ့ ကြေညာချက်တခုကြောင့် တလအတွင်းမှာပဲ ဈေးကွက်ပျက်သွားတယ်လို့ သတင်းတွေ ကြားနေရပါတယ်။
ဟော… နောက်ထပ်တခု လာပြန်ပါပြီ။ ငါးပိတဲ့။ ငါးပိဆိုတာ မြန်မာတွေရဲ့ အဓိက အစားအစာ။ မြန်မာနဲ့ ငါးပိ ခွဲလို့ရကောင်းတာမှ မဟုတ်တာ။ ငွေကြေးချို့တည့်သူ အများစုရဲ့ အဓိက ဟင်းလျာ။ ဟင်းမပါချင်နေ ငါးပိနဲ့ တို့စရာ ရှိရင် ဖြစ်တယ်… ဆိုတဲ့စကား မြန်မာတွေ အင်မတန် ပြောတတ်ပါတယ်။ မြန်မာလယ်သမားတွေ တမိုးတွင်းစာ ရိက္ခာစုရင် ဆန် နဲ့ ငါးပိ ကို အဓိကထား စုတာပါ။ ရာဝင်အိုး, ဆယ်ဝင်အိုး, အစိတ်အိုး ဆိုတဲ့ စကားတွေက ငါးပိတို့ ဆီတို့ကို ပိဿာ အချိန်ကိုက် ထည့်နိုင်အောင် လုပ်ရာက ပေါ်လာတဲ့ စကားတွေပါ။ ငါးပိရဲ့ မျိုးခွဲတွေ ဖြစ်တဲ့ ငါးပိထောင်း, မျှင်ငါးပိ, ပုစွန်ငါးပိ, စိမ်းစားငါးပိ စတာတွေကလည်း မြန်မာ့ ဟင်းလျာတွေ အသုပ်တွေမှာ မပါမဖြစ် သိပ်လိုအပ်တဲ့ အစာတွေပေါ့။ ငါးပိ စားသုံးမှုဟာ မြန်မာပြည်မှာ လက်ဖက်ထက်တောင်မှ ကျယ်ပြန့်တယ်လို့ ပြောနိုင်ပါတယ်။
ငါးပိမှာ အနီရောင် ဆိုးဆေးတွေပါတယ်လို့ ကြေညာလိုက်တော့ မြန်မာပြည်ရဲ့ ငါးပိဈေးကွက်လည်း လက်ဖက်နောက်ကို လိုက်ရမယ့်ကိန်း ဆိုက်သွားပါတော့တယ်။ လက်ဖက်ကုန်သည်တွေ, ပွဲစားတွေ, ငါးပိ ထုတ်လုပ်သူတွေ, ပွဲရုံတွေ ဆိုတာက ငွေကြေးအင်အားရှိပြီးသူတွေမို့ တနည်းနည်းနဲ့ တောင့်ခံ ရပ်တည်နိုင်ပါလိမ့်မယ်။ လက်ဖက်စိုက်တဲ့ တောင်သူတွေ, ငါးရှာ ငါးပိသိပ်ရသူတွေ အဖို့မှာတော့ နေ့လုပ်နေ့စား အခြေခံဘ၀တွေမို့ ၀မ်းရေးခက်ကြမှာ အသေအချာပါပဲ။
လက်ဖက်တုန်းကလည်း ဆူဆူညံညံ ဖြစ်ခဲ့ရပါတယ်။ အခုလည်း ပူညံပူညံ ဖြစ်ဦးမှာပါပဲ။ ဟိုးအရင်က ဇီးထုပ်တို့, တိုင်းရင်းဆေးတို့ စတာတွေကို ဘေးဖြစ်စေတဲ့ ဓာတုဆေးဝါး ဘာညာဘညာတွေ ပါတယ်လို့ ကြေညာတော့လည်း ဒီလိုပဲ ပွဲဆူခဲ့ကြတာပါပဲ။ ကဲ ဖြစ်သမျှတွေကို ခဏထားပါတော့။ ဒီကိစ္စတွေကို ကိုကြီးပေါ် ခြောင်းကြည့်မိတော့ အကြောင်းသုံးပါးကို အခုလို တွေ့ရပါတယ်။
ပထမ အကြောင်းတရားက စားသုံးသူတွေဟာ အပြင်ပန်း အလှအပကို မက်မောလာကြတာပါ။ ဒါက ခေတ်ရေစီးလို့ ပြောရင်လည်း ရပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ဖြစ်နေတာပါ။ မြန်မာမှာလည်း ထို့အတူပါပဲ။ ငြုတ်သီး ဆိုတာ စပ်တဲ့ အရသာ။ စပ်ချင်လို့ ငြုတ်သီးထည့်တာ။ ဒါပေမဲ့ တို့မြန်မာတွေက ဟင်းချက်ရင် ငြုတ်သီးအရောင် နီရဲနေမှ ကြိုက်သတဲ့။ အနီရောင်က အစပ်အရသာ ပေးလေသလားတော့ ကိုကြီးပေါ်လည်း လိုက်မမီတော့ပါဘူး။ မနီရင် အဲဒီ ငြုတ်သီးမှုန့်ကို မထည့်။ နောက်တော့ ငြုတ်သီမှုန့်လို့တောင် မပြောတော့။ `အရောင်တင်မှုန့်´ တဲ့။
မြန်မာ့အစားအစာမှာ ဆနွင်းဟာ သိပ်အရေးကြီးပါတယ်။ ဆနွင်းဟာ အစပ် အချဉ် တို့ကို ပြန်လည် ထိန်းချုပ်ပေးတဲ့ အတွက် အစာအိမ် ဥပါဒ်မဖြစ်အောင် ကာကွယ်နိုင်တယ် ဆိုပါတယ်။ ဒါကြောင့် ဆနွင်းကို ရေလဲသုံးတတ်ကြပါတယ်။ အဲ နောက်တော့ ဆနွင်းထည့်လို့ မ၀ါရင် မကြိုက်ကြတော့ဘူး။ အ၀ါရောင်က ဆနွင်းရဲ့ သတ္တိတွေကို ဆောင်လေသလား ကိုကြီးပေါ်လည်း မစဉ်းစားတတ်အောင်ပါပဲ။
လျှာက အရသာခံဖို့ စားရတဲ့ အစားအစာကို မျက်လုံးနဲ့ ဆုံးဖြတ်လာကြ၊ နှာခေါင်းနဲ့ ဝေဖန်လာကြတော့ ခေတ်ကြီးက တိုးတက်လာတာလို့ ဆိုရပေမပေါ့။ ကိုကြီးပေါ်ကတော့ လျှာနဲ့ပဲ အရသာခံတတ်တာမို့ သိပ်မပြောတတ်ပါဘူး။ အမြင်တွေ အနံ့တွေနဲ့ ဆုံးဖြတ်လာတဲ့ ခေတ်ကြီးမှာ ဟင်းဆိုရင် အနီရဲနေမှ… လက်ဖက်ဆိုရင် ၀ါစိမ်းနေမှ… ပြောင်းဖူးတောင် ၀ါရွှေနေမှ… မုန့်လက်ဆောင်းဆို စိမ်းနေမှ စတဲ့စတဲ့ တိုင်းထွာချက်တွေ များလာတော့ ကိုကြီးပေါ်တို့ ခေတ်နောက်ကျပေသပေါ့။ အရောင်တွေကို တန်ဖိုးထားလာကြတဲ့ ခေတ်ကြီးမှာ အရောင်ဖြစ်အောင် ဆေးဆိုးတာ ဘယ်သူ့အကြိုက်လဲလို့ ကိုကြီးပေါ်က မေးရင်… အဟဲ… စိတ်မဆိုးကြေးပေါ့ နော။
ဒုတိယ အကြောင်းတရားက စီးပွားရေးသမားတွေ ဈေးကွက်လုကြတာပါ။ ကိုယ့်ပစ္စည်း ရောင်းရဖို့အရေး စားသုံးသူ အကြိုက်ကို သူ့ထက်ငါ အမီလိုက်ရာက အရောင်ဆေး ဆိုးကြ၊ အနံ့ဆေး ဆွတ်ကြ ဖြစ်ကုန်ကြပါရော။ တတို့လောက်နဲ့တော့ ဘာမှ မဖြစ်ပါဘူးကွာ ဆိုတဲ့ ဆင်ခြေတွေနဲ့ လုပ်လာလိုက်ကြတာ ထိန်းမနိုင် သိမ်းမရပါပဲ။ လူတွေက ပြန်လည်ထုတ်လုပ်ထားတဲ့ အစားအစာတွေကို ခဏထားလို့ သဘာဝ အစားအစာတွေကိုပဲ ကြည့်ပါဦး။ မျှစ်ကို အ၀ါ အနီ ဆေးဆိုးတယ်။ ကတက်ချဉ် တမာချဉ်ကို ဆေးဆိုးတယ်။ ဖရဲသီးကို ဆေးထိုးတယ်။ ငြုတ်, ဆနွင်း စတဲ့ အမှုန့်တွေမှာ ဆေးဆိုးတယ်။ မုန်လက်ဆောင်း, ကျောက်ကျော, ဖျော်ရည် စတာတွေမှာလည်း ဆေးဆိုးနဲ့ မကင်းကြပါဘူး။ ရွှေပြည်တော်ကြီးက ဈေးတွေထဲမှာ ရောင်းနေတဲ့ အစားအစာ အစိမ်းအကျက် အများစုမှာ ဆေးဆိုးတွေနဲ့ မကင်းကြတာ ကြာလှပါပြီ။
အစားအစာ ဆေးဝါးတွေမှာ ဓာတုတွေ, အဆိပ်သင့်ပစ္စည်းတွေ ပါဝင်နေတာလည်း ကြာလှပါပြီ။ ထုတ်လုပ်သူတွေမှာ အချို့က မသိလို့, အချို့က သိပေမဲ့ ဂရုမပြု, အချို့က ဂရုပြုချင်သော်လည်း နည်းပညာမရှိလို့ စတဲ့ ဆင်ခြေတွေနဲ့ပဲ လမ်းဆုံးနေခဲ့ကြတာလေ။ ထုတ်လုပ်တဲ့ အစားအစာတွေမှာ ဓာတုဗေဒ စစ်ဆေးပြီး ဆိုတဲ့ စာတန်းလေးတော့ ပါတတ်ပါတယ်။ ဒါပေမဲ့ ဘယ်တုန်းက စစ်ပြီး ဘယ်လောက်အထိ ခံမယ် ဆိုတာကျတော့ ၀ိုးတ၀ါးပါပဲ။ ရက်လွန်သွားတဲ့ အစားအစာတွေကို ဖျက်ဆီးပစ်တယ်လို့လည်း တခါမှ မကြားဖူးပါဘူး။ ကိုကြီးပေါ်က အကြားအမြင် နည်းလို့ မသိတာ နေမှာပေါ့နော်။ သိသလောက်ကတော့ ရက်လွန်သွားရင် တံဆိပ်ကလေး အသစ်ပြန်ကပ်လိုက်ကြတယ် ဆိုတာပါပဲ။
တတိယ အကြောင်းတရားကတော့ ဗိုလ်ချုပ်မင်းများရဲ့ ဘေးအန္တရာယ် ပပျောက်ရေး နည်းလမ်းများပဲ ဖြစ်ပါတယ်။ ကြေညာတာကတော့ `အများပြည်သူ စားသုံးရန် မသင့်´လို့ ဆိုတာပဲ။ အဲသလို ကြေညာချက်က မေ့လောက်မှ တခါတခါ ပေါ်လာတတ်တာ။ ဒီတော့ စားမယ့်လက်ကို ပုတ်ချလိုက်သလို ပြည်သူတွေမှာ အလန့်တကြား ဖြစ်ရ, အုတ်အော်သောင်းတင်း ဆူညံကြနဲ့။ အစာအဆိပ်သင့်လို့ မသေခင် နှလုံးရပ်ပြီး သေရမယ့် ပုံပါပဲ။
အစားအစာမှာ ဆေးဆိုးလို့ မထုတ်လုပ်သင့်ဘူးဆိုရင် ပထမဆုံး တားမြစ်ရမှာက တရုတ်တန်းကထုတ်တဲ့ `ငြုတ်ဆီ´ပါ။ ဆန်မှုန့် ဂျုံမှုန့်ကို ဆေးဆိုးထားတဲ့ အဲသည့် ငြုတ်ဆီက မြန်မာလူထုကြားမှာ အတော်ကို ကျယ်ပြန့်နေတာ။ အထူးသဖြင့် လမ်းဘေးမှာ ရောင်းတဲ့ အစားအစာမှန်သမျှ ဒင်းနဲ့ မကင်းပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မင်းများက တံဆိပ်ကပ် ထုတ်လုပ်တဲ့ အစားအစာတွေကိုပဲ စစ်ဆေးလေသလားတော့ မသိပါဘူး။ စစ်ဆေးတော့လည်း ဇီးထုပ် တလှည့်, လက်ဖက် တလှည့် အလှည့်ကျ စစ်ဆေးတယ်နဲ့ တူပါတယ်။ သူစစ်ပုံအရဆိုရင် နောက်တခါ အလှည့်မကျမချင်း ဒီအစာက ဘေးကင်းမကင်း မသိနိုင်သေးဘူး ဆိုတဲ့ သဘောပေါ့။
မစားသင့်တဲ့ အစာတွေထဲမှာ မုန့်တွေ ဆေးတွေ ကုန်လို့ တောင်ပေါ်က လက်ဖက်လည်း ပါသွားပါပြီ။ အခု အောက်ပြည်က ငါးပိလည်း ပါသွားပြန်ပြီ။ နောက်ထပ်ကတော့ အညာက `ထန်းလျက်´ လာဦးမယ်နဲ့ တူပါတယ်။
ဗိုလ်ချုပ်မင်းများရဲ့ ဘေးကင်းရန်ကင်း အစီအစဉ်က မြန်မာပြည် တလွှားက အဓိက ထုတ်ကုန်တွေကို တခုပြီး တခု ဖြိုချနေပုံ ဖြစ်နေပါတော့တယ်။ ထန်းလျက်တခဲ, လက်ဖက်တရိုး, ငါးပိတဇွန်း စားဖို့အရေး အကြီးအကျယ် စွန့်စားခန်းဝင်ရမယ့် ကိန်းပါပဲ။ ဒါပေမဲ့ပေါ့ခင်ဗျာ၊ ပြည်သူတွေအတွက် မေတ္တာဗရပွ ထားတော်မူကြသော ဗိုလ်ချုပ်မင်းများက ပြည်တွင်းက ထုတ်လုပ်တဲ့ အစားအစာတွေကို သဲကြီးမဲကြီး စစ်ဆေးနေပေမဲ့ လူတွေ စားဖို့မသင့်တဲ့ `စားအုန်းဆီ´ ကိုတော့ သင်္ဘောလိုက်ကို တင်သွင်းနေကြတာပါ။ ဘယ်နိုင်ငံမှာမှ မစားတဲ့ စားအုန်းဆီကို ဗိုလ်ချုပ်မင်းများနဲ့ အလိုတော်ရိများက တင်သွင်းပြီး ပြည်သူများက ၀ယ်စားနေရတာပါ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကိုကြီးပေါ်ကတော့ အဲသည့် စားအုန်းဆီကိုလည်း စစ်ဆေးပြီး သတင်းထုတ်ပြန်ပေးသင့်တယ် ထင်တာပါပဲ။
ကိုကြီးပေါ် ကြားမိတာ ရှိသေးတယ်။ အဲသည့် ဓာတုစစ်ဆေးတာကို သက်ဆိုင်ရာ ဌာနက စစ်ဆေးပြီး စာရင်းပြုစုထားတာ ကြာပြီတဲ့။ ၀န်ကြီး လက်မှတ်မထိုးသေးလို့ သတင်း မထုတ်ပြန်ရသေးတာတဲ့။ အခုမှ ၀န်ကြီးက တွေ့တော်မူလို့ ထုတ်ပြန်လိုက်တာတဲ့။ အဲဒီတော့ အစာအဆိပ် ဖြစ်ခြင်း မဖြစ်ခြင်းဟာ ထုတ်လုပ်မှု စစ်ဆေးမှုထက် ၀န်ကြီးလက်မှတ်ပေါ် မူတည်နေတာပေါ့နော်။
ဒီနေရာမှာ ရှေးက အငြိမ့်ပြက်လုံး တခုကို သတိရမိတယ်။ တယောက်က ပြောတယ်။ `ဟေ့ သူငယ်ချင်း၊ ဒီနေ့ခေတ်မှာ နေ့စား စာရေးလေးလည်း ခိုးတာပဲကွ။ ငါးထောင်စား ၀န်ကြီးလည်း ခိုးတာပဲကွ။ အဲသည့် နှစ်ယောက် ဘယ်သူ အပြစ်ကြီးလဲ ဖြေစမ်း´ တဲ့။ နောက်တယောက်က ခေါင်းကုပ် စဉ်းစားပြီး ဖြေလိုက်တယ်။ `မိတဲ့လူ အပြစ်ကြီးတယ်´ တဲ့။ ဟုတ်ကဲ့ ရွှေပြည်တော်ကြီးမှာ မိတဲ့လူ အပြစ်ကြီးပါတယ်။
အဲ အခုခေတ်မှာတော့ မိတဲ့လူက အပြစ်ကြီးရုံတင်မက `ဆုတော်လာဘ်တော်´ ပါ ရပါသေးတယ်။ အမေရိကန်မှာ ငွေကြေးဈေးကွက် ပြိုလဲလို့ တကမ္ဘာလုံး အလူးအလိမ့် ဖြစ်နေချိန်မှာ ဒီပြဿနာရဲ့ လက်သည်စာရင်းမှာ ထိပ်တန်းက ပါဝင်တဲ့ အရာရှိကြီးတွေက ဆုကြေးငွေ မီလီယံနဲ့ ချီပြီး ယူကြမယ်တဲ့။ အေအိုင်ဂျီ ဆိုတဲ့ အာမခံ ငွေကြေးအုပ်စုကြီး အရှုံးပေါ်လို့ ပြည်သူ့အခွန်ထဲက ၁၇၃ ဘီလီယံနဲ့ ကျားကန်ပေးထားရတာ။ ကိုယ်တော်တွေက အဲသည့် ငွေထဲက ၁၆၅ မီလီယံကို ဘောနက်အဖြစ် ယူမယ်တဲ့။
ကိုကြီးပေါ် စဉ်းစားကြည့်တယ်။ ဘောနက် ဆုကြေးဆိုတာ အမြတ်ရလို့ ပေးတာ မဟုတ်ဘူးလား။ အခုတော့ သူတို့ကြောင့် ရှုံးလည်းရှုံးသေး၊ ကမ္ဘာနဲ့ချီပြီးလည်း ထိခိုက်သေး။ ဒါနဲ့တောင် ဘောနက်တွေ သန်းချီရသေး။ ဟုတ် ဟုတ်သေးတော့။
ဒီလို အပြစ်ကြီးတဲ့လူတွေ ဆုတော်လာဘ်တော်ရတာ အမေရိကန်မှာ ဆန်းချင်ဆန်းပေမဲ့ ကိုကြီးပေါ်တို့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာတော့ ဆန်းမယ် မထင်ပါဘူး။ လက်ဖက်ဝါနဲ့ ငါးပိနီ ထုတ်လုပ်သူကြီးတွေ, ငြုတ်ဆီနဲ့ စားအုန်းဆီ ထုတ်လုပ်တင်သွင်းသူကြီးတွေက အချိန်တန်ရင် ဗိုလ်ချုပ်မင်းများရဲ့ ဘောနက် ဖြစ်တဲ့ ဘွဲ့ထူးဂုဏ်ထူးကြီးတွေ လည်မှာဆွဲလို့ မင်းပွဲဝင်ကြဦးမှာ မြင်ယောင်သေးပါရဲ့။ ။
Tuesday, May 5, 2009
ခြောင်းကြည့်သူရဲ့ အမှား (အမှတ် ၁၅)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment