Friday, August 28, 2009

ရေးသားသူ — လူထုစိန်ဝင်း

ဒီအက်ဆေးလေးဟာ ၀င်းဇော်၊ လူထုစိန်ဝင်း အမည်များနဲ့ Bi Weekly eleven ဂျာနယ်မှာ ဆရာလူထုစိန်ဝင်း ဘာသာပြန်၊ ရေးသားဖော်ပြခဲ့တဲ့အက်ဆေးတွေကို စုစည်းပြီး ပြန်လည်ထုတ်ဝေတဲ့ “ဆင်းရဲခြင်းထောင်ချောက်” အက်ဆေးများ ဆိုတဲ့ စာအုပ်လေးထဲက ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအက်ဆေးကို ဖတ်ကြည့်မိတော့ လက်ရှိ အချိန်ကာလ၊ အခြေအနေတွေနဲ့ အနည်းငယ် ကွာဟနေပေမယ့် ဘယ်တိုင်းပြည်မဆို အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး ခေတ်ကြီး လင်းပွင့်သွားတာနဲ့အမျှ ပြည်သူလူထုဟာ ဆင်ခြင်တုံတရား မြင့်မားလာတဲ့အတိုင်း သမိုင်းဆိုင်ရာ အယူအဆသစ်တွေနဲ့ သမိုင်းကို ချဉ်းကပ်ပုံအသစ်၊ အတွေးအခေါ်သစ်၊ အမြင်သစ်တွေ သိမြင်လာစေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်လာအောင် အသိပေးနိုင်တာကြောင့် ဟန်းဂုရွာ စာအုပ်စင်လေးမှာ တင်ပေးလိုက်ပါတယ်။ လက်ရှိအနေအထားရဲ့ သမိုင်းအမြင်ကရော ဘယ်လိုများဖြစ်မလဲ ချဉ်းကပ်ကြည့်ကြပါဦး။



မျိုးဆက်သစ် ကိုရီးယားလူငယ်တွေရဲ့ အမြင်သစ်၊ အတွေးသစ်



လွန်ခဲ့တဲ့ ၅၅ နှစ်က ဒီစက်တင်ဘာထဲမှာ အမေရိကန်စစ်ဗိုလ်ချုပ်ကြီး မက်အာသာဟာ ကုလသမဂ္ဂဆိုင်းဘုတ် တပ်ဆင်ထားတဲ့ အမေရိကန် စစ်သားဦးရေ ၇၀၀၀၀ ကို ခေါင်းဆောင်ပြီး တောင်ကိုရီးယားနိုင်ငံ အင်ချုံဆိပ်ကမ်းမြို့ကလေးထဲ ၀င်ရောက်လာခဲ့ပါတယ်။


အင်ချုံမြို့ကတစ်ဆင့် မက်အာသာရဲ့ တပ်တွေက တောင်ကိုရီးယားနိုင်ငံပိုင်နက်ထဲကို ကီလိုမီတာ ၃၀၀လောက်ထိ ၀င်ရောက်သိမ်းပိုက်ထားတဲ့ မြောက်ကိုရီးယားတပ်များရဲ့ နောက်ပိုင်းကို ၀င်ရောက် တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ ရှေ့နောက် ညှပ်ပိတ် အ၀ိုင်းခံရတော့မယ့် အန္တရာယ်က လွတ်မြောက်အောင် မြောက်ကိုရီးယားတပ်များကို ၂ ပတ်အတွင်း ဆုတ်ခွာသွားခဲ့ကြတယ်။ စစ်ကြီးပြီးသွားတော့ အင်ချုံမြို့မှာ မက်အာသာရဲ့ ဧရာမရုပ်ထုကြီးတစ်ခု စိုက်ထူထားခဲ့ကြတယ်။ စစ်ပြီးခေတ် သမိုင်းစာအုပ်တွေထဲမှာလည်း ဗိုလ်ချုပ်ကြီး မက်အာသာကို ကယ်တင်ရှင်ကြီးအဖြစ် ရေးသားဂုဏ်ပြုခဲ့ကြပါတယ်။


၅၅ နှစ်ကြာအပြီးမှာတော့ မက်အာသာ အင်ချုံကို ၀င်ရောက်လာတဲ့နေ့ကို ကြေကွဲဖွယ်ရာနေ့ကြီးတစ်နေ့အဖြစ် မျိုးဆက်သစ်ကိုရီးယား လူငယ်တွေက ယူဆလာကြတယ်။ အဲဒီနေ့ အထိမ်းအမှတ်အဖြစ် ကိုရီးယားလူငယ်တွေက မက်အာသာရဲ့ ရုပ်ထုကြီးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး မက်အာသာရဲ့ ရုပ်ထုကြီးကို ဖယ်ရှားပစ်ဖို့ တောင်းဆိုခဲ့ကြတယ်။ သူတို့က မက်အာသာဟာ ကိုရီးယားလူမျိုးတို့ရဲ့ ကယ်တင်ရှင်မဟုတ်ဘဲ အမေရိကန်တို့ရဲ့ စစ်ပွဲကြီးကို ကိုရီးယားလူမျိုးများရဲ့ အသက်နဲ့စတေးပြီး တိုက်ခိုက်ပေးခဲ့တဲ့ စစ်သွေးဆာနေသူတစ်ဦးသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြတယ်။


“မက်အာသာဟာ ကိုရီးယားနိုင်ငံကို ၂ ပိုင်းခွဲပစ်ခဲ့တဲ့သူ၊ ဒီလို ကွဲပြားနေမှုကြီးကို ထာဝရဖြစ်အောင် ဆောင်ရွက်ခဲ့သူဖြစ်တယ်”


ဆန္ဒပြသူများထဲက ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟန်ဆင်ဆပ် ဆိုသူ လူငယ်တစ်ဦးက ပြောကြားခဲ့တဲ့ စကားဖြစ်ပါတယ်။


ဒီလူငယ်ရဲ့ စကားဟာ ကိုရီးယားစစ်ပွဲကြီး ပြီးဆုံးသွားတဲ့ နောက်မှ မွေးဖွားလာကြတဲ့ အသက် ၃၀၊ ၄၀ လူလတ်ပိုင်း အတော်များများရဲ့ စိတ်မှာ ကိန်းအောင်းနေတဲ့ အမြင်ဖြစ်ပါတယ်။ ဒီမိုကရေစီခေတ် ကိုရီးယား လူငယ်တွေက ကိုရီးယားစစ်ပွဲကြီးနဲ့ ကိုရီးယား နှစ်ပိုင်းကွဲသွားရမှုဟာ ဆိုဗီယက်နဲ့ အမေရိကန်တို့ရဲ့ စစ်အေးတိုက်ပွဲနယ်လုမှုကြီးရဲ့ ရလဒ်ဖြစ်တယ်လို့ သုံးသပ်လာကြပါတယ်။


ဒါတင်မက မြောက်ကိုရီးယားနိုင်ငံကိုလည်း သမိုင်းစာအုပ်ဟောင်းတွေထဲကလို ကျုးကျော်ရေးသမား မိစ္ဆာကောင်တွေအဖြစ် မမြင်ကြတော့ဘဲ အမေရိကန်ရဲ့ ဗိုလ်ကျလွှမ်းမိုးမှုကို ရဲရဲဝံ့ဝံ့ အံတုခဲ့တဲ့ သူရဲကောင်းတွေအဖြစ် မြင်လာကြတာတွေအထိ ရှိလာကြပါတယ်။


လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက ကိုရီးယားမှာ ဆစ်ဂမန်ရီးတို့လို၊ ပတ်ချုံဟီးတို့လို စစ်အာဏာရှင်တွေ နိဂုံချုပ်သွားတာနဲ့အတူ သမိုင်းအမြင်သစ်တွေ ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားတွေသာ မဟုတ်သေးပါဘူး။ အမေရိကန်လူမျိုး ပါမောက္ခ Burce Cumings က သူရေးခဲ့တဲ့ “The Origins of the Korean War” ဆိုတဲ့ စာအုပ်မှာ ကိုရီးယားစစ်ပွဲကြီးရဲ့ လက်သယ်တရားခံအစစ်ဟာ ဆိုဗီယက်နဲ့ အမေရိကန်တို့ဖြစ်တယ်။ သူတို့က ကင်အီဆွန်းကို စစ်ပွဲကို စ တိုက်အောင် ဆွပေးခဲ့ကြတာ ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။


ဒီအယူအဆ ဒီသုံးသပ်ချက်ကို လက်ခံသဘောကျသူတွေ တော်တော်များများ ရှိခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ Roh Moo Hyun ကိုယ်တိုင်က ကိုရီးယားသမိုင်းသစ်ကို ပြန်ရေးကြဖို့ နှိုးဆော်တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။


သမိုင်းပညာရှင်သစ်တွေကလည်း ကိုရီးယားစစ်ပွဲကို သမိုင်းစာအုပ်ဟောင်းတွေထဲကလို ကောင်းမှုနဲ့ မကောင်းမှုတို့ရဲ့ တိုက်ပွဲအဖြစ် မမြင်ကြတော့ဘဲ ကိုရီးယားလူမျိုး ညီနောင်ချင်း တိုက်ခိုက်ခဲ့ကြတဲ့ ကြေကွဲစရာ အဖြစ်ဆိုးကြီးတစ်ခု အနေနဲ့ သုံးသပ်လာခဲ့ကြပါတယ်။ သူတို့က မြောက်ကိုရီးယားကို အဏုမြူဗုံးကြဲပြီး တိုက်ခိုက်ဖို့အထိ ကြံရွယ်ခဲ့တဲ့ မက်အာသာရဲ့ လုပ်ရပ်များကိုလည်း ရှုတ်ချခဲ့ကြပါတယ်။


“ကွန်မြူနစ်ဝါဒအပေါ်မှာ အနိုင်ယူဖို့အတွက် မက်အာသာဟာ ကိုရီးယားလူမျိုးတွေရဲ့ အသက်ပေါင်းများစွာကို စတေးဖို့ ကြံရွယ်ခဲ့တယ်”


ဒီအမြင်ဟာ လူလတ်ပိုင်း ကိုရီးယားနိုင်ငံရေးသုတေသီများနဲ့ သမိုင်းပညာရှင်များရဲ့ သုံးသပ်ချက်အသစ် အမြင်သစ်များပဲဖြစ်ပါတယ်။ ဒီအမြင်ကို လူကြီးပိုင်း သက်ကြီးရွယ်အိုပိုင်းတွေက လက်မခံနိုင်ကြပါဘူး။ သူတို့က မက်အာသာရဲ့ ရုပ်ထုကြီးကို ဖယ်ရှားမပစ်ဖို့ ကန့်ကွက်ကြပါတယ်။


သက်ကြီးရွယ်အိုတွေက မနှစ်မြို့နိုင်ဖြစ်နေပေမယ့် အမြင်သစ်၊ သမိုင်းသစ်တွေကတော့ ဖြည်းဖြည်းချင်း အင်အားပိုပိုပြီး ကောင်းလာနေပါတယ်။


ဒီနေ့ ရှေ့တန်းရောက်နေတဲ့ မြောက်ကိုရီးယားနျူးကလီးယား လက်နက်ကိစ္စမှာလည်း အမေရိကန်က တင်းတင်းမာမာ ဆောင်ရွက်ချင်ပေမယ့် တောင်ကိုရီးယားအစိုးရက သဘောမတူခဲ့ပါဘူး။ သူတို့က မြောက်ကိုရီးယားဘက်ကို စားနပ်ရိက္ခာနဲ့ စွမ်းအင်အကူအညီများပေးဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။ အခြေအနေအရပ်ရပ်ကို ခြုံပြီးပြောမယ်ဆိုရင် ဒီမိုကရေစီခေတ် ကိုရီးယားလူမျိုးတွေက သမိုင်းကို အသစ်ပြန်ရေးကြဖို့သာ ဆန္ဒရှိနေကြပြီး ကိုရီးယားလူမျိုးချင်း သွေးစည်းညီညွတ်ရေးကိုသာ လိုချင်နေကြပြီဆိုတာ သိသာထင်ရှားနေပြီလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ။


လူထုစိန်ဝင်း


No comments: