Thursday, November 12, 2009

ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၁၇)

ရေးသားသူ — ကိုကြီးပေါ်

ကိုကြီးပေါ် ပြန်လာပြီ။ ဒန် ဒန့် ဒန်…။

လူအထင်ကြီးအောင် ကိုယ့်ဘာသာကိုယ် စာတမ်းထိုးလိုက်တာ။ တကယ်တော့ ပြန်လာလာ ပြန်မလာလာ ဘယ်သူကမှ တကူးတက ကြိုနေမယ် မဟုတ်ပါဘူး။ ကိုကြီးပေါ်လည်း ဘယ်မှ သွားတာ မဟုတ်ပါဘူး။ ဟိုလိုလို ဒီလိုလို အလုပ်များချင်ယောင်ဆောင်ပြီး မိုးသောက်ကြယ် အယ်ဒီတာမင်းတွေကို `မူ`ကြည့်တာ။ စာမူခလေး ဘာလေးများ ပေးပြီး လိုက်ခေါ်မလားလို့။ အခုတော့ မခေါ်တဲ့အပြင် “တွေ့ရင်ပြောကြပါ” ဆိုပြီး လူပျောက် ကြော်ငြာကပ်ထားတယ်။ မတော် ရဲစခန်းတိုင်ရင် အခက်ပဲ ဆိုပြီး၊ မြန်မြန် ပြန်လာရတာပါ။

ဒီတပတ် ကိုကြီးပေါ်ရဲ့ ပဉ္စလက် မှန်ပြောင်းမှာ အထင်းသား မြင်လိုက်ရတာကတော့…

မီဒီယာကို မီဒီယာနဲ့ တိုက်မယ်

နအဖရဲ့ ရှေ့တန်း အာကျယ်လေး လို့ ပြောရမယ့် နှုတ်ခမ်းတလန် ပန်းတလန် မတော်တရော်ရမ်းတဲ့ ဗိုလ်ကျော်ဆန်းက အလွန်ကြီးမားတဲ့ မဟာဗျူဟာကြီးကို ချမှတ်တော်မူခဲ့ပါတယ်။ အဲဒါက “မီဒီယာကို မီဒီယာနဲ့ တိုက်မယ်” ဆိုတာကြီးပါပဲ။
နအဖက သူ့ကို တိုက်ခိုက်နေတဲ့ ရန်သူတွေထဲမှာ ပြည်ပ မီဒီယာတွေဟာ ရှေ့တန်းက ပါတယ်လို့ ဆိုသဗျ။ အတိုက်အခံ နိုင်ငံရေးသမားတွေ, နိုင်ငံခြား တိုင်းပြည်တွေက အဲဒီ မီဒီယာတွေကို အသုံးပြုပြီး နအဖ အကျိုးစီးပွား ပျက်စီးအောင် လုပ်နေတယ်လို့ ဆိုပါတယ်။ သူတို့ အသုံးအနှုန်း အရတော့ “နိုင်ငံတော်ကို အဖက်ဖက်မှ နှောင့်ယှက်ဖျက်ဆီး နေတယ်” လို့ ဆိုပါတယ်။ နိုင်ငံတော်ကြီး တိုးတက် ဖွံ့ဖြိုး ခေတ်မီ၍ ရှေ့တန်းသို့ တဟုန်ထိုး တိုးတက်နေတာကို မနာလို မရှုစိမ့်လို့ အဆိုးမြင်နဲ့ တိုက်ခိုက်နေတာလို့လည်း ဆိုပါတယ်။

ပြည်ပ မီဒီယာတွေက နိုင်ငံတော်ကို တိုက်ခိုက်နေတယ် ဆိုတော့၊ အဲဒီ မီဒီယာတွေကို နိုင်ငံတော်ကလည်း ပြန်လည် တိုက်ခိုက်ရမယ်လို့ ဗိုလ်ချုပ်မင်းများ ရွှေစိတ်တော်မှာ အာရုံကျတော်မူပါတယ်။ အစပိုင်းတုန်းကတော့ သွားလေသူ ဗိုလ်ခင်ညွန့်က မာရသွန် မိန့်ခွန်းတွေ မြွက်ချွေပြီး ပြည်ပ သတင်းတွေ မှားကြောင်း အသုံးတော်ခံပါတယ်။

နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့ ဆိုတာကြီးကို ဖွဲ့ပြီး “ငါ့စကား နွားရ” ပြောခဲ့ကြတာလည်း အကြိမ်ပေါင်း မနည်းပါဘူး။ မိုးလုံးပြည့် မုသာဝါဒတို့၊ လိမ်နေသည်တို့၊ ရောင်းစားနေသည်တို့ စတဲ့ ကင်ပွန်းတွေ တပ်ပြီး ထုတ်လိုက်တဲ့ စာအုပ်တွေလည်း မနည်းပါဘူး။

ဒါပေမယ်လို့ မြန်မာပြည်သူလူထုက ပြည်ပ မီဒီယာတွေက တင်ပြတာကိုပဲ အမှန်လို့ ယုံကြည်နေတော့ နအဖ ခမျာ လက်ပန်း ကျလာပုံ ရပါတယ်။ သတင်းထုတ်ပြန်တာတွေ ဘာတွေ မလုပ်တော့ဘူး။ စာအုပ်တွေလည်း မထုတ်တော့ဘူး။

အဲ… အတော်ကြာတော့မှ နှုတ်ခမ်းထော်ထော် မျက်လုံးမှေးမှေး ဖြန်းတုတ်လေဖမ်း မောင်ကျော်ဆန်းက တစခန်း ထလာတယ် ခင်ဗျ။ သူ့ကို ပြန်ကြားရေးဝန်ကြီး၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ နိုင်ငံတော် ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် စသဖြင့် ထမ်းပိုးတွေ တင်ပေးလိုက်တော့ ကိုယ်တော်ချောလည်း ခေါင်းတခါခါ လည်တမော့မော့နဲ့ ကော့နေအောင် ပြေးတော့တာပါပဲ။

ဒီမှာတင် မီဒီယာကို မီဒီယာနဲ့ တိုက်မယ် ဆိုတဲ့ ကြွေးကြော်သံ ပေါ်လာတော့တာပါပဲ။

ကိုကြီးပေါ်က တွေးမိတယ်။ သြော် ဒီတခါတော့ နအဖက သေသေချာချာကို လုပ်တော့မှာပဲကိုး။ သူတို့က စစ်ဗိုလ်တွေ ဆိုတော့ အရာရာကို တိုက်ပွဲလို စဉ်းစားတတ်တယ်။ အခုလည်း ၀ါဒဖြန့်ချိရေး/တန်ပြန်ဝါဒဖြန့်ချိရေးကို တိုက်ပွဲတခုလို ဆင်နွှဲတော့မယ်ပေါ့။ ဘယ်လိုများ တိုက်မှာပါလိမ့်။ ကိုကြီးပေါ် ရင်တမမနဲ့ စောင့်ကြည့်နေမိပါတယ်။

ပြည်ပ မီဒီယာတွေက ရေးနေတာ လွှင့်နေတာ တွေဟာ မဟုတ်မမှန်ကြောင်း သက်သေ အထောက်အထားတွေ ထုတ်ပြပြီး ချေဖျက်မှာလားပေါ့။ ဥပမာ- ကလေးစစ်သား အကြောင်းဆိုရင်၊ ဟေ့ နအဖမှာ ကလေးစစ်သား မရှိဘူး၊ ဟောဒီမှာကြည့် ဆိုပြီး၊ စစ်တပ် စစ်သားစာရင်းတွေပဲ ထုတ်ပြတော့မှာလားပေါ့။ ပြည်ပ မီဒီယာတွေဟာ အကျိုး မရှိကြောင်း ပြည်သူလူထုကို ဘယ်ပုံဘယ်နည်း ပညာပေး စည်းရုံးမလဲပေါ့။ ဒါမှမဟုတ် ပြည်ပ မီဒီယာတွေရဲ့ အားနည်းချက်ကို ရှာဖွေပြီး နလန်မထူအောင် ပြန်လည် တိုက်ခိုက်မှာလားပေါ့။ နောက်ဆုံး ပြည်ပမှာ နအဖ သတင်းလုပ်ငန်း ဆိုတာမျိုး တည်ထောင်ပြီး တကမ္ဘာလုံးကို ဖြန့်ကျက် လုပ်ကိုင်မှာလားပေါ့။

စသည်စသည်ဖြင့် ကိုကြီးပေါ် ရင်ခုန်နေတာ အတော်ကြာတော့၊ ဟော အခု တွေ့ပါပြီဗျာ။ ဗိုလ်ကျော်ဆန်းရဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်တဲ့ အကွက်က အလွန်အင်မတန် အံ့သြစရာပါပေတကား။

ကိုကြီးပေါ် တွေ့လိုက်ရတဲ့ တိုက်ကွက်ကတော့ ပြည်ပရေဒီယိုတွေ အသံလွှင့်ချိန်နဲ့ အချိန်ကိုက် အက်ဖ်အမ်ရေဒီယိုတွေ ထုတ်လွှင့်တာပါတဲ့ ခင်ဗျာ။

ပြည်ပ ရေဒီယိုတွေက လှိုင်းတိုနဲ့ အသံလွှင့်တာပါ။ ဒီလှိုင်းတွေကို ပျက်အောင် ဖျက်တာ၊ အသံထပ်ပိုးပြီး လွှင့်တာ ဆိုတာမျိုးကိုတော့ ဟိုတုန်းကတည်းက ကြားခဲ့သိခဲ့ရပါတယ်။ သို့ပေမယ့် သိပ်ပြီး ထိရောက်တယ်တော့ မဟုတ်ပါဘူး။ အခှုတော့ “ပိတောက်မြေ” ဆိုတဲ့ ရေဒီယိုတခုကို နအဖက ခိုးကြောင်ခိုးဝှက် တည်ထောင်ပြီး ပြည်ပရေဒီယို အသံလှိုင်းတွေနဲ့ တစ်ထပ်တည်း လွှင့်တယ် ဆိုပဲ။ ရေဒီယို နားထောင်သူတွေက အသံလှိုင်း ဖမ်းတဲ့အခါ အဲဒီ ကိုရွှေ ပိတောက်မြေ ဆိုတာကြီးက တန်းခနဲ ၀င်ဝင်လာတယ် ဆိုပဲ။

ခုတခါ နောက်တမျိုး ထပ်တိုးလာတာက အက်ဖ်အမ်ရေဒီယိုတွေပါ။ အက်ဖ်အမ် ဆိုတာမျိုးက တကမ္ဘာလုံးမှာ ခေတ်စားတာတော့ အမှန်ပါ။ မြို့တမြို့ နယ်တနယ် အတွက် သွားသွားလာလာ ထထထိုင်ထိုင် နားထောင်လို့ ရတာမျိုး။ ဒေသခံတွေအတွက် သီးသန့် သတင်းတွေ အစီအစဉ်တွေ ထုတ်လွှင့်နိုင်တာမို့ အသုံးဝင်မှုလည်း ရှိပါတယ်။

ရွှေပြည်တော်ကြီးမှာ အက်ဖ်အမ်တွေ လွှင့်လာတာကို ကိုကြီးပေါ်က ကြိုဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် လူထုတွေ နားထောင်စရာလေး ရှိတယ်ဆိုတဲ့ သဘောပေါ့။ ပေါ်လစီတွေကို အတုံးလိုက် အတစ်လိုက် နားထဲ ကန့်လိုက် တိုက်နေရတာထက်စာရင် သီချင်းလေး အတင်းလေး နားထောင်ရတာက တော်သေးတာပေါ့။ ဟုတ်ဘူးလား။

အဲ… အဲဒီ တော်သေးတာပေါ့ ဆိုတဲ့ ကိစ္စထဲမှာ မတော်ပါဘူးဗျာ ဆိုတဲ့ ကိစ္စ ပါလာတာကတော့ အက်ဖ်အမ်ရေဒီယိုကို “မဖွင့်မနေရ” လို့ သတ်မှတ်တာပါပဲ။ စစ်တပ်က ဦးစီးတဲ့ ပါရမီ တက္ကစီကားတွေမှာ အက်ဖ်အမ် ဖွင့်ရမတဲ့။ အချို့ လိုင်းကားတွေမှာ အက်ဖ်အမ် ဖွင့်ရမတဲ့။ ပြီးတော့ အက်ဖ်အမ်တွေကို မြို့တိုင်း နယ်တိုင်းမှာ လွှင့်ဖို့ အားပေးတယ် ခွင့်ပြုတယ် ဆိုပဲ။ ခွင့်ပြုတယ် ဆိုလို့ ၀မ်းသာ မစောနဲ့ဦးနော်။ ခင်ဗျားကို ခွင့်ပြုတာ မဟုတ်ဘူး။ နအဖရဲ့ အသုံးတော်ခံ ခေတ်ပျက် သူဌေးတွေကို ခွင့်ပြုတာ။

သြော်… ဒါက ရေဒီယိုကို ရေဒီယိုနဲ့ တိုက်တာလို့ ဆိုရပေမှာပေါ့ နော်။ ဗိုလ်ကျော်ဆန်းရဲ့ တိုက်ကွက်ကတော့ မဟာဗျူဟာ မြောက်ရုံတင်မက မဟာဗျူဟာ့ ဘိုးအေပါ မြောက်ပါပေတယ်။ ဟိုဖက်က ဒီလှိုင်းနဲ့ လွှင့်ရင် ကိုယ်ကလည်း ဒီလှိုင်းအတိုင်း လိုက်လွှင့်။ ကိုယ့် ရေဒီယိုကို အတင်းဖွင့်ခိုင်း။ ဒီလို လုပ်လိုက်ရင် ပြည်ပ ရေဒီယိုတွေရဲ့ ထုတ်လွှင့်ချက်တွေက ပျက်ပြယ်သွားလေပြီလို့များ ဗိုလ်ကျော်ဆန်း ထင်ရော့သလား။

ပြည်ပ အင်တာနက် ၀က်ဗ်ဆိုက်တွေကို နအဖက ဟက်ကာနည်းနဲ့ တိုက်ခိုက်တာကတော့ အားလုံး သိပြီးသားမို့ အကျယ် မပြောတော့ပါဘူး။ ၀က်ဗ်ဆိုက်တခုကို ဟက်ကာလုပ်လိုက်တာနဲ့ နအဖအပေါ် ဝေဖန်ထားတာတွေ ပျောက်သွားလေမယ်လို့များ ဗိုလ်ကျော်ဆန်း ထင်ထားသလား မသိပါဘူး။

ကိုကြီးပေါ်ကတော့ မနေနိုင် မထိုင်နိုင် ရွှေပြည်တော်ကြီးကို ချောင်းကြည့်ပြီး ရေဒီယိုကို ရေဒီယိုနဲ့ တိုက် အင်တာနက်မှာ ဟက်ကာလုပ်တဲ့ ဗိုလ်ကျော်ဆန်းရဲ့ ဗျူဟာကို မြင်တွေ့ပြီး သကာလ၊ ဆက်ပြီး အတွေးပွားမိပါသေးတယ်။

သူတို့က မီဒီယာကို မီဒီယာနဲ့ တိုက်မယ် လို့ ဆိုထားတာ မဟုတ်လား။ အခု ရေဒီယို နဲ့ အင်တာနက်ပဲ ရှိသေးတာ။ ဂြိုဟ်တုတို့၊ စာအုပ်တို့ ကျန်သေး မဟုတ်လား။ ဒီတော့ ကိုယ့် အနီးစပ်ဆုံး မိုးသောက်ကြယ် အယ်ဒီတာမင်းများကိုတော့ လက်တို့ ပြောထားဦးမှ။

ဒီမယ် အယ်ဒီတာမင်း… ဗိုလ်ကျော်ဆန်း ဗျူဟာအရ ဆိုရင် “မိုးသောက်ကြယ်” ဂျာနယ်တွေ ရွှေပြည်တော်ကြီးမှာ ပေါ်လာနိုင်တယ် ခင်ဗျ။ မယုံမရှိနဲ့။ ရေဒီယိုကို ရေဒီယိုနဲ့ တိုက်သလို ဂျာနယ်ကို ဂျာနယ်နဲ့ တိုက်ချင် တိုက်မှာပေါ့။ ဟို နယ်စပ်ကလူတွေတောင် မြန်မာ့အလင်းတို့ ကြေးမုံတို့ကို အတုလုပ်သေးတာပဲ။ နအဖကလည်း မိုးသောက်ကြယ်ကို အတုလုပ်ပြီး ပြည်တွင်း ပြည်ပမှာ မဖြန့်ဘူးလို့ ဘယ်သူ အာမခံမလဲ။ ၀ါရှင်တန်ပို့စ်မှာ ရေးတဲ့ ဆောင်းပါးကို မြန်မာ့အလင်းက ပြန်လည် ဖော်ပြသလို၊ မိုးသောက်ကြယ် အတုထဲက ဆောင်းပါးကို ပြန်ဖော်ပြပြီး ၀ါဒဖြန့်ချင် ဖြန့်မှာပေါ့။

ဒီထက်ပိုကဲလာရင် ကြံ့ဖွတ်အဖွဲ့ကို မီဒီယာအဖွဲ့လို့ အမည်ပြောင်းပြီး သတင်းသမားတွေကို ချောင်းရိုက်ခိုင်းချင် ခိုင်းမှာပေါ့။ ဒီလိုဆိုလည်း မီဒီယာကို မီဒီယာနဲ့ တိုက်တယ်လို့ ဖြစ်တာပဲ မဟုတ်လား။

အခုနေမှာတော့ ချောင်းမရိုက်သေးခင် ရေဒီယိုတွေ ဂျာနယ်တွေကို တလမန်းကြမ်း ထုတ်လုပ်ပြီး အင်အားများရင် အနိုင်ရမယ် ဆိုတဲ့သဘော လုပ်နေပါတယ်။ အဟဲ… အဲသည်ထဲမှာ ဗိုလ်ကျော်ဆန်း စုံလုံးကန်းသွားတာကတော့ နအဖရဲ့ ပင်မ မီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံ နဲ့ သတင်းစာတွေဟာ လူထုနဲ့ ပိုပြီး ဝေးသွားတယ် ဆိုတဲ့ အဖြစ်ပါပဲ။ သြော် သာဓု… သာဓု…။

ကိုကြီးပေါ်

No comments: