ငါလူလယ်ပါ။
ရေးသားသူ — ယောနနိုင်ငံခြား ထွက်ရတော့မယ်လို့ သူ့ကို ရုတ်တရက် ပြောလိုက်မိတော့ ပြောနေတဲ့သူ့စကား ချက်ချင်း ရပ်သွားကာ ကျ နော့ကို တွေဝေစွာစိုက်ကြည့်လျက် စကားလုံးကို ထိန်းရင်း သူကြိုစားပြီး မှာရှာပါတယ်... ကြိုးစားပါ။ လိုအပ်တဲ့ ငွေကြေး အတိုင်းအတာရရင် အမြန်ဆုံးပြန်လာခဲ့၊ အဲဒီအချိန်ထိ သူစောင့်နေမှာပါတဲ့၊ မျက်ရည်မကျအောင် သူကြိုးစားထိန်းရင်း ပြောနေရှာတယ်...
ကျနော့မှာလဲ ချစ်သူကိုရော၊မိသားစုကိုပါ ဘယ်ခွဲချင်ပါ့မလဲ၊ ဘယ်သူကိုမှ မခွဲချင်ပါဘူး၊ မချန်ထားခဲ့ချင်ပါဘူး...သို့ပေမယ့်လည်း ကြပ်တည်းလာတဲ့ မိသားစု စီးပွားရေးကြောင့် ဘယ်လိုမှ ရင်းနှီး ရုန်းကန် မရသဖြင့် ဒီလမ်းကို ရွေးလိုက်ရတာဖြစ်ကြောင်း ရှင်းပြရင်း နားလည်ပေးဖို့ အပြန်အလှန် နှစ်သိမ့်အားပေးရင်း ဂတိ၊သစ္စာတွေ ထားစရာမရှိအောင်ပေးကာ ရီဝေစွာနဲ့ လမ်းခွဲနှုတ်ဆက် လိုက်ကြတယ်...အိမ်ပြန်ရောက်တော့ ပစ္စည်းဝယ်သူဝယ်... ထည့်သူကထည့်၊ ဆေးရှာသူရှာနဲ့ အလုပ်တွေရှုပ်လို့...ကျနော့မှာသာ လူရှင်းတဲ့ နောက်ဖေးက ထောင့်လေး တစ်ထောင့်မှာထိုင်ရင်း ရင်ဆိုင်ရမယ့် ရှေ့အနာဂတ်ရေး ကြိုတွေးရင်း ရင်မောနေမိတယ်... ပွဲစားကတော့ စိတ်မပူဖို့၊ ဟိုရောက်ရင် အားလုံး အဆင်ပြေလိမ့်မယ်၊ လာကြိုတဲ့ သူနဲ့သာလိုက်သွား ..အလုပ်က ရှာရအရမ်းလွယ်တယ်... စကားတတ်စရာမလို၊ အလုပ်သာ ကြိုးစားလုပ်ပြ၊ ၆-လဆိုအရင်းကျေမယ်...စသဖြင့် မစားရ ၀မခန်းပြောရင်း သူပေးလိုက်တဲ့ လိပ်စာကဒ်ကို မပျောက်အောင် သေသေချာချာ သိမ်းရင်း အိမ်သားတွေနဲ့အတူ ပစ္စည်း ကူထည့်နေမိတယ်... ညရောက်တော့ သူငယ်ချင်း၊မိတ်ဆွေအချို့ ကို နှုတ်ဆက်ပွဲလေးလုပ်ရင်း သူတို့ရင်ထဲက ကျနော့အပေါ် စိုးရိမ်ပူပန်မှုနဲ့ပြောတဲ့ စကားတွေကို “ကျနော့အား မစိုးရိမ်ကြဖို့နဲ့ ကျနော်လူလယ်ပါ ” ဟု စိုးရိမ်မှုလေးတွေ လျော့သွားစေရန် ဟာသနှော ပြောနေမိတယ်... ကျနော်လူလယ်ပါ။
လေဆိပ်အ၀င်ရောက်တော့ ‘ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့’ ဆိုတဲ့ ဆိုင်းဘုတ်ကို တစ်ချက် ကြည့်ပြီးပြုံးတော့ ကျနော့ကို လိုက်ပို့တဲ့ သူငယ်ချင်းတွေက ဘာပြုံးတာလဲတဲ့။ ငါတို့နိုင်ငံကို အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်ကျော်တွေက တကယ့်ပညာရှိတွေ၊ ဥာဏ်ကောင်းကြတယ်.. မင်းဆိုင်းဘုတ်ကို သေသေချာချာ ဖတ်ကြည့်ပါလား ဆိုတော့မှ ဟုတ်သားပဲဟုဆိုကာ ငြိမ်သွားပါတယ်... လေဆိပ်ထဲရောက်တော့ အချိန် အနည်းငယ် စောနေသေးတာကြောင့် စားသောက်ဆိုင်တစ်ဆိုင်မှာ ခဏသွားထိုင်လိုက်ကြတယ်... ဟိုလူကမှာ. ဒီလူကမှာ နဲ့ မို့ “ အင်း၊ဟုတ်ကဲ့ ” နဲ့သာ ဒီနှစ်လုံးကို မထပ်အောင် အဖြေပေးနေမိတယ်...နောက်ဆုံးတော့ ငါလူလည်ပါ။ ငါ့ကိုစိတ်ချပါ။ ဆိုတော့မှ အားလုံး ကိုယ်စားစရာလေးတွေ အမြန်ဖြတ်ကာ ငြိမ်သက်သွားကြပါတယ်... လေယဉ်ပေါ်တက်ခါနီး သူငယ်ချင်းတစ်ယောက်က အခက်အခဲရှိရင် ဒီလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ဖို့၊ သူအစ်ကို ရှိကြောင်း စာရွက်လေး လာပေးရှာသည်။ ဖတ်ကြည့်လိုက်တော့ ကင်ပို။ဖုန်းနံပါတ်.၀၁၀-၄၇၉၉-၄၃၂၂ တဲ့......
ကိုရီးယား ရောက်တော့ (လ၀က)က မြန်မာဆို အရမ်းချစ်တယ် ထင်ပါတယ်. ပတ်စ်ပို့စာအုပ် အနီရောင်လေး တွေ့ရင်ပဲ ၀မ်းပန်းတသာနဲ့ ကြိုဆိုရှာတယ်... အထူးအခွင့်အရေး ပေးတယ် ထင်ပါတယ်...မှန်ခန်းထဲ ခေါ်ပြီး ဗျူးပါလေတော့တယ်...သူ့နိုင်ငံလာတဲ့ မြန်မာမိတ်ဆွေ ဆိုတော့လည်း ပိုရင်းနှီးအောင်ထင်တယ်... (၄)နာရီလောက် ကြာမှ ဗီဇာထုပေးလိုက်တယ်...အပြင်ရောက်တော့ (agent)ပြောတဲ့ လာကြိုမယ့်သူ ရှာမတွေ့ခဲ့ဘူး၊ ဆိုင်းဘုတ်လေးတွေ ထောင်ပြီး ရှာနေတဲ့သူတွေတော့ တွေ့ပါရဲ့ ကိုယ်နံမည်ကပါမလာ။ ဖုန်းရုံနားသွားပြီး အကြွေစေ့လေးထည့် ဖုန်းခေါ်ကြည့်တော့ ဖုန်းပိတ်ထားတယ်... ကဲခက်ပြီ... ခေါင်းတွေလဲမူး၊ ရင်တွေလဲခုန်၊ ဖုန်းရုံနဲ့ နားနေခန်းက ထိုင်ခုံဆီလျှောက်ရတာလဲ မရေနိုင်တော့...စိတ်ထဲမှာ ပွဲစားကိုရည်စူးပြီး မေတ္တာပို့တာလဲ မရေတွက်နိုင် ။ လုပ်ရက်လေခြင်း... ဒါနဲ့ ဟိုရှာ၊ဒီရှာလုပ်တော့ လေယဉ်ပေါ်တက်ခါနီး သူငယ်ချင်းပေးလိုက်တဲ့ လိပ်စာ စာရွက်လေးပါလာတယ်... ဖုန်းဆက်ကြည့်တော့ ကံကောင်းထောက်မစွာ ကိုယ်တော်နဲ့ တည့်တည့်တိုးပြီး ၊ အခု အလုပ်ချိန်ဖြစ်နေလို့ သူလာမကြိုနိုင်ကြောင်း၊ လိပ်စာအတိုင်း Taxi ငှားပြီး လာခဲ့ဖို့ပြောကာ ဖုန်းချသွားပါသည်။ အင်း ဘယ်လောက် အလုပ်များနေလဲမသိဘူး၊ စကားဆုံးအောင် မပြောလိုက်ရဘူး ဖုန်းချသွားပုံထောက်ရင်.. ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုး တစ်ယောက်နဲ့ အဆက်အသွယ် ရနေပြီပဲ၊ ကြောက်စရာမလိုတော့ဘူး ။ စိတ်ထဲမှာ အားတင်းလျက် Taxi stand ရှိရာ လျှောက်လာမိတယ်... လိပ်စာကြည့်တော့ ကင်ပိုပဲပါတယ်...
ကိုရီးယားလိပ်စာက တိုလှချေလား၊ ဘာပဲဖြစ်ဖြစ် ကားသမားတော့ သိမှာပါပဲလေ ဆိုတဲ့အတွေးနဲ့ ကားကို ထိုင်စောင့်နေမိတယ်... ကားဂိတ်ရောက်တော့ taxi တွေက များပြီး စီးမယ့်သူက နည်းတော့ တစ်စီးနဲ့တစ်စီး ထွက်ဖို့က တော်တော်ကြာပုံရတယ်၊ ကားတွေအများကြီး တန်းစီလို့။ ကျနော့အလှည့်ရောက်တော့ ကင်ပိုဆိုတော့ ကားသမားက ကျနော့ကိုကြည့်တယ်.. ဘယ်ကိုသွားမှာလဲ? ကင်ပို ၊နောက်တစ်ခါထပ်မေးတော့ စိတ်က မရှည်ချင်တော့ အသံမာသွားပုံရတယ်. ကားသမားမောင်းထွက်သွားတယ်... သိပ်မမောင်းလိုက်ရဘူး ၊ကားတွေရှုပ်နေတာနဲ့ ၅မိနစ်လောက်ကြာတော့ ရောက်ပြီတဲ့၊ ကျနော်လည်း ပတ်ဝန်းကျင် ဝေ့ကြည့်လိုက်တော့ လေဆိပ်ဝင်းအပြင်ပဲ ရှိသေးတယ်... ရောက်ပြီ၊ ဒါကင်ပိုတဲ့၊ ဒါနဲ့ ဘယ်လောက်လဲ ဆိုတော့ ၀မ်တစ်သောင်းတဲ့။ မများဘူးလား ? ဆိုတော့ ပုံမှန်ပဲတဲ့ ၊ အချိန်မရှိဘူးဆိုသဖြင့် မပေးချင်ပေးချင် ပေးလိုက်ရတယ်... စိတ်ထဲမှာတော့ များတယ်လို့ထင်တယ်... ဘာကြောင့် လဲဆိုတော့ မီတာတောင် ကျိုးမယ့်ပုံမပေါ်သေးလို့ပါ။
ထို့နောက် ကျနော်ရောက်ပြီ ဆိုတဲ့အကြောင်း ဖုန်းဆက်တော့ အနီးအနား သိသိသာသာ မြင်နိုင်မယ့် အဆောက်အဦ ဘာရှိလဲဆိုတော့ ကျနော်လည်း လေဆိပ်ဝင်းအပြင်ဆိုတော့ ဒါလေဆိပ်ပဲ ရှိသေးကြောင်း ပြောရာ နီးစပ်ရာ taxi သမားကို ဖုန်းပေးပြောလိုက် သူလမ်းညွှန်ပေးမယ်ဟု ဆိုသဖြင့် တွေ့ရာ taxi ကို ငှားကာ သူနဲ့ ဖုန်းပြောခိုင်းလိုက်ပါသည်။ ဘာတွေပြောနေလဲမသိ ၊ ဒရိုင်ဘာကြီး ယဲ့၊နဲ့ ဟုဆို ကာ ကျနော်ကို ကားပေါ်တင်ကာ ခေါ်ဆောင်သွားပါတော့သည်။ စိတ်ထဲမှာတော့ ဘယ်ရမလဲ ငါလူလည်ပါဟု ကျိန်းဝါးလိုက်မိပါသည်။ နောက်မှ ပြန်မေးကြည့်ရာ တစ်ထောင်လောက်သာ တန်သည့် ခရီးကို တစ်သောင်း ယူလိုက်ကြောင်း သိရပါသည်။ပထမဦးဆုံး ကိုရီးယားရောက် လူလယ်တစ်ယောက်ရဲ့  စွန့်စားခန်း ယခုလို စတင်လိုက်ပါတော့သည်။
ကိုရီးယားနိုင်ငံ၏ တက္ကစီ ပို့ဆောင်ရေး...
ကိုရီးယားနိုင်ငံတွင် တက္ကစီသည် ၂၄ နာရီပြေးဆွဲပါတယ်.. ကားရဲ့ ခေါင်းမိုးပေါ်တွင် အရောင်မျိုးစုံ အမှတ်အသား မီးလုံးများ တပ်ဆင်ထားသောကြောင့် ကိုယ်ပိုင်ကားများနှင့် အလွယ်တကူ ခွဲခြား၍ သိနိုင်ပါသည်။ တက္ကစီ စီးမည်ဆိုပါက တက္ကစီဂိတ်များတွင် စောင့်ပြီးစီးနိုင်သလို ၊ လမ်းဘေးမှလည်း တား၍သွားလာနေသော တက္ကစီများကို ငှားစီးနိုင်ပါသည်။ ထို့အပြင် တယ်လီဖုန်းဖြင့် ခေါ်ယူ၍ရသော (ခေါလ်) တက္ကစီများကို စီးမည်ဆိုပါက တက္ကစီ မီတာခအပြင် သီးသန့်ငွေအပို (ပုံမှန်အားဖြင့် ၀မ်၁၀၀၀ )ပိုပေးရပါသည်။ ကိုရီးယားတွင် နယ်မြေအလိုက် များစွာသော တက္ကစီ ကုမ္ပဏီများ ဖွင့်လှစ် လုပ်ကိုင်သောကြောင့် တက္ကစီ ဖုန်းနံပါတ်များကို ပတ်ဝန်းကျင်ရှိ သူများကို အလွယ်တကူ မေးမြန်း စုံစမ်းနိုင်ပါသည်။
တရားမ၀င်အောက်ဆိုဒ်ကား (သို့) နာလာစီ
ကိုရီးယားတွင် ကိုယ်ပိုင်ကားဖြင့် တက္ကစီကဲ့သို့ ခရီးသည်တင်ကာ မောင်းသည့် နာလာစီခေါ် အောက်ဆိုဒ်ကားသည် တရားမ၀င်ဖြစ်ပါသည်။ တရားမ၀င်ကားကို စီးရာတွင် ယဉ်တိုက်မှု (သို့မဟုတ်) တစ်စုံတစ်ရာ ဖြစ်ပါက အာမခံလုပ်ငန်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအခက်အခဲရှိသည်။ တက္ကစီသည် ခရီးသည်ယာဉ် ဖြစ်ကြောင်း အသိပေးသည့်စာကို ကပ်ထားပြီး ၊ ကိုယ်ပိုင်ကားများမှာ ကပ်ထားခြင်းမရှိချေ။ထို့ပြင် ကိုယ်ပိုင်ကား၏ နံပါတ်ပြားမှာ အစိမ်းရောင်ဖြစ်ပြီး ၊အငှားကား၏ နံပါတ်ပြားမှာ အ၀ါရောင်ဖြစ်ပါသည်။
ရိုးရိုးတက္ကစီ
ရိုးရိုးတက္ကစီသည် ၃-ယောက်မှ ၄-ယောက်ထိစီးနိုင်ပါသည်။ ကျသင့်ငွေ တွက်ချက်ပေးသော မီတာ တပ်ဆင်ထားပြီး အခြေခံယာဉ်စီးခမှာ ၀မ်၂၄၀၀ မှ စတင်ပါသည်။ နံနက် ၁၂ နာရီမှ နံနက် ၄ နာရီအထိ အခြေခံယာဉ်စီးခမှာ ၀မ် ၂၈၈၀ ဖြစ်သည်။ ထို့ပြင် မြို့ နယ်နိမိတ်ကျော်သွားလျင်လည်း အပိုငွေ ထပ်ဆောင်းပေးရပါသည်။ ဥပမာ- ဆိုးလ်မြို့မှ ဆူဝမ်မြို့သို့ သွားလျှင် မီတာမှ ပြသသော ဈေးနှုန်းအပြင် သတ်မှတ်တက္ကစီခ၏ ၂၀ ရာခိုင်နှုန်းကို ထပ်ပေါင်းပေးရသည်။
အထူးတက္ကစီ
အထူးတက္ကစီသည် အင်ဂျင်အား ၃-ထောင်စီစီ အထက်ရှိသော ဇိမ်ခံကားများဖြင့် ပြေးဆွဲပေးသည်။ အများအားဖြင့် အနက်ရောင် ကားများဖြစ်ကြပြီး၊ မြို့တော်နှင့် အနီးတ၀ိုက် မြို့များတွင် အဓိကထား ပြေးဆွဲပေးကြသည်။ အခြေခံယာဉ်စီးခမှာ ၄၅၀၀-၀မ်ဖြစ်ပြီး၊ ရိုးရိုး တက္ကစီထက် များစွာဈေးကြီးသည်။ သို့သော် ညဘက် အချိန်များနှင့် ခရီးဝေးသွားရာတွင် မီတာမှတောင်းသော ယာဉ်စီးခသာ ပေးရ၏။ အပိုကြေး ပေးစရာမလိုပေ။
ဝန်ကျယ်တက္ကစီ
အများဆုံး ၉-ယောက် စီးနင်းနိုင်သော တက္ကစီ အကြီးစားများ ဖြစ်ကြသည်။ အထုပ်အပိုးများခြင်း၊ ပျော်ပွဲစားသွားခြင်း မျိုးများတွင် အသုံးပြုပါက အလွန်အဆင်ပြေပါသည်။ ထိုကားများ အားလုံးသည် ဆက်သွယ်ရေး စနစ်များ တပ်ဆင်ထားသောကြောင့် မည်သည့်အချိန်၊မည်သည့်အရပ်မှ ဖြစ်စေ ဖုန်းဆက်ရုံဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ အခြေခံစီးနင်းခံမှာ အထူးတက္ကစီနှင့် အတူတူ ၀မ် ၄၆၀၀ ဖြစ်သော်လည်း ၊ ခရီးသည်နှင့် ယာဉ်မောင်းတို့ ညှိနှိုင်း၍လည်း စီးနိုင်ပါသည်။
ဆက်လက်ဖော်ပြပါဦးမည်။
No comments:
Post a Comment