Monday, June 29, 2009

TOPIK- စာမေးပွဲဝင် လေ့ကျင့်ရေးသင်တန်းစတင်

ကိုဝိုင်း(မိုးညှင်း)

ဇွန် ၂၉ ရက် ၊ ဆောအူးလ်မြို့ ။
တောင်ကိုရီးယားနိုင်ငံ ၊ ပညာရေး ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (Ministry of Education, Science and Technology) လက်အောက်ရှိ ၊ ကိုရီးယားဘာသာ သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းရေးကော်မတီ (Korean Institute for Curriculum and Evaluation:KICE) က ၊ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (Test Of Proficiency in Korean: TOPIK) ကို နှစ်စဉ် ၂ ကြိမ်စီ ကျင်းပပေးလျက်ရှိကြောင်း ၊ ယခုနှစ် ဒုတိယပိုင်း စာမေးပွဲကို စက်တင်္ဘာ ၁၃ ရက် (တနင်္ဂနွေနေ့) တွင် ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနပေါင်း ၁၁-ခု တို့တွင် တစ်ပြိုင်နက် ကျင်းပမည်ဖြစ်ကြောင်း ၊ အဆိုပါ စာမေးပွဲကို ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား) အနေဖြင့် ၊ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲဝင် လေ့ကျင့်ရေးအစီအစဉ် (Study Program for TOPIK) ကို ယနေ့စတင်ဖွင့်လှစ်ခဲ့ရာ ၊ စိတ်ပါဝင်စားသူ ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ် (ကျား ၊ မ ) စုစုပေါင်း ၁၂ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည် ။

ယနေ့သင်တန်းစတင်ဖွင့်သည့်နေ့တွင် ၊ အချင်းချင်းမိတ်ဆက်ကြခြင်းနှင့် ၊ သင်တန်းသားများကို သင်တန်းဝင်အရည်အချင်း စစ်ဆေးခြင်း(ပဏာမ)တို့ကို ပြုလုပ်ခဲ့ကြောင်း ၊ သင်တန်းတွင်သင်ကြားပို့ချပေးမည့် ကိုရီးယားဆရာ ၁ ဦးနှင့် ဆရာမ ၁ ဦး ၊ အရန်ဆရာမတစ်ဦးတို့ အတူတကွတက်ရောက်ကြကြောင်း ၊ လာမည့် တနင်္ဂနွေနေ့တွင် သင်တန်းဝင်အရည်အချင်းစစ်စာမေးပွဲကို စစ်မေးမည်ဖြစ်ပြီး ၊ သင်တန်းဝင်အရည်အချင်းစစ် စာမေးပွဲရမှတ်အခြေအနေအလိုက် အတန်းများခွဲခြားသတ်မှတ်သင်ကြားပို့ချပေးသွားမည်ဟုဆိုပါသည် ။

သင်တန်းအချိန်ကိုမူ ၊ နယ်အဝေးမှ ခက်ခက်ခဲခဲလာရောက်ကြသည့် သင်တန်းသားများ အဆင်ပြေစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့ နေ့လည် ၃ နာရီမှ ၅ နာရီသို့ ပြောင်းလဲသတ်မှတ်ထားကြောင်း နှင့် ၊ သင်တန်းကို စာမေးပွဲမတိုင်မှီ တနင်္ဂနွေဖြစ်သည့် စက်တင်ဘာလ ၆ ရက်နေ့ထိ ဆက်တိုက်ပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments: