မှတ်တမ်းဓာတ်ပုံ ကြည့်ရန်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅ နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ အခမ်းအနားကို ကိုရီးယားနိုင်ငံ ပူချွန်းမြို့တွင် ယနေ့ နေ့လယ်ပိုင်းက ကျင်းပပါသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် မိမိတို့၏ လေးစား ချစ်ခင်မြတ်နိုးမှုကို ထုတ်ဖော်ပြသနိုင်ရန်နှင့် မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရခြင်းမှ အမြန်ဆုံး လွတ်မြောက်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလျက် ပြည်သူလူထု အကျိုးစီးပွားအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်စေရန် အလို့ငှာ စုပေါင်း၍ ဆုတောင်း မေတ္တာပို့သသည့် အဆိုပါ အခမ်းအနားသို့ မြန်မာ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းများနှင့် ကိုရီးယား အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ, မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများ စုံညီစွာ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ဥက္ကဋ္ဌ ဦးနေထွန်းနိုင်က အဖွင့်စကား ပြောကြားပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်များကို ဒေါ်နှင်းနှင်းငယ်က ဖတ်ကြား တင်ဆက်ပါသည်။
ဆက်လက်၍ ကိုရီးယား ၀ါရင့်နိုင်ငံရေးသမားကြီး ယိဟဲဒုန်, သမ္မတ ကင်ဒေဂျုန်၏ အတွင်းရေးမှူးဟောင်း ချွဲဟွန်ဂယောင်, ပူချွန်း နိုင်ငံခြားသား အလုပ်သမား ရိပ်သာ ညွှန်ကြားရေးမှူး ဘက်စွန်ဂီလ်, ဒုက္ခသည် အခွင့်အရေး ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ချွဲဟွန်ဂုန်, မြန်မာပြည်ကို ချစ်သော ကဗျာဆရာများအဖွဲ့ ဒုဥက္ကဋ္ဌ ဘတ်မုန်ဂု, မြန်မာ့ဒီမိုကရေစီ ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ယူဂျုန်ဆု တို့က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစကား အသီးသီး ပြောကြားကြပါသည်။
ထို့နောက် လွှတ်တော်အမတ် ဂွမ်ယောင်ဂီလ်၏ ဂုဏ်ပြုသ၀ဏ်လွှာကို ဦးမောင်ဇော်က လည်းကောင်း၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပေးပို့သော သ၀ဏ်လွှာကို ဦးသက်နိုင်က လည်းကောင်း ဖတ်ကြားပြီး အခမ်းအနား ပထမပိုင်း အစီအစဉ်များကို ရပ်နားပါသည်။
ဒုတိယပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းဂုဏ်ပြုသည့် တေးသီချင်းများကို Yမြစ်ချို, လုံးလုံး, ကိုစိုင်း, စိုးမိုးသူ တို့က သီဆိုဖျော်ဖြေကြပြီး၊ ကိုရီးယား ဂလိုဘယ်အဖွဲ့က ရိုးရာအတီးအကများဖြင့် တင်ဆက် ကြပါသည်။ ထို့နောက် ရွှေအိုးစည်နှင့် ညီအကိုမောင်နှမများ စုပေါင်းတင်ဆက်သည့် “တို့မမေ့” ပြဇာတ်ကို တင်ဆက်ရာ ပရိသတ် လက်ခုပ်သံ အပြည့်ဖြင့် အားပေးခံခဲ့ရပါသည်။
အခမ်းအနား နောက်ဆုံး အစီအစဉ် အဖြစ် တက်ရောက်သူ ပရိသတ်အားလုံးက ဒေါ်အောင်ဆန်းစုကြည် အတွက် ငြိမ်သက်ငြိမ်းချမ်းစွာ ဆုတောင်းပြီး၊ ကျင်းပရေးကော်မတီ၏ ဆုတောင်းသ၀ဏ်လွှာကို ဦးဘိုဘိုက ဖတ်ကြားပါသည်။ ထို့နောက် မွေးနေ့ကိတ်လှီး၍ “မြန်မာနိုင်ငံ ငြိမ်းချမ်းပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ” ကြွေးကြော်သံများ ကျူးရင့်၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။
ဇွန် ၁၉ ရက်နေ့က မွေးနေ့အလှူအဖြစ် ဆော့ဂွမ်ဆာ ဆရာတော် လင်ရောင်ဒန် နှင့် မြန်မာ ဆရာတော်များအား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၂ နှစ်ကျော်အတွင်း ၁၄ ကျော်မျှ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပါသည်။ ဒေါ်စု အသက် ၆၀ ပြည့်နှစ်မှ စ၍ မွေးနေ့ကျရောက်တိုင်း မြန်မာနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အားလုံးက မွေးနေ့ဆုတောင်းပွဲ အထိမ်းအမှတ်ပွဲများကို မွေးနေ့ရှင် မပါဘဲ ကျင်းပခဲ့ကြပါသည်။
ကိုရီးယားရောက် မြန်မာနိုင်ငံသားများကလည်း ၆၀ ပြည့်နှစ်မှ စ၍ နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုနှစ်တိုင် ဖြစ်ပါသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားကို ကိုရီးယားအခြေစိုက် အဖွဲ့အစည်းများ ဖြစ်သည့် -
၁။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ကိုရီးယားဌာနခွဲ)
၂။ မြန်မာအသင်း (ကိုရီးယား)
၃။ ဘားမားအက်ရှင် (ကိုရီးယား)
၎။ ကရင်လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)
၅။ ထောင်စုပြတင်းဂျာနယ်
၆။ ကင်ပိုလူငယ်များ အဖွဲ့
၇။ မြန်မာနိုင်ငံ အမျိုးသားလှုပ်ရှားမှု မြှင့်တင်ရေး ကော်မတီ (ကိုရီးယား)
၈။ မြန်မာကလေးသူငယ် ပညာရေးထောက်ပံ့မှု အစီအစဉ်
၉။ ညီညွတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)
၁၀။ မှော်ဝန်းသားများအဖွဲ့
၁၁။ ဂွမ်ဂျူး မြန်မာလူမှုရေးအသင်း
၁၂။ အန်ဆန်း-ရှီဝါ မြန်မာလူငယ်များ အသင်း နှင့်
၁၃။ တသီးပုဂ္ဂလ မြန်မာနိုင်ငံသားများက စုပေါင်း ကျင်းပခြင်း ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပရေးကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား
၂၀၁၀ ဇွန် ၂၀
Tuesday, June 22, 2010
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲ ကိုရီးယားတွင် ကျင်းပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment