Sunday, June 28, 2009

မြန်မာအပါအဝင် အာဆီယံကျောင်းသား ၅ဝဝ ကိုရီးယားပညာသင်ဆုပေးမည်

ရန်ကုန် ၊ ဇွန် ၁၉

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ ကျောင်းသားငါးရာကို လာမည့် ၂ဝ၁ဝတွင် ကိုရီးယားနိုင်ငံက ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ ပထမအတွင်းဝန် Mr.Park Kil Chae က ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံ ဂျေးဂျူးမြို့တွင် ပြုလုပ်ခဲ့သော အာဆီယံ-ကိုရီးယားဆက်ဆံရေး အနှစ် ၂ဝ ပြည့်နှစ်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခဲ့သောမြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ ကိုရီးယားသို့ လည်ပတ်ခဲ့သော ခရီးစဉ်အကြောင်း ပြန်လည်ရှင်းလင်းခြင်း အခမ်းအနား ကို ဇွန်လ ၁၇ ရက်နေ့ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ကျင်းပစဉ် အတွင်းဝန်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံသည် အာရှဒေသတွင်းနိုင်ငံများနှင့်ဆက်ဆံရေးတိုးမြှင့်မည်ဖြစ်ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေး တိုးမြှင့်မည်ဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ်တွင် အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့၏ ကုန်သွယ်ရေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၉ဝ ရှိပြီး လာမည့် ၂ဝ၁၅ ခုနှစ်တွင် ဘီလီယံ ၁၅ဝ ထိတိုးမြှင့်ရန် ရည်မှန်းထားကြောင်း၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင်လည်း အာဆီယံကျောင်းသား ငါးရာကျော်ကို လာမည့် ၂ဝ၁ဝ ခုနှစ်တွင်ပညာသင်ဆုပေးမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

''ကိုရီးယားယဉ်ကျေးမှုက ဒီမှာ အရမ်းရိုက်ခတ်အောင်မြင်မှုရှိတော့ ကိုရီးယားမှာ ပညာသွားသင်ချင်တဲ့ မြန်မာလူငယ်တွေလည်း အများကြီးရှိတယ်။ စက်မှုနည်းပညာပိုင်းဆိုင်ရာ ထိပ်တန်းရောက်နေတဲ့ ကိုရီးယားက အခုလိုမြန်မာ နိုင်ငံကိုရော၊ အခြားအာဆီယံနိုင်ငံတွေကိုရော ပညာသင်ဆု ပေးမယ်ဆိုတော့ ကြိုဆိုရမှာပါ'' ဟု ရန်ကုန်တကကသိုလ် အငြိမ်းစားမြန်မာစာကထိကတစ်ဦးက ပြောကြားသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာကျောင်းသား ၁ဝဦးကို တောင်ကိုရီးယားနိုင်ငံတွင် ပညာသင်ကြားရန် ပညာသင်ဆုပေးအပ်သည့်အနေဖြင့် စေလွှတ်ပညာသင်ခိုင်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးထံမှ သိရှိရသည်။

၁၉၇၅ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးစတင်ခဲ့သော ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၂၄ဝ ဖိုး ရင်းနှီးမြှပ်နှံထားပြီး ၂ဝဝ၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံနှင့် ကိုရီးယားကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၁ သန်းဖိုးရှိကြောင်း မြန်မာအစိုးရ၏တရားဝင်ထုတ်ပြန်သော စာရင်းဇယားများအရ
သိရှိရသည်။




ရည်ညွှန်းချက်-
- The Voice Weekly (Vol5/No34)
- အောက်ဖော်ပြပါ လိပ်စာများတွင်လည်း ပညာသင်ဆုအကြောင်း လေ့လာနိုင်ပါသည်-
1. http://scholarship-positions.com/international-scholar-exchange-fellowship-2009-2010-korea-foundation/2009/01/12/

2. http://en.karts.ac.kr/new2005/eng/notice_eng/mnotice_cont.asp?no=31

No comments: