ကိုရီးယားနိုင်ငံတွင် တရားဝင်အလုပ်ကိုခွင့်ရရှိရန် ဖြေဆိုရသော ကိုရီယားဘာသာ ကျွမ်းကျင်မှု စာမေးပွဲ KLT (Korea Language Test) စာမေးပွဲအောင်မြင်သူ ၃ဝဝဝ ကျော်အနက်မှ ကိုရီးယားနိုင်ငံသို့ရောက်ရှိသူ ၃ဝဝ နီးပါးသာ ရှိသောကြောင့် အခြားနိုင်ငံမှလုပ်သားများနှင့်ယှဉ်ပြိုင်၍ အလုပ်ရရှိနိုင်စေရန်အတွက် မြန်မာလုပ်သားများ ကိုယ်ရည်ကိုယ်သွေးမြင့်မားဖို့လိုအပ်သည်ဟု မြန်မာလုပ်သားများကို တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်ပို့ဆောင်ခွင့်ရရှိထားသည့် ရွှေအင်းဝ ဝန်ဆောင်မှုလုပ်ငန်းမှ အမှုဆောင်အရာရှိချုပ် ဦးတင်အောင်ဝင်း ကဆိုသည် ။
ဇွန်လ စာရင်းအရ ကိုရီးယားနိုင်ငံရှိ နိုင်ငံခြားသား လုပ်သား ဦးရေ စုစုပေါင်း တစ်သိန်းကိုးသောင်းကျော်တွင် ဗီယက်နမ်နိုင်ငံမှ လုပ်သား ငါးသောင်း ရှစ်ရာကျော်နှင့် ထိုင်းနိုင်ငံမှ လုပ်သားသုံးသောင်းကျော်ပါဝင်ပြီး မြန်မာလုပ်သားဦးရေမှာ၂၄ဝ ကျော် သာရှိသေးကြောင်း၊ EPS စနစ်ဖြင့် လုပ်သားပို့ဆောင်ခြင်းသည် တစ်နှစ်မပြည့်သေးသော အတိုင်း အတာအရ နည်းပါးသည်ဟု မဆိုနိုင်သော်လည်း ၊ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မွန်ဂိုး လီးယား၊ တရုတ်၊ ထိုင်း၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံတို့မှ လုပ်သားများကို ခေါ်ယူလျက်ရှိရာတွင် မြန်မာလုပ်သားများ အရေအတွက် ပိုမိုများပြားစွာပါဝင်နိုင်စေရန် အဆိုပါ နိုင်ငံသားများထက် လုပ်ငန်းကျွမ်းကျင်မှု ၊ လိုအပ်သော စံချိန်များကိုက်ညီမှုတို့ကိုယင်းနိုင်ငံသားများနှင့် ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည် ။
ကိုရီးယားနိုင်ငံရှိ မြန်မာလုပ်သားများ လုပ်ကိုင်လျက်ရှိသော စက်ရုံ ၂ဝဝမှ အလုပ်ရှင်များနှင့် တွေ့ဆုံရာတွင်မြန်မာလုပ်သားအချို့သည် ကိုရီးယားဘာသာ ကျွမ်းကျင်မှု စာမေးပွဲတွင် ရမှတ်၂ဝဝအထိ ရရှိကြသော်လည်း အမှန်တကယ် လုပ်ငန်းခွင်တွင် ၄င်းတို့ ဘာသာစကားကို နားမလည်ခြင်း၊ ပြန်မပြောနိုင်ခြင်းများ ဖြစ်ပေါ်နေသည်ဟု သိရကြောင်းနှင့် လက်တွေ့လုပ်ငန်းခွင်တွင် ယင်းသို့မဖြစ်သင့်ကြောင်း၊ အဆိုပါစာမေးပွဲတွင်ရသော ရမှတ်သည် အရေးကြီးသော်လည်း အမှန်တကယ် နားလည်ပြီးပြန်လည်ပြောဆိုတတ်ရန်လိုအပ်ကြောင်း၊ ယင်းသို့ ဘာသာစကား အခက်တွေ့နေသော လုပ်သားများသည် ယင်းစာမေးပွဲတွင် အမှတ် ၂ဝဝ ရရှိသည်ဆိုသည်ကိုပင် မယုံနိုင်ဖြစ်ရသည်ကို ကိုရီးယားလုပ်ငန်းရှင်များက ပြောကြားခဲ့ကြောင်း ကိုရီးယားနိုင်ငံတွင် မြန်မာလူမျိုးများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေး အထောက်အကူဖြစ်စေမည့် ရွှေအင်းဝ ကိုရီးယားသင်တန်းကျောင်း ဖွင့်လှစ်ရန်အစီအစဉ်တွင် ပါဝင်သည့် Cheong Ryong Company မှ အမှုဆောင်အရာရှိချုပ် Mr. Moon Yong Sik ကပြောကြားသည် ။
''အလုပ်ရှင်က လိုအပ်တဲ့ပစ္စည်းကို ယူခိုင်းရင် မဟုတ်တာ ယူလာတယ် ။ ဒါကိုအလုပ်ရှင်က စိတ်တိုပြီး ဒေါသထွက်တယ် ။ အလုပ်သမားတွေဘက်က ကျတော့ နည်းပညာမတတ်လို့ လျစ်လျူရှုတယ်ဆိုတဲ့ အတွေးဝင်တယ် ။ နည်းပညာထက် စကားနားမလည်တာက အဓိကကျနေတယ်'' ဟု ၄င်းကပြောကြားသည် ။ သို့ဖြစ်ရာ ပထမဦးဆုံးလိုအပ်ချက်မှာ ဘာသာစကားကျွမ်းကျင်မှုဖြစ်ကြောင်း၊ ဒုတိယလိုအပ်ချက်မှာနည်းပညာ မြင့်သောနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သည့်အတွက် လက်တွေ့လုပ်ရသော သက်ဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်သည့် နည်းပညာ၏ အခြေခံသဘောတရားများကိုသိထားသင့်ကြောင်း၊ တတိယ လိုအပ်ချက်မှာ ရိုးသားကြိုးစား သူများဖြစ်ရန်လိုအပ်ကြောင်း၊ လက်ရှိ ကိုရီးယားလုပ်ငန်းရှင်များ ရင်ဆိုင်ရသည်မှာ အခြားလုပ်ငန်းမှ လုပ် အားခ ပိုပေးပါက ပြောင်းလဲလုပ်ကိုင်တတ်သော အလုပ်သမားများကြောင့် အခက်တွေ့နေရကြောင်း ၊ အလုပ်သမားများ အနေဖြင့်လည်း ယင်းကဲ့သို့ အလုပ်အတည်တကျမရှိဘဲ အပြောင်းအလဲများပါက အချိန်ကုန်ဆုံးပြီး နည်းပညာများမရရှိဘဲ အရှုံးပေါ်နိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည် ။
ကိုရီးယားနိုင်ငံသည် ၂ဝဝ၃ ခုနှစ်သြဂုတ်လတွင် နိုင်ငံခြားသား အလုပ်သမားငှားရမ်းခွင့်ပြုသည့် ဥပဒေအရ ၊ ၂ဝဝ၄ ခုနှစ် သြဂုတ်လမှစ၍ ပြည်ပမှလုပ်သားများ တရားဝင်ခေါ်ဆိုမှုစနစ်(EPS)ကို စတင်ခဲ့ရာ တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်းလုပ်သား လိုအပ်မှုနှင့် နိုင်ငံခြား အလုပ်သမား တရားဝင်ခန့်အပ်ခြင်းတို့ကို ဖြေရှင်းနိုင်ခဲ့ကြောင်း ၊ မြန်မာနိုင်ငံအခြေစိုက် ကိုရီးယား HRD ကိုယ်စားလှယ်ရုံးမှ သိရသည် ။
အဆိုပါအလုပ်သမားခေါ်ယူမှုစနစ်ဖြင့် ၂ဝဝ၈ခုနှစ်က ပြည်ပလုပ်သား ၃၂,ဝဝဝကို ခေါ်ယူခဲ့သော်လည်း ယခုနှစ်တွင် ကြုံတွေ့ရသော ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် ပြည်ပမှလုပ်သား၂၇,ဝဝဝ ကိုသာ ခေါ်ယူခဲ့ကြောင်း၊ လုပ်ငန်းအလိုက်လိုအပ်ချက်သတ်မှတ်မှုအရ ကုန်ထုတ်လုပ်ငန်းမှ ၁,၃ဝဝ၊ ငါးလုပ်ငန်းမှ ၉ဝဝ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးမှ ၁,ဝဝဝ ၊ ဝန်ဆောင်မှုလုပ်ငန်းမှ ၁ဝဝ ၊ ဆောက်လုပ်ရေးလုပ်ငန်းမှ ၂,ဝဝဝ တို့ကို ခေါ်ယူခဲ့ကြောင်း ၊ အဆိုပါလုပ်ငန်းများအတွက် လုပ်သားခေါ်ယူရာတွင် နိုင်ငံအလိုက် လုပ်သားဦးရေဟူ၍ ကန့်သတ်ထားခြင်းမရှိကြောင်း၊ ယင်းအခွင့်အရေးသည် မြန်မာလုပ်သားများအတွက် အခွင့်ကောင်းဖြစ်ကြောင်း၊ ရက်သတ တစ်ပတ်တွင် ငါးရက်အတွင်း အလုပ်ချိန်နာရီ ၄ဝလုပ်ကိုင်ပါက ဝမ် ၈၃,၆ဝဝ ရရှိမည်ဖြစ်ပြီး စနေနေ့တွင် လေးနာရီလုပ်ကိုင်ပါက ဝမ် ၉ဝ၄,ဝဝဝ ကိုရရှိနိုင်ကြောင်း၊ ယင်းအခွင့်အရေးများကို အခြားသောနိုင်ငံသားများနှင့်ယှဉ်ပြိုင် လုယူရ မည်ဖြစ်ကြောင်း ရွှေအင်းဝ ဝန်ဆောင်မှု လုပ်ငန်းမှ အမှုဆောင်အရာရှိချုပ် ဦးတင်အောင်ဝင်းက ဆိုသည် ။
ကမ္ဘာ့စီးပွားရေး ကျဆင်းခြင်းကြောင့် သတ်မှတ်လိုက်ရသော လုပ်သားဦးရေ ၂၇,ဝဝဝ တွင် ၂ဝဝ၉ ခုနှစ် သြဂုတ်လပိုင်းက ပြည်ပမှလုပ်သားဦးရေ ၁၃,ဝ၆၄ဦးခေါ်ယူပြီးနေပြီဖြစ်ကြောင်း၊ ကျန်ရှိနေသောဦးရေသည် ယခုလ စက်တင်ဘာလအကုန်တွင် ပြည့်သွား နိုင်မည်ဖြစ်ရာ ယင်းနေရာများကို ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှလုပ်သား ဝင်ရောက်လာမည်ဟု ယူဆရကြောင်း Mr. Moon Yong Sik ကခန့်မှန်းပြောကြားသည်။
မြန်မာလုပ်သားများ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသော မျှော်လင့်ချက်များစွာကို တွေ့နေရသော်လည်း လွယ်သောအလုပ်ကို လုပ်မည်ဆိုပါက မဖြစ်နိုင်ကြောင်း၊ မည်သည့်အလုပ်ကိုမဆို အပင်ပမ်း အဆင်းရဲခံနိုင်ရမည်ဖြစ်ကြောင်း ၄င်း က ဆက်လက်ပြောကြားသည် ။ ''ကိုရီးယားနိုင်ငံသားတွေက အပင်ပန်းမခံချင်ဘူး။ ဒီလိုလုပ်ငန်းမျိုးကိုလည်း မလုပ်ဘူး၊ သူတို့လုပ်ရင်လည်း ပိုက်ဆံပိုပေးရတယ်၊ ဒီတော့ သူတို့မလုပ်ချင်တဲ့ အလုပ်ကို လုပ်အားခသက်သာတဲ့ နိုင်ငံခြားသားတွေကို သုံးတာပါ''ဟု ၄င်းက The Voice Weekly ၏မေးမြန်းချက်ကို ဖြေဆိုသည် ။
လက်ရှိ ကိုရီးယားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသော မြန်မာလုပ်သားများအချို့သည် ၄င်းတို့ ယခင်ကတတ်မြောက်ထားသော ပညာရပ်များရှိသော်လည်း ၄င်းတို့ ရောက်ရှိနေသောလုပ်ငန်းနှင့် ကိုက်ညီမှုမရှိကြောင်း၊ အချို့လုပ်သားများသည် အဆိုပါပုဂ္ဂိုလ်များ ပြောကြားသော အခြေခံ နည်းပညာများအနက် တစ်ခုဖြစ်သည့် ဂဟေဆက်နည်းကို သင်ကြားတတ်မြောက်ပြီး ဖြစ်သော်လည်း အခြားလုပ်ငန်းခွင်သို့ ရောက်ရှိသွားခြင်း၊ ကိုရီးယားမှခေါ်ယူမှုကို စောင့်စားနေရခြင်းများ ရှိနေကြောင်း၊ လက်ရှိ အလုပ်ရှင်များ အနေဖြင့် ပြည်ပလုပ်သားများကို ပညာရှင်အနေဖြင့် ခေါ်ယူခြင်းမရှိသေးသည်ကို တွေ့ရကြောင်း ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦးက အွန်လိုင်းမှတစ်ဆင့် ပြောကြားသည် ။
''ကိုရီးယားကို အများစုလာတဲ့နိုင်ငံတွေက လုပ်သားတွေက ဟိုမှာအလုပ်ကြမ်းလုပ်တဲ့သူတွေ၊ တကယ်ကြမ်းတမ်းတဲ့ အလုပ်ကို လုပ်နိုင်တဲ့သူတွေများတယ်လေ၊ မြန်မာနိုင်ငံက အခုသွားတဲ့သူတွေက ပညာတတ် လူလတ်တန်းစားတွေဆိုတော့ သူတို့အတွက် အရမ်းပင်ပန်းတာပေါ့'' ဟု ကိုရီးယားနိုင်ငံရှိ မြန်မာလုပ်သားများ၏ အခက်အခဲများကိုကူညီပေးသော လူမှုရေးအဖွဲ့အစည်း တစ်ခုတွင်လုပ်ကိုင်နေသည့် ကိုရီးယားနိုင်ငံတွင် လုပ်သက် ၁၄ နှစ်ရှိသူတစ်ဦးကအွန်လိုင်းမှတစ်ဆင့် ပြောကြားသည်။
ဇာဏီထွဏ်း
ရည်ညွှန်းချက်-
The Voice Weekly (5/47)
Tuesday, September 29, 2009
KLT (Korea Language Test) စာမေးပွဲအောင်မြင်သူ၏ ဆယ်ပုံတစ်ပုံသာ တောင်ကိုရီးယား ရောက်ရှိသေး၍ မြန်မာလုပ်သားများ ကိုယ်ရည်ကိုယ်သွေးမြင့်ရန်လိုဟုဆို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment