Saturday, May 29, 2010

ဓမ္မဒူတ(ကိုရီးယား) တွင် ထာဝရငွေပဒေသာပင်အလှူ စိုက်ထူလှူဒါန်းကြမည်

ဆရာတော်အရှင်ဆေကိန္ဒ (ဓမ္မဒူတ)၏ ကိုရီးယားနိုင်ငံရောက် တပည့်များက ဆရာတော်၏ သြဝါဒကို ခံယူလျက် ၊ တောက်ကိုရီးယားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကား ပြန့်ပွါးရေး နှင့် မြန်မာ့ထေရဝါဒ သာသနာလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော အဆောက်အဦး တစ်ခုပေါ်ပေါက်လာရေးအတွက် ၊ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြရာ ၊ ကိုဝင်းနိုင်နှင့် မိတ်ဆွေများက ယခုလာမည့် ဇွန်လ ၆ ရက်(တနင်္ဂနွေ) နေ့တွင် ဒုတိယအကြိမ် ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ကျင်းပကြမည်ဖြစ်ကြောင်းသိရသည် ။
အခမ်းအနားကို နံနက် ၆ နာရီခွဲမှ နေ့လည် ၂ နာရီအထိ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ကြောင်းသိရသည်-
- နံနက် ၆နာရီခွဲ ၊ အရုဏ်ဆွမ်း ဆက်ကပ်ခြင်း (မြန်မာ့ မုန့်ဟင်းခါး)
- နေ့လည် ၁၁နာရီ ၁၅ မိနစ် ၊ နေ့ဆွမ်း ဆက်ကပ်ခြင်း နှင့် ဧည့်သည်တော်များအား အာဟာရဒါန လှူဒါန်းခြင်း (မြန်မာ့ထမင်းမြန်မာ့ဟင်း)
- မွန်းလွဲ ၁ နာရီ ၊ ငွေပဒေသာပင် လှူဒါန်းခြင်းနှင့် သာဓုအနုမောဒနာတရား (သာဓုအနုမောဒနာတရားကို ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒက ကချီးမြှင့်တော်မူမည်)
ပထမအကြိမ်ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ဂေါ်ဂျဲမြို့မှ မြန်မာလုပ်သားများက ဦးဆောင် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ၊ ယခု ဒုတိယအကြိမ် ငွေပဒေသာပင်စိုက်ထူ လှူဒါန်းပွဲကိုမူ မြန်မာအလုပ်သမားစစ်စစ် ကိုဝင်းနိုင် (စစ်ကိုင်း) နှင့် မိတ်ဆွေများက ဦးဆောင်လှူဒါန်းကြခြင်းဖြစ်ကြောင်း ၊ ဓမ္မဒူတ စင်တာ(ကိုရီးယား)ကို ၂၀၀၇ ခုနှစ်က စတင်ထူထောင်ခဲ့ကြောင်း ၊ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၏ ကိုရီးယား နိုင်ငံရောက် တပည့် ဒါယကာ ဒါယိကာမများ စုစည်းပြီး ဆရာတော် ၏ သြဝါဒကိုခံယူ ကာ အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း ၊ အဆိုပါ တပည့်များတွင် အလုပ်သမားများလည်း ပါရှိသလို လုပ်ငန်းရှင်အချို့လည်းပါရှိကြောင်း ၊ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဓမ္မဒူတ(ကိုရီးယား) ကြီးထွားလာမည်ကို မလိုလား မနှစ်သက်သူများက ဓမ္မဒူတစင်တာ(ကိုရီးယား) သည် အလုပ်သမားများနှင့် မသက်ဆိုင် အလုပ်သမားကျောင်းမဟုတ် ဟူသည့် သဘောဖြင့် သူဌေးကျောင်းဟူ၍ ရည်ရွယ်ချက်ရှိရှိဖြင့် သပ်လျှို ထိုးနှက် နောက်ပြောင် ခေါ်ဝေါ်လာကြရာမှ ၊ နှောင်းလူတို့က မူလဇစ်မြစ်ကိုမသိကြဘဲ သူဌေးကျောင်း ၊ စကားဝါကျောင်း ဟု အမှတ်တမဲ့ ခေါ်ဝေါ်နေကြသည်များလည်း ရှိကြောင်း သိရသည် ။

No comments: