Saturday, March 20, 2010

ခြံစည်းရိုးများ












ခြံစည်းရိုးများ

တစ်စုံတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု
နယ်နမိတ်တွေအဖြစ်
ငါတို့အားလုံး မြေမြှုပ်ခံထားရတယ်

ပူပြင်းတဲ့နေရောင်အောက်မှာ
ရင်ဘတ်တွေ ဟင်းလင်းပွင့်ပြီး
လက်တွေ ချည်နှောင်ခံထားကြရ

ရှေ့မှာ လမ်းတွေရှိနေပေမယ့်
လမ်းမတွေ ခေါ်ဆောင်တဲ့ခရီးကို
ဘယ်တုန်းကမှ လိုက်ပါခွင့်မရခဲ့ကြ

ဆာလောင်မွတ်သိပ်လွန်းတဲ့အခါ
လမ်းမတွေပေါ် ပြေးထွက်ပြီး
ချိုမြိန်တဲ့အရာတွေကို ငါတို့ရှာဖွေစားသောက်မိကြတယ်

အဲဒီအခါ
သူတို့ရဲ့လုံခြုံမှုမှာ ကွက်လပ်တွေဖြစ်လာမှာ
သူတို့ ကြောက်ရွံ့ကြတယ်
ဒါကြောင့်၊ ဘုရားသခင် အပြစ်ပေးခံရသလို
ငါတို့ ခန္ဓာကိုယ်ပေါ် သံချောင်းတွေထိုးစိုက်ခံထားရတယ်
ခုချိန်ထိ မလွတ်မြောက်နိုင်ကြသေး

ငါတို့ရဲ့ ညည်းညူသံတွေက
သန်းခေါင်ယံမှာ ခြောက်ခြားဖွယ်အတိ ပေါ်ထွက်လာ
အမှောင်ထုမှာ ပုန်းကွယ်နေသူ
ကျီး အ တွေတောင် ထိတ်လန့်စွာ ပြိုကွဲကြပေါ့

သိပ်သည်းတဲ့ အမှောင်ထုအောက်ကနေ
မနက်ခင်းနေရောင်ခြည်တွေ ရောက်ရှိလာမယ့်အချိန်ကို
ငါတို့ တိတ်ဆိတ်စွာ စောင့်မျှော်နေချိန်မှာ
ရမ္မက်ကြီးသူ သကောင့်သားကတော့
ဧည့်ခန်းဆောင်ထဲက ဆိုဖာပေါ် စိတ်အေးလက်အေး
စစ်ပွဲတခုကိုဖန်တီး အရသာခံနေလေရဲ့။


1 comment:

ဝင်းပေါ်မောင် said...

ခြံစည်းရိုးတွေက ငါတို့ နှလုံးသားထဲအထိ လာစိုက်
တချောင်းချင်း ဆွဲနုတ်လိုက်တိုင်း သွေးတပွက်ပွက်