Saturday, August 29, 2009

RH (-) သွေးအမျိုးအစားရှိသူများ အမျိုးသားသွေးဌာန ဘီပိုးကာကွယ်ဆေးအခမဲ့ထိုးပေး

The Voice Weekly-(5/43)
ရန်ကုန် ၊ သြဂုတ် ၂၈ ။

သွေးအမျိုးအစား RH (-)(Rhesus) ရှိသူများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး အမျိုးသား သွေးဌာနက အသည်းရောင်ရောဂါ ဘီပိုး ကာကွယ်ဆေးများ အခမဲ့ထိုးပေးကြောင်း အဆိုပါ သွေးဌာနမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာသီတာအောင်က ပြောကြားသည် ။

အဆိုပါ သွေးအမျိုးအစားသည် အလွန်ရှားပါးပြီး ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း ရှာဖွေရာတွင် လူတစ်သိန်း လေးသောင်းကျော် အနက် ၂ဝ၉ ဦးတွင်သာ တွေ့ရကြောင်း၊ ၄င်းတို့ ကျန်းမာ၍ သွေးလှူနိုင်ရန် ရည်ရွယ်ကာ ကာကွယ် ဆေးအခမဲ့ ထိုးပေးခြင်းဖြစ်ကြောင်း ၄င်းကဆိုသည် ။

RH (-) သည် ရှားပါးသွေးအုပ်စု ဖြစ်၍ ရောဂါကူးစက်ခံရပါက သွေးလှူ ရှင်နည်းပါးမည်ကို စိုးရိမ်ရကြောင်း၊ ဘီပိုး ကာကွယ်ဆေးသည် ငါးကြိမ် ထိုးရမည်ဖြစ်ပြီး သုံးကြိမ်အတွက် ဆေးအလှူရှင် ရထားကြောင်း၊ ဇွန်လ ၁၅ ရက်တွင် ပထမအကြိမ် ထိုးပေးခဲ့ပြီး ဇူလိုင်လ ၁၅ ရက်တွင် ဒုတိယအကြိမ်၊ သြဂုတ်လတွင် တတိယအကြိမ် ထိုးရမည်ဖြစ်ကြောင်းနှင့် နောက်ထပ် နှစ်ကြိမ်အတွက် အဆိုပါ အလှူရှင်များအား ထပ်မံတောင်းဆိုမည် ဖြစ်ကြောင်း အဆိုပါ သွေးလှူဘဏ်မှ တာဝန်ရှိသူ တစ်ဦးဖြစ် သည့် ဒေါ်ခင်ခင်ဝင်းက ပြောကြားသည် ။

A, B, AB, O စသည့်သွေးအုပ်စုအပြင် RH သွေးအုပ်စုဟူ၍ရှိရာ သွေးနီဥများ၏ မျက်နှာပြင်ပေါ်တွင် RH Antigen ပါဝင်က RH(+) ၊ မပါဝင် ပါက RH(-) သတ်မှတ်ကြောင်း ၊ RHသွေးအုပ်စုတွင် ၈၅ ရာခိုင်နှုန်းမှာ RH (+) ဖြစ်၍ RH (-) မှာမူ အလွန်ရှားပါးကြောင်း သိရသည် ။

Landsteiner ဆိုသူက A, B, AB နှင့် O သွေး အမျိုးအစားတို့ကို တွေ့ရှိခဲ့ပြီး ၊ နှစ်ပေါင်း ၄၀ အကြာ ၁၉၄၀ ခုနှစ်တွင် ၊ RH သွေး အမျိုးအစားကို Karl Landsteiner နှင့် Alexander Wiener တို့က တွေ့ရှိခဲ့ကြခြင်း ဖြစ်သည် ။




No comments: