Tuesday, October 6, 2009

ရက်လွန်နေထိုင်သူများ နှိမ်နှင်းရေးစီမံချက် ၊ ရက်တိုးလိုက်ခြင်း

ကိုဝိုင်း(မိုးညှင်း)
အောက်တိုဘာ ၆ ၊ ဆောအူးလ်မြို့ ။

ကိုရီးယားအစိုးရသည် ၊ ရက်လွန်နေထိုင်သူနိုင်ငံခြားသားများ ဖမ်းဆီးနှိမ်နှင်းရေးစီမံချက် (မိမိသဘော အလျောက် ကိုရီးယားမှ ပြန်လည် ထွက်ခွါရေး) မှာ ရည်မှန်းချက်မပြည့်မှီသဖြင့် စီမံချက်အား ၊ နောက်ထပ်(၂)လ တိုးလိုက်ကြောင်း တရားရေးဝန်ကြီးဌာနက ပြောသည် ။

ယခုနှစ်ကုန်တွင် ၊ နိုင်ငံခြားသား ၃သိန်း ၁သောင်းကျော်တို့ ဗီဇာကုန်မည်ဖြစ်ပြီး ၊ ဆက်လက်၍ ရက်လွန်နေထိုင်သွားဖွယ်ရှိသည်ဟု ခန့်မှန်းထားကြပြီး ၊ ရက်လွန်နေထိုင်သူ အများအပြားတို့ မိမိသဘောအလျောက် ဤနိုင်ငံမှ ပြန်လည်ထွက်ခွါသွားစေရန် ကိုရီးယားအစိုးရက စီစဉ်ခဲ့သည် ။

အဆိုပါစီမံချက်တွင် ၊ တရားရေးဝန်ကြီးဌာန ၊ အလုပ်သမားဝန်ကြီးဌာနနှင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင်များအုပ်ချုပ်ရေးဌာန(the Small and Medium Business Administration) တို့ပူးပေါင်းပြီး ဆင်နွဲခဲ့ရာ ၊ တစ်လအတွင်း တရားမဝင်နေထိုင်သူ ၂,၂၅၇ ဦးတို့ ၊ မိမိတို့ သဘောဆန္ဒအလျောက် ကိုရီးယားနိုင်ငံမှ ပြန်လည် ထွက်ခွါ သွားကြသည်ဟု ဆိုသည် ။ မိမိသဘောအလျောက်ထွက်ခွါသွားကြသူများသည် ဒဏ်ကြေးကင်းလွတ်ခွင့်ရရှိပြီး ၊ ကိုရီးယားသို့ ပြည်ပြန်ဝင်ခွင့် ကန့်သတ်ကာလကိုလည်း ၁နှစ်အောက်သို့ လျော့ပေါ့ခြင်း ခံရမည်ဟုဆိုသည် ။

အဆိုပါစီမံချက်သည် တရားမဝင်နေထိုင်သူအင်အားလျှော့ချရေးအတွက် အောက်လမ်း နည်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၊ မျှော်မှန်းထားသည့် အရေအတွက်အောက် များစွာ လျှော့နည်းကြောင်း တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Seong Rak-seungက ပြောသည် ။

ယခုအခါ အဆိုပါ စီမံချက်ကို နိုဝင်္ဘာလကုန်ထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း (Yonhap
News
) သိရသည် ။ ( Korea Times ၏အဆိုအရမူ ယခုနှစ်ကုန် ဒီဇင်္ဘာလထိဟု ဆိုပါသည်။)

ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမား ၁၁ သိန်း ၆သောင်း ခန့်ရှိသည့်အနက် ၁၆ ရာခိုင်နှုန်းခန့် ၊ အရေအတွက်အားဖြင့် ၁သိန်း ၈ သောင်း ၄ ထောင်ကျော်မှာ ရက်လွန် နေထိုင်သူများ ဖြစ်သည်ဟုဆိုသည် ။
ရက်လွန်နေထိုင်သူနိုင်ငံခြား အလုပ်သမားများအားသုံးစွဲသူ ကိုရီးယားလုပ်ငန်းရှင်များသည် ဝမ် သိန်း၂၀၀ (ဒေါ်လာ၁သောင်း၇ထောင်) ကျော် ဒဏ်ငွေ စီရင်ခံရမည်ဖြစ်ပြီး ၊ နောက် ၃ နှစ်အတွင်း နိုင်ငံခြားသားအလုပ်သမား တရားဝင်သုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်းသိရသည် ။

ယခုနှစ် ၊ နောက်ဆုံးဖမ်းဆီးနှိမ်နှင်းရေးစီမံချက်တွင် ၊ နိုင်ငံခြားသားအများအပြားတို့ ရှောင်တိမ်းထွက်ပြေးကြရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ၊ အချို့မှာ ခြေထောက်ကျိုးသွားကြသူများရှိသလို ၊ ကျောရိုးကျိုးသွားကြသူများလည်းရှိကြောင်း ၊ အချို့မှာ ကိုယ်ဝန်ဆောင်များဖြစ်ကြောင်းသိရသည် ။


ရည်ညွှန်းချက်-
1. http://www.koreatimes.co.kr/www/news/nation/2009/10/117_52888.html
2. http://english.yonhapnews.co.kr/news/2009/10/04/0200000000AEN20091004000400315.HTML

No comments: