နှစ်စဉ် ကျင်းပနေမြဲ ဖြစ်သည့် ဗုဒ္ဓမွေးနေ့ မီးထွန်းပူဇော်ပွဲတော် (연등축제) ကို ၂၀၁၀ မေလ ၁၆ ရက်နေ့တွင် ဆိုးလ်မြို့တော်၌ မွန်းလွဲ ၃ နာရီမှ စတင်ကျင်းပမည် ဖြစ်ရာ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ တက်ရောက် ပါဝင် ပူဇော်ကြပါရန် မြန်မာအသင်း (ကိုရီးယား)က နှိုးဆော် ဖိတ်ကြားအပ်ပါသည်။
ကိုရီးယား ပြက္ခဒိန်အရ ဗုဒ္ဓဘုရားရှင် မွေးနေ့သည် မေလ ၂၁ ရက်နေ့တွင် ကျရောက်ပါသည်။ မေလ ၁၄ ရက်မှ ၂၁ ရက်နေ့အထိကို “ဗုဒ္ဓမွေးနေ့ (부처님오신날) ပူဇော်ပွဲ ရက်သတ္တပတ်” အဖြစ် သတ်မှတ်ပြီး ပြပွဲ, ဆုတောင်းပွဲ, ပူဇော်ပွဲ, ဟောပြောပွဲ, မီးထွန်းပွဲ, ကိုရီးယားနှင့် နိုင်ငံတကာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆိုင်ရာ ပွဲတော်များကို ဆိုးလ်နှင့် အခြားမြို့ကြီးများတွင် ပြုလုပ်ကျင်းပလျက် ရှိပါသည်။
ယင်းပွဲတော် အစီအစဉ်များအနက် ကိုရီးယားနှင့် ဗုဒ္ဓဘာသာနိုင်ငံများ ပါဝင်သည့် Buddhist Street Festival သို့မဟုတ် ဗုဒ္ဓမွေးနေ့ မီးထွန်းပူဇော်ပွဲတော် (연등축제) တွင် မြန်မာအသင်း (ကိုရီးယား)က မြန်မာနိုင်ငံ ကိုယ်စားပြုလျက် ပါဝင် ပူဇော်ခဲ့သည်မှာ ဆယ်ကြိမ်တိတိ ရှိခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင်လည်း “မြန်မာဟန် စေတီ” ပုံဖြင့် ပါဝင်ပူဇော်မည် ဖြစ်ပါသည်။
အဆိုပါ မီးထွန်းပူဇော်ပွဲသို့ ကိုရီးယားရောက် မြန်မာဗုဒ္ဓဘာသာဝင်များ တက်ရောက် ပါဝင်ကြပါရန် လေးစားစွာ ဖိတ်ကြား နှိုးဆော်အပ်ပါသည်။
နေရာ = ဆိုးလ်မြို့တော်၊ ဒုံဂူတက္ကသိုလ် (동구대학교) / 동대입구역ှ
အချိန် = မွန်းလွဲ ၃ နာရီမှ ည ၉ နာရီ
*** ပူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက်မှ မွန်းလွဲ ၁ နာရီ ကားထွက်ပါမည်။
*** မိမိအစီအစဉ်ဖြင့် လာရောက်သူများ ညနေ ၅ နာရီတွင် ယခင် ဒုံဒဲမွန်ဘောလုံးကွင်းဟောင်း ရှေ့သို့ ဖြစ်စေ၊ ၃ နာရီ မထိုးမီ ဒုံဂူတက္ကသိုလ်သို့ ဖြစ်စေ လာရောက် နိုင်ပါသည်။

ပွဲတော်နှင့် ပတ်သက်၍ အသေးစိတ် လေ့လာလိုပါက http://www.llf.or.kr/main.asp တွင် ကြည့်နိုင်ပါသည်။
No comments:
Post a Comment