Wednesday, June 10, 2009

နိုင်ငံတကာ အာကာသစခန်းယာဉ်မှူးများ ဆီးမှထုတ်လုပ်သည့် ရေကိုသောက်သုံးနေကြပြီ

ကိုဝိုင်း(မိုးညှင်း)
ဇွန် ၉ ၊ ဆောအူးလ် ။

အာကာသတွင်းရှိ နိုင်ငံတကာ အာကာသစခန်း (the International Space Station: ISS) မှ အာကာသယာဉ်မှူးများမှာ ယင်းစခန်းတွင် ၄င်းတို့ စွန့်ထုတ်ထားသည့် ဆီး ၂ဝလီတာကို မြေပြင်ရှိ NASA အဖွဲ့မှ သိပ္ပံပညာရှင်များက ရေအဖြစ် အဆင့်ဆင့်အသွင်ပြောင်း ပြန်လည်ထုတ်လုပ်ပြီးနောက် စခန်းပေါ်သို့ ပြန်တင်ပို့ပေးလိုက်ရာ ယခုအခါယာဉ်မှူးများအနေနှင့် ယင်း ရေ ၂ဝလီတာကို ယုံကြည်စိတ်ချစွာ သောက်သုံးလျက်ရှိကြောင်း RIA Novosti အင်တာနက် သတင်းအရ သိရသည် ။

ဆီးနှင့် အခြားသော အညစ်အကြေးရည်များ (urine and other liquid wastes) ကို သောက်ရေအဖြစ် ပြန်လည်ထုတ်လုပ်သည့် နည်းပညာများကို ၊ နိုင်ငံတကာအာကာသစခန်းသို့ ၂၀၀၈ ခုနှစ် နိုဝင်္ဘာလကတည်းက လွှဲပြောင်းပေးခဲ့ခြင်းပြီး ယခုနှစ် မတ်လမှအစပြုကာ အောင်မြင်စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ၊ ယခုကိစ္စသည် သိပ္ပံပညာဆိုင်ရာ မှတ်တမ်းဝင် အောင်မြင်မှုကြီးပင် ဖြစ်ကြောင်း NASA မှ စီမံကိန်းမန်နေဂျာ မိုက်ကယ် ဆာဖရီဒီနီ (NASA’s station program manager, Mike Suffredini) ကပြောသည် ။

ISS တွင်ရှိနေသည့် ယာဉ်မှူးချုပ် ဂန်နာဒီပါဒယ်ကာ ( ISS crew Commander Gennady Padalka ) ၊ ပျံသန်းရေး အင်ဂျင်နီယာ မိုက်ကယ်ဘားရက်နှင့် ကိုအီချိဝါကာတာ(Flight Engineers Mike Barratt and Koichi Wakata) တို့က ၊ ဆီး ကိုရေအဖြစ် ပြန်လည်အသုံးပြုသောက်သုံးနိုင်ခြင်းကြောင့် အလွန် ပျော်ရွှင်မိကြောင်း ၊ ၄င်းတို့ကိုယ်တိုင် ဆီးကိုရေအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ပြီဖြစ်ကြောင်းမြေပြင်ရှိ NASA ရုံးချုပ်သို့ ပြန်လည်သတင်းပို့ခဲ့သည် ။

ISS ရှိ ယာဉ်မှူးများမှာ ၄င်းတို့၏ဆီးများကို သောက်ရေအဖြစ်သာမက ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်းများကိုပါ
အသုံးချနိုင်မည်ဖြစ်ကြောင်း ၊ ဆီးမှပြန်လည် ထုတ်လုပ်ထားသည့် ရေ၏သန့်ရှင်းမှုအဆင့်မှာ အမေရိကန် ပြည်ထောင်စု တွင် အသုံးပြုနေသည့် ဖြန့်ဝေရေ(U.S tap water) ထက်များစွာ သာလွန်သည်ဟု အဆိုပါ အင်တာနက်သတင်းက ဆိုသည်။

NASA အနေနှင့် အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၂၅ဝ တန် The Water Recovery System ကို ၊ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကြိုးစား တီထွင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည် ။

ဆီးမှ သောက်သုံးရေအဖြစ် ပြန်လည်ပြောင်းလဲ မှုစနစ်တွင် အိုင်အိုဒင်းဖြင့် အနုဇီဝ ပိုးမွှားများ သတ်ခြင်း နည်းစဉ်အပါအဝင် (addition of iodine to kill microbes) နည်းပညာအဆင့် ခြောက်ဆင့်ပါရှိကြောင်း၊ ဥပမာအားဖြင့် ပေါင်းခံနည်း ၊ အနည်ကျစေနည်း ၊ စစ်ယူနည်း ၊ အပူချိန်ဖြင့် လောင်ကျွမ်းစေသည့်နည်း ၊ အော်ဂင်နစ်ပစ္စည်းများကို ဖျက်ဆီးသည့် နည်းစသည်တို့လည်း ပါဝင်ကြောင်းသိရသည် ။

ယင်းရေသန့်စင်စနစ်ဖြင့် ဆီးအပါအဝင် ၊ ချွေး နှင့် အသုံးပြုပြီးရေဆိုး(sweat, or leftover water used for bathing or food preparation)များ ကိုပါ သောက်ရေသန့်အဖြစ်သို့ ပြန်လည် သန့်စင်ပေးနိုင်မည်ပြီး ၊ အာကာသယာဉ်များတွင် နှစ်စဉ် ရေလိုအပ်ချက် ၅ဝ ရာခိုင်နှုန်း ၆၈၀၀ ကီလိုဂရမ် ကို ထောက်ပံ့နိုင်မည်ဟုဆို သည် ။



ရည်ညွှန်းသတင်းများ -
1.http://en.rian.ru/world/20090521/155056573.html
2. http://www.sciencedaily.com/releases/2008/11/081111210838.htm
3.http://www.universetoday.com/2008/05/16/ultimate-recycling-on-the-iss-urine-to-water/
4.http://www.cbsnews.com/stories/2009/05/20/tech/main5029346.shtml?source=RSSattr=SciTech_5029346
5.http://www.nytimes.com/2009/05/21/science/space/21brfs-ITTASTESLIKE_BRF.html
6.http://www.thefoodsection.com/foodsection/2009/05/one-small-sip-for-man-.html


No comments: