ဗီဇာတိုးမရပါ
ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီကို ယုံမှတ်၍ ပုံအပ်မိခဲ့သူ မြန်မာအီးနိုင်း(E-9) အလုပ်သမားတစ်ဦး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနက ဗီဇာသက်တမ်း တိုးပေးရန် ငြင်းဆန်နေသဖြင့် ဒုက္ခရောက်နေကြောင်း သိရသည် ။
ခေတ်မီသူတိုင်း ပွဲစားဖြင့်အလုပ်ရှာကြသည်
ဖြစ်စဉ်မှာ ၊ အဆိုပါ မြန်မာအီးနိုင်းအလုပ်သမားသည် မူလအလုပ်ရုံမှ အလုပ်ပြောင်းရွှေ့ရာတွင် မိမိအစီအစဉ်ဖြင့် အလုပ်သစ်ရှာဖွေရန် အခက်အခဲရှိသဖြင့် ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီတစ်ခုကို ပွဲစားခပေး၍ အလုပ်သစ်ရှာခဲ့သည်ဟုဆိုသည် ။
အလုပ်ပွဲစားကုမ္ပဏီက ရှာဖွေပေးသည့် အလုပ်ရှင်သစ်နှင့် အလုပ်စာချုပ်ချုပ်ခဲ့ပြီး ၊ အလုပ်ရှင်သစ်ကလည်း အလုပ်ရုံတစ်ခုတွင် အလုပ်ခိုင်းစေခဲ့သည်ဟုဆိုသည် ။ ဗီဇာ သက်တမ်းကုန်ဆုံးချိန် ဗီဇာသက်တမ်းတိုးရန် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်ခဲ့ရာ ၊ ၄င်းချုပ်ဆိုခဲ့သော အလုပ်စာချုပ်မှာ တရားမဝင်ဟုဆိုကာ ဗီဇာသက်တမ်းတိုးပေးရန် ငြင်းဆန်ခြင်းခံနေရသည်ဟု ဆိုပါသည် ။
၎င်း မြန်မာအီးနိုင်းကိုကို လက်ရှိအလုပ်ဆင်းနေရသည့် အလုပ်ရှင်ကမူ ဗီဇာကိစ္စမှာ သူနှင့်မဆိုင်ဟုဆိုကာ ဗီဇာကိစ္စကို ငြင်းဆန်နေပြီး ၊ မူလ စာချုပ်ချုပ်ခဲ့သော အလုပ်ရှင်မှာ နိုင်ငံခြားသားအလုပ်သမားငှားရမ်းသုံးစွဲခွင့် မရှိသူဖြစ်နေကြောင်း ၊ ၄င်းအလုပ်လုပ်နေသော အလုပ်ရှင်ထံသို့ ပွဲစားခအဖြစ် လုပ်ခ၏ ၃ ရာခိုင်နှုန်း ဖြင့် သဘောတူ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည် ။
စည်းမျဉ်းလိုက်နာ ဘေးကင်းကွာ
အီးနိုင်းလုပ်သမားများအနေဖြင့် ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီများဖြင့် အလုပ်ရှာဖွေခြင်းမှာ ပြဿနာမဟုတ်သော်လည်း ၊ အောက်ပါလုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာလုပ်ဆောင်ရန် လိုအပ်ကြောင်းသိရသည် -
- အလုပ်စာချုပ်ကို သက်ဆိုင်ရာ အလုပ်သမားရုံးမှာ အမြန်ဆုံး မှတ်ပုံတင်ရပါမည် ။ // သို့မှသာ မိမိစာချုပ်ခဲ့သော အလုပ်ရှင်သည် အီးနိုင်းစနစ်က ခွင့်ပြုထားသော လုပ်ငန်းအမျိုးအစား ဟုတ်မဟုတ် ၊ အလုပ်ရှင်မှာ တရားဝင်မှတ်ပုံတင်ထားသော (လုပ်ငန်းလိုင်စင် သက်တမ်းရှိသေး သော) လုပ်ငန်းရှင် ဟုတ်မဟုတ်သိရပါမည် ။ မိမိအား (စာချုပ်) ငှားရမ်း ထားသော အလုပ်ရှင်သည် စာချုပ်တွင်ဖော်ပြထားသည့် လုပ်ငန်းတွင် တိုက်ရိုက်ခိုင်းစေရပါမည် ။ အခြားအလုပ်ရှင်တစ်ဦးဦး သို့မဟုတ် အခြားလုပ်ငန်းခွင်သို့ လွှဲပြောင်းခိုင်းစေခွင့်မရှိပါ ။ နိုင်ငံခြားသား အလုပ်သမား ငှားရမ်းခွင့်မရှိသူက အလုပ်သမားများငှားရမ်းကာ အခြားလုပ်ငန်းရှင်ထံ တစ်ဆင့် လွဲပြောင်းငှားရမ်းပြီး လုပ်အားခ ခေါင်းပုံဖြတ်ယူခြင်းစနစ်ကို တားမြစ်ထားပါသည်။ //
- အလုပ်သစ်ရသည်နှင့် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနသို့ (၁၄) ရက်အတွင်း အကြောင်းကြားပြီး ၊ အချက်အလက်များပြောင်းလဲခြင်း မှတ်ပုံတင်ရပါမည် ။ // လဝကဌာနသည် ဗီဇာသက်တမ်းတိုးရန်ကိစ္စ တစ်ခုတည်းကို သာ ဆောင်ရွက်ပေးသည် မဟုတ်ပါ ။ လိပ်စာ အပါအဝင် ကိုယ်ရေးအချက်အလက် တစ်ခုခု အပြောင်းအလဲ ဖြစ်တိုင်း သက်ဆိုင်ရာ လဝကဌာနသို့ သတင်းပို့ရန် ဥပဒေအရ တာဝန်ရှိနေပါသည် ။ //
မြန်မာမှန်လျင် မေတ္တာဖြင့် အလုပ်ရှာပေးကြသည်
၁၉၉၆ ခုနှစ်မတိုင်မှီက ၊ ကိုရီးယားနိုင်ငံတွင် မြန်မာအချင်းချင်း အလုပ်ပွဲစားခယူ၍ အလုပ်ရှာ ဖွေပေးသည့် စနစ်ရှိခဲ့သော်လည်း ၊ ၄င်း နောက်ပိုင်းတွင် မြန်မာအချင်းချင်းအလုပ်ပွဲစားခယူ၍ အလုပ်ရှာပေးသည့် စနစ်ကို တိုက်ဖျက်သူများပေါ်လာချိန်မှ စပြီး ၊ အလုပ်ပွဲစားခစနစ်ပျက်သွားခဲ့ကြောင်း ၊ ယခုအခါ ကိုရီးယားနိုင်ငံအတွင်း မြန်မာအချင်းချင်း (အခမဲ့) မေတ္တာဖြင့် အလုပ်သွင်းပေးကြသည့် စနစ်ထွန်းကားနေသည်မှာ ၊ ဝမ်းမြောက် ဖွယ်ရာ ဖြစ်ကြောင်း ၊ ကမ္ဘာပေါ်တွင် ကိုးရီးယားနိုင်ငံ၌သာ ထိုစနစ်ရှိနေသည်မှာ ကိုရီးယားနိုင်ငံ ရောက်မြန်မာများ ဂုဏ်ယူဖွယ်ရာဖြစ်သည်ဟု ဆိုသည် ။
သူတို့မသိကြပါ
ကိုရီးယားတွင် အလုပ်ရှာပေးသည့် တရားဝင် အေဂျင်စီအမြောက်အများရှိသော်လည်း ၊ အများစုမှာ နိုင်ငံခြားသား အလုပ်သမားများနှင့် သက်ဆိုင်သည့် E-6, E-7, E-8, E-9, E-10 နှင့် H-1ဆိုင်ရာ လုပ်နည်းလုပ်ဟန်များကို ဂဃနဏ မသိကြသည်ကများကြောင်း ၊ အလုပ်ရှာဖွေရေး အေဂျင်စီများမှာ ပြည်တွင်းအလုပ်သမားများနှင့် တရားမဝင်အလုပ်သမားများ အလုပ်ရှာဖွေရေးအတွက်သာ သင့်တော်ကြောင်း သိရသည် ။
မှတ်ချက် ။ အထက်ပါ သတင်းအချက်အလက် အသေးစိတ် သိလိုသူများ 011-291-9542 ထံ ဆက်သွယ်ကြစေလိုပါသည် ။
Monday, June 21, 2010
ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီယုံမှတ်၍ ပုံအပ်မိသူ အီးနိုင်းကိုကို ဒုက္ခရောက်သွားပြန်ပြီ
Labels:
အလုပ်ခွင်ရေးရာ,
ဥပဒေနှင့်စည်းကမ်း,
ဆောင်းပါး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment