Tuesday, May 18, 2010

ရင်ဖွင့်သံများကို ကြားချင်ပါတယ်

ရေးသားသူ — ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနမင်္ဂလာပါ
ကိုရီးယားနိုင်ငံအတွင်းနေထိုင်ကြသော မြန်မာနိုင်ငံသားအပေါင်းတို့

ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန MWTV(Migrant Worker Television)မှ နှုတ်ခွန်းဆက်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ကစပြီး မိမိမိသားစု၊ မိမိဘ၀ရှေ့ရေးအတွက် ကိုရီးယားနိုင်ငံအတွင်းသို့ ၀င်ရောက်လာပြီး
အလုပ်လုပ်ကိုင် နေထိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများ အရေအတွက်ဟာ အခုဆိုရင် ၁.၂သန်းခန့် ရှိပြီ ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံ လူဦးရေရဲ့ ၂ရာခိုင်နှုန်းကို နေရာယူထားတဲ့ အခုလို ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် များပြားလာသလို နေထိုင်နေကြသူတွေရဲ့ အမျိုးအစားကလည်း စုံလင်လှပါတယ်။
ရွှေ့ပြောင်းအလုပ်သမား၊ အိမ်ထောင်သည် ရွှေ့ပြောင်းသူများ၊ ရွှေ့ပြောင်းသူကလေးငယ်များ၊ ခိုလှုံခွင့်ဖြင့် နေထိုင်သူများ၊ ကိုရီးယားနွယ်ဝင် တရုတ်လူမျိုးများ အပါအ၀င် အခြား ပုံစံအမျိုးမျိုးနှင့် လာရောက် နေထိုင်သူများ စသည်ဖြင့်ရှိကြပါတယ်။
အခုလို ကိုရီးယားတွင်း ရွှေ့ပြောင်းနေထိုင်သူများ များပြားလာသော်လည်း ကိုရီးယားအစိုးရအနေဖြင့် ရွှေ့ပြောင်းသူတို့အတွက် ကိုရီးယားတွင်း နေထိုင်ရာတွင် အဆင်ပြေစေမည့် သင့်တင့်မျှတသော ဥပဒေကို ပြဌာန်းပေးသည်များကတော့ အလွန်ပဲ နှေးကွေးလွန်းလှ၊ လက်တွေ့နဲ့ အလှမ်းဝေးကွာလွန်းလှပါတယ်။ ဒါကြောင့်လည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နေထိုင်နေကြသူတွေမှာ ပုံစံအမျိုးမျိုးနဲ့ အခက်အခဲတွေ တွေ့ကြုံနေကြရပါတယ်။

ဒီလို အခက်အခဲတွေကို ဖြေရှင်းဖို့ရန် ကာယကံရှင်ဖြစ်သူတွေရဲ့ လတ်ဆတ်တဲ့ ရင်ဖွင့်သံတွေ၊ တောင်းဆို သံတွေက အထူး လိုအပ်နေပါတယ်။
အဲဒီလို အသံတွေက မှန်ကန်တဲ့ သင့်တော်တဲ့ ဥပဒေတွေကို ချမှတ်နိုင်ဖို့ရန် အထောက်အပံ့ ဖြစ်စေရုံ သာမက လက်တွေ့နဲ့ အလှမ်းဝေးတဲ့ ဥပဒေတွေ ချမှတ်တာကို တားဆီးနိုင်ဖို့ရန်လည်း အရေးပါလှပါတယ်။
မိမိမှာ ပြသနာဖြစ်လာမှ နီးစပ်ရာကို အကူအညီတွေတောင်းပြီး ဖြေရှင်းနေတဲ့ နည်းလမ်းထက် ရှေ့ကိုလည်း ဒီလိုပြသနာတွေ မဖြစ်ပွားရအောင် တားဆီးနိုင်ဖို့ ၀ိုင်းဝန်းကြိုးပမ်းကြတဲ့ နည်းလမ်းက ပိုမိုသင့်တော်မယ်လို့ ယူဆပါတယ်။
မိမိသို့မဟုတ် တပါးသူမှာဖြစ်နေတဲ့ပြသနာများ၊ အခက်အခဲများ ပြေလည်အောင်၊ ပိုမိုမကြီးထွားလာရန် အတွက် ပြသနာများကို မိမိတို့ နီးစပ်ရာ အသိုင်းအ၀န်းတွင်းတွင်သာ ဖြေရှင်းရန်ကြိုးစားကြခြင်း မဟုတ်ပဲ ကိုရီးယားလူထု အသိုင်းအ၀န်းတွင် သာမက ကိုရီးယားနိုင်ငံတွင်းရှိ ဘ၀တူ အခြားသော နိုင်ငံသားများပါ သိရှိစေပြီး အားလုံးဝိုင်းဝန်း ဖြေရှင်းနိုင်မည့် နည်းလမ်းအား အကောင်အထည်ဖော်ရန် အထူး လိုအပ်ပါတယ်။
ကျနော်တို့ အသံလွှင့်ဌာနအနေနဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားများရဲ့ အခက်အခဲ သာမက ဘ၀တူ အားလုံးသောရွှေ့ပြောင်းသူတို့ရဲ့ အခက်အခဲများကို အများသိရှိရန် မီဒီယာမှတဆင့် ဖြန့်ဖြူးပေးခြင်း၊ ထိုမှတဆင့် အဖွဲ့အစည်းများဖြင့် ၀ိုင်းဝန်းဖြေရှင်းရန် ကြိုးစားအားထုတ်ခြင်းများအား ပြုလုပ်နေပါတယ်။
ကျနော်တို့အတွက် အထူး လိုအပ်နေတာကတော့ မြန်မာနိုင်ငံသားများရဲ့ အင်တိုက်အားတိုက် ၀ိုင်းဝန်း လှုပ်ရှားမှုပဲဖြစ်ပါတယ်။
လုပ်ငန်းခွင်တွင်း ပြသနာများ၊ အလုပ်သမားအခွင့်အရေး ပြသနာများ၊ လက်တွေ့နဲ့ မကိုက်ညီတဲ့ လက်ရှိ အလုပ်သမား ဥပဒေများ၊ ခိုလှုံသူများ တွေ့ကြုံနေကြရတဲ့ အခက်အခဲများ၊ ကလေးသူငယ်တို့ရဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ လိုအပ်ချက်များကို ကျနော်တို့ အသံလွှင့်ဌာန အီးမေးလ် သို့မဟုတ် ဖုန်းနံပတ်သို့ ဆက်သွယ်ပြီး သတင်းပေးပြီး အတူတကွ ဖြေရှင်းရန် နည်းလမ်းကောင်းကို ၀ိုင်းဝန်း ရှာဖွေခြင်းဖြင့် ကိုရီးယားရောက် မိမိနှင့် သူတပါး အဆင်ပြေစွာ နေထိုင်နိုင်ရေးအား အတူတကွ ၀ိုင်းဝန်းကြိုးပမ်းကြရန် အလေးအနက် နှိုးဆော်အပ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန MWTV
www.mwtv.kr
e-mail: mwtv@daum.net
ph: 02 776 0416
fax: 02 776 0455

No comments: