Thursday, February 25, 2010

မျက်တောင်မွေး တဆုံး၏ အလွန်

ဒီစာက ထောင်စုပြတင်း ဂျာနယ် အယ်ဒီတာ့အမြင် ကဏ္ဍမှာ ရေးခဲ့တာပါ။ ဟန်းဂုရွာ ပရိသတ်အတွက် ပြန်လည်တင်ပြရင် ကောင်းမလားလို့ တင်လိုက်တာပါ။ ဘာရယ်မှ မဟုတ်ပါဘူး။ နည်းနည်းပါးပါး တွေးကြည့်ဖြစ်တာပေါ့...


လူသည် စဉ်းစားဆင်ခြင်ဉာဏ် မြင့်မားသော သတ္တဝါ ဖြစ်သည်။ လူကို တန်ဖိုးဖြတ်ရာတွင် မြော်မြင်စဉ်းစားတတ်ခြင်းကို တန်ဖိုးတရပ်အဖြစ် ထည့်သွင်း ကြည့်ရှုကြသည်။ စဉ်းစားဆင်ခြင်တတ်သူ, ရေရှည်အကျိုး မြော်မြင်တွေးဆတတ်သူကို ပညာရှိ လူလိမ္မာဟူ၍ ချီးမွမ်းတတ်ကြပြီး၊ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မစဉ်းစား မဆင်ခြင်တတ်သူ, ရေရှည် အကျိုးကိုမသိ, မြော်မြင်တွေးဆနိုင်စွမ်း မရှိသူတို့ကို လူနုံလူမိုက်အဖြစ် ကဲ့ရဲ့တတ်ကြပါသည်။

စဉ်းစားဆင်ခြင်တတ်သူသည် အတိတ်ဖြစ်ရပ်များမှ အသိတရားကိုလည်း ထုတ်ယူ၏။ အနာဂတ် ကောင်းကျိုးအတွက်လည်း မြော်မြင် တွက်ဆ၏။ ထို အသိတရားနှင့် မြော်မြင်ချက်ကို ညှိနှိုင်း၍ ပစ္စုပ္ပန်တွင် သတိရှိရှိ အလုပ်လုပ်တတ်သည်။
မစဉ်းစား မဆင်ခြင်တတ်သူသည် အတိတ်ကိုလည်း လေ့လာရ ကောင်းမှန်းမသိ၊ အနာဂတ်အတွက်လည်း မမြော်တွေး၊ ပစ္စုပ္ပန်တွင်လည်း ကြုံသလို ကျသလို ပရမ်းပတာ လုပ်ကိုင်တတ်သည်။ ထိုသူမျိုးကို ‘မျက်တောင်မွေးတဆုံးသာ ကြည့်တတ်သူ’ ဟု မြန်မာတို့က ဆိုရိုးပြုထား၏။

မျက်စိတမှိတ် လျှပ်တပြက်ကလေး လောက်ကိုသာ မြင်တတ်ပြီး၊ ထို အခိုက်အတန့်ကလေးကိုပင် တဘဝ တသံသရာအဖြစ် သဘောပိုက်တတ်သူများ လောကတွင် ကြီးထွားလာသောအခါ ထိုလောကသည် ပျက်စီးခြင်းဖက်သို့ ရွေ့လျောရလေတော့သည်။

မျက်တောင်မွေး တဆုံးသာ မြင်နိုင်သူတို့သည် မိမိ အကျိုးဖြစ်ထွန်းနေသည်ဟု ထင်လျှင် ထိုအခြေအနေကို အတင်းဖက်တွယ် ထားချင်သလို၊ မိမိအကျိုးပျက်စီးမည်ဟု ထင်လျှင်လည်း ထိုအခြေအနေကို အဓမ္မ ဖယ်ရှားချင်တတ်ကြသည်။ လောဘကြောင့် ဖက်တွယ်ထားချင်သည် ဖြစ်စေ၊ ဒေါသကြောင့် ဖယ်ရှားချင်သည်ဖြစ်စေ ထိုလုပ်ရပ်များသည် ပျောက်ပျက် သွားနိုင်သည် မဟုတ်ပေ။

မျက်တောင်မွေးနှင့်တူသည့် အသက်ရှင်နေချိန်တွင် ဖြစ်ပျက်ခဲ့သည်တို့သည် မျက်တောင်မွေးကို လွန်သည့်တိုင်အောင် ကျန်ရစ်နေခဲ့မည် ဖြစ်သည်။ မိမိလုပ်ဆောင်ချက်၏ အကောင်းအဆိုးတို့သည် ရိုက်ခတ် ထင်ကျန်နေလိမ့်မည် ဖြစ်သည်။

‘သေရင်ပြီးပြီ’ ဟု အချို့လူတွေက ယူဆကြသည်။ မွေးဖွားခြင်း သေဆုံးခြင်း ဆိုသည်မှာ သတ္တဝါတိုင်း၏ ဘဝအစနှင့်အဆုံးသာ ဖြစ်သည်။ ဘဝဟူသည် ‘ရှင်သန်နေသည့်အဖြစ်’ ကိုသာ ပြောဆိုနေခြင်း ဖြစ်သည်၊ ရှင်သန်နေစဉ် ဘာလုပ်နေသည် ဆိုသည်ကသာ ပဓာန ဖြစ်သည်၊ သေရင်ပြီးပြီဟု ယူဆခြင်းသည် ရှင်နေစဉ် လုပ်ချင်တာလုပ်မည်ဟု ဆိုလိုသည့်သဘော ဖြစ်နေပေသည်။ တနည်းအားဖြင့် မျက်တောင်မွေးတဆုံးကို လွန်အောင် မကြည့်နိုင်သည့် သဘောပင် ဖြစ်သည်။

လူတကိုယ်အရေးကိစ္စတွင်ပင် မျက်တောင်မွေးတဆုံးကို လွန်အောင် ကြည့်နိုင်ဖို့ လိုသည်ဆိုလျှင် လူအများစုနှင့်ဆိုင်သော ကိစ္စ၊ တမျိုးသားလုံးနှင့်ဆိုင်သော အရေးအရာများတွင်ကား ဆိုဖွယ်ရာ မရှိပြီ။ တခဏ အရေးကိစ္စထက် ရေရှည်အကျိုးကျေးဇူးကို မြော်မြင်တွေးဆ လုပ်ဆောင်နိုင်ဖို့ အင်မတန်မှ လိုအပ်လှပါသည်။

မည်သူက တနပ်စားဉာဏ်ဖြင့် မျက်တောင်တမွေးစာ အလုပ်လုပ်နေသည်၊ မည်သူက ရေရှည်အကျိုးအတွက် မျက်တောင်မွေး လွန်အောင် အလုပ်လုပ်နေသည် ဆိုသည်မှာ ကြည့်သောသူ မြင်သည်သာ ဖြစ်သည်။

လူ့လောကတွင် မျက်တောင်မွေးတဆုံး၏ အလွန်ကို အလေးဂရုပြု ကြည့်ရှုဆင်ခြင် မြော်မြင်နိုင်စွမ်းရှိသူတို့ များများပေါ်ပေါက်ဖို့ အရေးကြီးလှပေသည်။
===

No comments: