Tuesday, January 26, 2010

တခဏဆိုတဲ့ အခိုက်အတန့်လေးတွေကို တန်ဖိုးထားပါ။



၂။ အောင်မြင်ချင်ရင် တခဏဆိုတဲ့ အခိုက်အတန့်လေးတွေကို တန်ဖိုးထားပါ။

လောကမှာ ဖြစ်ပေါ်နေသမျှ အရာအားလုံးဟာ ဘယ်တော့မဆို သူ့အချိန်နဲ့သူ အံကျ ပေါ်လာတာမျိုးပါ။ အဲလို အံကျပေါ်လာချိန်မျိုးကို အခိုက်အတန့်လို့ ဖွင့်ဆိုရမယ်ထင်ပါတယ်။ အဲဒီ အခိုက်အတန့်ငယ်လေးတွေကို စုဆောင်းပြီး ဘ၀ကို အောင်မြင်စေနိုင်သလို၊ အဲဒီ အခိုက်အတန့်ငယ်လေးကို ဘယ်လို အသုံးချတယ်ဆိုတာကပဲ ကျန်ရှိနေတဲ့ မိမိရဲ့ ဘ၀အတွက် လူအများရဲ့ တန်ဖိုးထားမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင်၊ လူသားတိုင်းဟာ မြောက်များစွာသော အခိုက်အတန့်ငယ်လေးတွေကို ထိထိရောက်ရောက် အသုံးချနိုင်မှသာ အောင်မြင်နိုင်ကြတာပါ။ “ အောင်မြင်တဲ့သူဆိုတာ တဒင်္ဂလေးတွေရဲ့ တန်ဖိုးကို သေသေချာချာ သိပြီး၊ အဲဒီ အခိုက်အတန့်လေးတွေကို ပိုင်ပိုင်နိုင်နိုင် အကျိုးရှိရှိ အသုံးချနိုင်သူတွေ ဖြစ်တယ်…”။ အနားယူခြင်းဟာ တခါတရံမှာ တဒင်္ဂလေးတွေကို အကောင်းဆုံး အသုံးချခြင်း ဖြစ်သလို၊ တခါတရံမှာတော့ ဘ၀ရဲ့ နောက်ဆုံးအခိုက်အတန့်လေးတွေကို အကောင်းဆုံး ဖြတ်သန်းခြင်းလည်း ဖြစ်တတ်ပါတယ်။

တောင်ထိပ်ဖျားကို ရောက်နိုင်တဲ့ လမ်းဟာ တစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူး။ အားလုံးသော အစပြုခြင်းများဟာ ဘ၀ကို လှပအောင် ဖန်တီးပေးနိုင်တဲ့ အမွှေးအကြိုင်လေးတွေ ဖြစ်တာကြောင့်၊ အမြဲတမ်း လမ်းကြောင်းမျိုးစုံကို စဉ်းစားဆင်ခြင်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပါ။ သို့သော် လူဆိုသည်မှာ မိုက်မဲတတ်တာကြောင့် သစ်ပင်ကိုသာ မြင်ပြီး၊ တောအုပ်ကို မမြင်နိုင်ပဲ အကြိမ်ကြိမ်အဖန်ဖန် လွဲမှားနေကြတာပါ။ ဘ၀ရဲ့ ဉာဏ်ပညာကို ဘယ်လို ရရှိနိုင်ပါသလဲ။ အကြိမ်ကြိမ် ဖတ်ပါ၊ အကြိမ်ကြိမ် စဉ်းစားဆင်ခြင်ပါ၊ အကြိမ်ကြိမ် စာနဲ့ ပြန်လည်ရေးသားကြည့်မယ်ဆိုရင် သူ့အလိုလို သဘောပေါက်နားလည်လာမယ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။ သင် တကယ် အောင်မြင်ချင်ပါသလား။ ယခုတွေ့ကြုံနေတဲ့ အခိုက်အတန့်ငယ်လေးများကို အကျိုးရှိရှိ အသုံးချပါ။

No comments: