Thursday, February 18, 2010

လူ့ဗာလ၏ စကားလက်ဆောင်

စောစောကပဲ ဖတ်လိုက်တဲ့ ကိုရီးယားရှေးပညာရှိတစ်ပါး ပြောတဲ့ စာသားလေးကိုပဲ ချက်ခြင်း ပြောပြရတော့မယ်။

နွားက ရေကို သောက်ရင် နွားနို့ဖြစ်တယ်။ မြွေက ရေကိုသောက်တော့ အဆိပ်ဖြစ်တယ်…တဲ့။ ရေကို သောက်တာချင်း အတူတူ ဘာလို့ ကွဲပြားသွားကြတာလဲလို့… သူက မေးပါတယ်။ စဉ်းစားကြည့်စေချင်တယ်။ ပန်းပွင့်က ရေကို သောက်ရင် မွှေးပျံ့တဲ့ ရနံ့ကို ပေးတယ်။ သစ်ပင်က ရေကို သောက်ရင် လတ်ဆတ်တဲ့ အောက်စီဂျင်နဲ့ ချိုမြိန်တဲ့ သစ်သီးတွေကို ပေးတယ်။ ကျေးငှက်ကလေးတွေက ရေကို သောက်တော့ သစ်ကိုင်းသစ်ခက်တွေကြားမှာ ကြည်နူးဖွယ် တေးကို သီကျူးတယ်။ ဒါဆို… ခင်ဗျားသောက်တဲ့ ရေတစ်စက်က ဘယ်လိုအရာဖြစ်လာနိုင်မလဲ။

တီပဲဖြစ်ဖြစ်၊ အိုပဲဖြစ်ဖြစ်၊ ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း ကြိုက်တဲ့လူမျိုးဖြစ်ပါစေ… အာလုံးတစ်မြေထဲနေ တစ်ရေထဲသောက်တဲ့ မြန်မာနိုင်ငံသားတွေပါ။ တီဖြစ်ရင် အိုကို ဖေးမလို့၊ အိုဖြစ်ရင် တီကို ဖေးမလို့၊ အချင်းချင်း အပြန်အလှန် ကူညီဖေးမလို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်တိုင်းပြည်ကိုပြန်ရောက်ပြီး၊ ကိုယ့်မိသားစုနဲ့ ဥမကွဲ သိုက်မပျက် နေထိုင်လို့ တိုင်းပြည်နဲ့လူမျိုးအကျိုး၊ နောင်လာနောက်သား လူသားမျိုးဆက်တွေရဲ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြရမှာ မဟုတ်ဘူးလားခင်ဗျာ။

ကိုယ့်နိုင်ငံသားတွေ တရားဝင်ဗီဇာနဲ့ နေထိုင်နိုင်တော့ သူများနိုင်ငံမှာ ကျီးလန့်စာစား၊ သူများ ပြုသမျှနုစရာ ဘ၀မျိုးမဖြစ်တာ ၀မ်းသာရမှာပါ။ ကိုရီးယားမှာ ရှိကြတဲ့ ကျွန်တော်တို့ နိုင်ငံသားတစ်ချို့ဟာ အိုကလဲ အိုမို့လို့ လက်မထောင်၊ တီကလဲ တီမို့လို့ လက်မထောင်နေကြတာပါ။ ဖတ်ရတာ တော်တော့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ့်က အသိဉာဏ်ရှိလို့ အသိဉာဏ်နည်းပါးသူတွေကို ဒီကောင်တွေက အသိဉာဏ်မရှိပါဘူးကွာလို့ တွေးပြီး ကိုယ်သိတယ်ဆိုပြီး တဖက်သား နားမခံသာအောင် လက်ညှိုးငေါက်ငေါက်ထိုးပြောပြီး ပြောစကား နားမထောင်တဲ့ကောင်၊ မင်းထိုက်နဲ့ မင်းကံ ခံ၊ သေပလေ့စေ..လို့ ကိုယ့်နိုင်ငံသား အချင်းချင်း ဥပေက္ခာပြုကြတော့မှာလား။ လူကြီးမင်းတို့ တဆိတ် စဉ်းစားကြပါ။ အသိဉာဏ်ဆိုတဲ့အရာမျိုးဟာ မိမိတစ်ဦးတစ်ယောက်တည်းအတွက် သုံးရတဲ့အရာမျိုး မဟုတ်ပါဘူး။ မိမိ၊ သူတပါးသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အသုံးချတဲ့သူမှ အသိဉာဏ်မြင့်မြတ်သူလို့ ဆိုနိုင်တာပါ။ ကိုယ့်အသိဉာဏ် ကိုယ့်ဖို့ကိုယ်သုံးမယ်ဆိုတဲ့သူဟာ အတ္တကြီးတဲ့ လောဘသမားပဲ ဖြစ်လာမှာပါ။

ကိုယ်ချစ်တဲ့ မိသားစု၊ ဆွေမျိုးပတ်ဝန်းကျင်၊ ကိုယ်ချစ်တဲ့ တိုင်းပြည်ကို ခွဲခွာပြီး သူများမြေ၊ သူများရေပေါ်မှာ သူများခိုင်းတဲ့အလုပ်ကို လုပ်ပြီး ကိုယ့်နိုင်ငံသားချင်း ဆရာကြီးလုပ်ပြီး ပျော်နေကြတော့မှာလားဗျာ။ ကျနော်တွေ့ဖူးတဲ့ အိုတော်တော်များများကလည်း သူသိသူတတ် ဆရာကြီးတွေများပါတယ်။ ကျနော်တွေ့ဖူးတဲ့ တီတော်တော်များများကလည်း တရားဝင်နေတာကွ၊ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့သူတွေ များပါတယ်။ အကြံပြုပါရစေ။ တကယ်တော်၊ တကယ်တတ်တယ်ဆိုရင် တစ်နေ့ မိမိကိုယ်တိုင် သူဌေးလုပ်ပြီး ကိုယ့်ကိုခိုင်းခဲ့တဲ့သူတွေကို ပြန်ခိုင်းနိုင်အောင် လုပ်ကြပါ။ ဒီလောက် စက်တွေကြားမှာ အန္တရာယ်အပြည့်နဲ့ အလုပ်လုပ်နေရတာကိုမှ ရှေ့လူတွေဆီက အတွေ့အကြုံ လက်ဆင့်ကမ်းယူရမှာ အောက်ကျတယ်ထင်ပြီး ကိုယ့်ကိုယ်ကို ဒုက္ခအရောက်ခံကြမယ်ဆိုရင်တော့ မပြောလိုတော့ပါ။ ရှေ့လူတွေကလည်း အတွေ့အကြုံမရှိလို့ မှားခဲ့တယ်၊ နောက်လူတွေကလည်း လက်ဆင့်ကမ်း ပညာယူရမှာ အောက်ကျတယ်ထင်လို့ ဆက်မှားနေမယ်ဆိုရင် ကိုရီးယားလူမျိုးတွေက မြန်မာဆိုရင် အသုံးမကျတဲ့လူမျိုးတွေပါလို့ ထင်ရုံပဲ ရှိတော့မှာပေါ့။

ကျနော် ဒီစာကို ရေးနေတဲ့အချိန်အထိ ကိုရီးယားလာပြီး အလုပ်လုပ်လို့ ကျိကျိတက် ချမ်းသာသွားတဲ့သူ မတွေ့ဖူးသေးပါဘူး။ ဒါပေမဲ့ နိုင်ငံခြားမှာ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး သင်ယူရရှိခဲ့တဲ့ အတွေးအခေါ်၊ အသိဉာဏ် ဗဟုသုတနဲ့ အတွေ့အကြုံတွေရယ်၊ ကိုယ့်နိုင်ငံက စီးပွားရေးအနေအထားတွေရယ် အံဝင်ဂွင်ကျဖြစ်အောင် အသုံးချတတ်သူတွေ သူဌေးကြီးတွေ ဖြစ်သွားတာတော့ မြင်ဖူးပါတယ်။ ကိုရီးယားကို ရောက်နေတဲ့အတွက် ကျနော်တို့က မြန်မာပြည်တွင်းမှာ ရှိနေကြရတဲ့သူတွေထက် ခေတ်တစ်ခေတ်ကို ကြိုပြီး မြင်နေရတာပဲ အမြတ်ရှိတာပါ။ အခုလက်ရှိ မြန်မာပြည်လို ကိုရီးယားလဲ တချိန်က ကြုံခဲ့ရဖူးပါတယ်။ အခြေအနေ နည်းနည်းပဲ ကွာတာပါ။ နိုင်ငံရေးအချက်အလက်တွေ သိချင်ရင် ကိုလူချစ်ရဲ့ ခေတ်ပြိုင်ကိုရီးယားသမိုင်းကို ဖတ်ကြည့်ပါ။ ကျနော်တို့ လက်ရှိကြုံတွေ့နေရတဲ့ မြန်မာပြည် အခြေအနေနဲ့ အခု ကိုရီးယားက တိုးတက်မှုကို နှိုင်းယှဉ်သုံးသပ်ကာ ခေတ်ကို ကြည့်မြင်ပြီး အကျိုးရှိရှိအသုံးချတတ်စေချင်ပါတယ်။

ကျနော် ဒီစာကို ရေးတာဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာ စော်ကားလိုတဲ့ စိတ်မျိုး အလျဉ်းမရှိပါဘူး။ ကိုယ့်နိုင်ငံသား အချင်းချင်း ဥပေက္ခာပြုဖို့အကြောင်း ဖတ်လိုက်ရလို့ စိတ်မကောင်းလို့ ရေးမိတာပါ။ သူသူအောင့်အပေါ်မှာလည်း ဘယ်လိုစိတ်မှ မရှိပါဘူး။ အားလုံးကို တောင်းဆိုပါရစေ…။ ကိုရီးယားမြေမှာ တစ်ရက်ဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ ဆယ်နှစ်ဖြစ်စေ၊ အနှစ်တရာဖြစ်စေ… ဘယ်လောက်ကြာအောင် နေနေပါစေ၊ ကိုရီးယားနိုင်ငံကနေ တန်ဖိုးရှိတဲ့ အနှစ်သာရတစ်ခုခုကို ကိုယ့်နိုင်ငံအတွက် သယ်ဆောင်မသွားနိုင်ဘူးဆိုရင်… … …။

No comments: