Friday, June 25, 2010

ကိုရီးယားနိုင်ငံတွင် ခိုလှုံခွင့်လျှောက်ထားသူများအား နည်းလမ်း ၂ သွယ်ဖြင့် ထောက်ပံ့မည်

လွန်ခဲ့သော ဇွန်လ ၁၆ ရက်နေ့က ၊ ဆောအူးလ်မြို့တော်-ဆောချိုခရိုင်ရှိ ရှေ့နေများဗိမာန် (변호사회관) တွင် ‘ခိုလှုံသူများ လက်ခံရေးနှင့် အခွင့်အရေး’ ဟူသော ခေါင်းစဉ်ဖြင့် လူထုဆွေးနွေးပွဲကို ကျင်းပခဲ့ကြကြောင်း ၊ အခမ်းအနားသို့ ကိုရီးယား နိုင်ငံ ရှေ့နေများအသင်း ၊ တရားရေးဝန်ကြီးဌာန ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး နှင့် သက်ဆိုင်ရာ လူထုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည် ။

တရားရေးဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာ အင်ချောန်လေဆိပ်ရှိရာ ယောင်ဂျုံကျွန်း (영종도) တွင် ဒုက္ခသည်စခန်းကို ဆောက်လုပ်နေကြောင်း ၊ ကိုရီးယားသို့ ဝင်ရောက်လာပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ခိုလှုံခွင့် လျှောက်ထားသူများသည် ခိုလှုံခွင့် လျှောက်ထားစဉ် ၃လ အတွင်း ဆင်တာ၏ ထောက်ပံ့မှုကိုရရှိစေမှာဖြစ်ကြောင်း ၊ ရက် ၉၀ နောက်ပိုင်းတွင်မူ ခိုလှုံခွင့် လျှောက်ထားသူ သို့မဟုတ် ခိုလှုံခွင့် ငြင်းပယ်ခံရသူတို့သည် ဒေသဆိုင်ရာ လူမှုဖူလုံရေးကွန်ယက်များမှ တစ်ဆင့် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည် ။
တရားရေးဝန်ကြီးဌာန ၊ ခိုလှုံသူများဆိုင်ရာ ဌာနမှူး ကင်ဂျဲနမ်က “ ဒုက္ခသည် စခန်းမှတစ်ဆင့် ဆိုတာကတော့ ကနဦး ထောက်ပံ့မှုပါ ။ ကျန်တာတွေကတော့ လူမှုသက်သာချောင်ချိရေး ကွန်ယက် နှင့် လူမှုဖူလုံရေး အစီအစဉ်တို့မှ ထောက်က်ပံ့ပါမယ် ။ ဒီ လမ်းကြောင်း ၂-မျိုးနဲ့ ထောက်က်ပံ့သွားမှာပါ ” ဟု ပြောသည် ။

လူထုအဖွဲ့စည်းများကတော့ ၊ အစိုးရရဲ့ ဒုက္ခသည်စခန်းအစီအစဉ်ဟာ ဒုက္ခသည်များကို တစ်စုတစ်စည်းတည်း အုပ်ချုပ်နိုင်အောင် မျှော်မှန်းပြီး လုပ်နေတာလို့ ဝေဖန်လိုက်ပြီး ၊ စနစ်အရ လိုအပ်တာတွေကို အစိုးရက ထောက်ပံ့ပြီး ၊ ဝန်ဆောင်မှုကိုတော့ လူထုအဖွဲ့စည်းများကို တာဝန်အပ်နှံ ဆောင်ရွက်ခွင့်ပေးသည့် ပုံစံကို အဆိုပြုသွားကြောင်း ၊ ထို့ပြင် အထူးဒေသမှာ ထောက်ပံ့ရေးဆင်တာကို ထားရှိမည့် စုစည်းမှုပုံသဏ္ဍန်အခြေပြု ယန္တရားထက် ဒုက္ခသည်များ အခြေချနေထိုင်လိုတဲ့ ဒေသကို ဗဟိုပြုပြီး ထောက်ပံ့ရေးဆင်တာကို လုပ်ပေးတဲ့ အသေးစား ယန္တရားပုံစံများက ပိုမိုအကျိုးရှိပြီး သက်သာမှုရစေမည်ဟု ယူဆကြောင်း သဘောထား မှတ်ချက် ပေးသွားကြောင်း သိရသည် ။

လူထုဆွေးနွေးပွဲကို ၃-နာရီကျော်ကြာ ကျင်းပခဲ့ပြီး ၊ ပါဝင်ဆွေးနွေးကြသူများက သဘောထား အမြင်များ စုံလင်စွာ တင်ပြနိုင်ခဲ့ကြကြောင်း ၊ အခြားသော ကိစ္စများထက် ဒုက္ခသည်များ၏ အနေအထား ကို အများဆုံး ထင်ဟပ်ပေါ်လွင်စေသည့် ပေါ်လစီ ထူထောင်ရေး အစပျိုးနိုင်ခဲ့ကြောင်း သိရသည် ။

“ ဒုက္ခသည် အဆင့်အတန်းသတ်မှတ်ခြင်းဆိုင်ရာ ကုလသမ၈္ဂ သဘောတူစာချုပ်” အရဆိုလျင် ၊ ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ၊ ဘာသာရေး ၊ နိုင်ငံသားဖြစ်မှု ၊ နိုင်ငံရေး သဘောထား အမြင် တို့ကြောင့် ငြင်းပမ်းနှိပ်စက်ခံရဖွယ် စိုးရိမ်စရာရှိသောကြောင့် မိခင်နိုင်ငံတွင် နေထိုင်၍ မရသော သူများကို ဆိုလိုခြင်း ဖြစ်ကြောင်း သိရသည် ။
တရားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ ၊ ၁၉၉၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၊ ကိုရီးယားနိုင်ငံတွင် ခိုလှုံခွင့် လျှောက်ထားသူ စုစုပေါင်း ၂ထောင် ၄ ရာ ၉၂ ဦးရှိခဲ့ပြီး ၊ ၁၇၅ ဦးကို အသိအမှတ်ပြုခဲ့ကြောင်း ၊ ၁ထောင် ၄ရာ ၉ ဦးကိုမူ ငြင်းပယ်ပြီးဖြစ်ကြောင်း ၊ အထူးသဖြင့် လွန်ခဲ့သောနှစ်က ၊ ၉၉၄ ဦး ငြင်းပယ်ခဲ့သဖြင့် ၂၀၀၈ ခုနှစ်ကထက် ၁၂ ဆ ခန့်များကြောင်း သိရသည် ။
ကိုရီးယားနိုင်ငံသည် ၁၉၉၂ခုနှစ်က ၊ ကုလသမ၈္ဂ ဒုက္ခသည်များ ဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၊ ၁၉၉၄ခုနှစ်မှစတင်၍ ခိုလှုံခွင့် လျှောက်ထားခြင်းကို လက်ခံခဲ့သော်လည်း ၊ ခိုလှုံသူများ စောင့်ရှောက်ခြင်း ဆိုင်ရာ စံနှုန်းများမှာ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် နှိုင်းယှဉ်လျင် များစွာ နိမ့်ကျနေသေးကြောင်း သိရသည် ။

ကိုရီးယားအစိုးရသည် ဖျမ်းမျှနှုန်း ခိုလှုံခွင့် လျှောက်ထားသူ ၁ သန်း မှာ ၂ ယောက် နှုန်းသာ အသိအမှတ်ပြုနေသည့် အတွက် ၊ စီးပွါးရေးဖွဲ့ဖြိုးပြီးနိုင်ငံများက ဖျမ်းမျှလက်ခံနေကြသည့် လူ ၁ထောင်လျင် ၂ ယောင်နှုန်းထက် များစွာ နိမ့်ကျနေသည်ဟု ဆိုပါသည် ။

ခိုလှုံခွင့် လျှောက်ထားသူများ အင်တာဗျူးကို လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေက တာဝန်ခံပြီးလုပ်နေခြင်းဖြစ်ကြောင်း ၊ ဆဲဆိုတာတွေ အထင်အမြင်သေးတာတွေကို ခိုလှုံခွင့် လျှောက်ထားတဲ့သူများ ခံနေရသည်မှာ လက်ရှိ ခိုလှုံခွင့်လျှောက်ထားသူများဆိုင်ရာ လုပ်နည်းစနစ်ဖြစ်နေသည်ဟု ဆိုသည် ။

လွန်ခဲ့သော ဧပြီလ ၂၉ ရက်နေ့က ၊ တရားရေးဝန်ကြီးဌာနသည် ခိုလှုံခွင့် လျှောက်ထားသူ ၁၁၄ ဦးကို ၂ နာရီအတွင်း စစ်မေးခဲ့ကြောင်း ၊ ၁ယောက် ၁မိနစ်နှုန်း စစ်မေးခဲ့သည့် သဘောဖြစ်ကြောင်း ၊ ကတိုက်ကရိုက် စစ်ဆေးခဲ့သည် ဆိုပြီး အကြီးအကျယ်ဝေဖန်ခံနေရကြောင်း သိရသည် ။

အချို့သော သူများမှာ ခိုလှုံခွင့် လျှောက်ထားပြီး ၅ နှစ်ကြာသည့်တိုင် အဖြေမထွက်သေးဘဲ ရှိနေသော်လည်း ၊ အချို့သော လျှောက်ထားသူတွေမှာတော့ အလွန်မြန် ဆန်လွန်းတဲ့ နှုန်းတွေနှင့် စစ်ဆေးနေသဖြင့် ကိုရီးယားအစိုးရ၏ ခိုလှုံသူဆိုင်ရာ လုပ်ပုံလုပ်နည်းတွေကို နားလည်ဖို့ ခက်နေကြကြောင်း ၊ ခိုလှုံခွင့်လျှောက်ထားသူများမှာ များသောအားဖြင့် စိတ်ဒုက္ခရောက်ကြရကြောင်း ၊ အထူးသဖြင့် အင်တာဗျူးထိုင်တဲ့အချိန် တရားခံတွေလို အစစ်ခံကြရကြောင်း ၊ စုံစမ်းစစ်မေးတဲ့ပုံစံနှင့် စစ်မေးကြခြင်းဖြစ်ကြောင်း ၊ အချို့ဆိုရင် ဒုက္ခသည် မဟုတ်ပါဘူးလို့ ဝန်ခံခိုင်းတာတွေတောင် ရှိနေသည်ဟု ဆိုပါသည် ။

အင်္ဂလန်နိုင်ငံတွင်မူ ခိုလှုံခွင့် လျှောက်သူများ အတွက် နိုင်ငံအလိုက် စကားပြန် စီစဉ်ပေးကြောင်း ၊ လျှောက်ထားစဉ် ကာလအတွင်း နေစရာ ၊ ပညာရေး ၊ ဆေးဝါး ၊ စားစရိတ်စသည့် လူမှုရေးအရ လိုအပ်တာတွေကို အခမဲ့ထောက်ပံ့ထားကြောင်း ၊ ထို့ပြင် ဒေသတွင်းရှိ နိုင်ငံခြားသား ထောက်ပံ့ရေးဌာနကလည်း ခိုလှုံခွင့် လျှောက်ထားရာမှာ လိုအပ်သည့် ကိစ္စများကို အကူအညီပေးကြောင်း ၊ အင်တာဗျူး ၃ ကြိမ်စစ်မေးခံရပြီး ၊ ၃လမှ ၆လအတွင်း အဖြေ ထွက်လာကြောင်း ၊ ခိုလှုံခွင့်ရသူ အခြေအနေမှာ အမြဲတမ်း နေလို့ရတာနှင့် ၊ ၅နှစ်အထိ နေလို့ရတာ ၂မျိုး ရှိကြောင်း ၊ ၅ နှစ်အထိနေလို့ရသည့် အခြေအနေတွင် ၅နှစ်ပြည့်သည်နှင့် နိုင်ငံရဲ့အခြေအနေအရ သက်တမ်းတိုး၍ရသလို အမြဲတမ်း နေထိုင်ခွင့်လျှောက်ထားလျင်လည်း ရကြောင်း သိရသည် ။

ခိုလှုံသူအဖြစ် အသိအမှတ်ပြုခံရလျင် ၊ အင်္ဂလန်နိုင်ငံသား များနှင့် တန်းတူ အခွင့်အရေးရကြောင်း ၊ ပညာရေး ၊ ဆေးဝါး စရိတ်အခမဲ့ ရသည့် အပြင် ၊ အငြိမ်းစားလစာနှင့် အလုပ်လက်မဲ့ ထောက်ပံ့ကြေးများလည်း ခံစားခွင့် ရှိကြောင်း ၊ ပညာရေးစရိတ် ၊ ကျန်းမာရေးစရိတ် ၊ ခလေးပြုစု စောင့်ရှောက်မှု စရိတ်စတာတွေ ထောက်ပံ့ကြောင်း ၊ ခိုလှုံခွင့် လျှောက်ထားသူဖြစ်ဖြစ် ခိုလှုံခွင့်ရသူ ဖြစ်ဖြစ် ၄င်းတို့သည် ပြင်သစ်တွင် ဖြစ်စေ အခြားဥရောပနိုင်ငံများတွင် ဖြစ်စေ အားလုံး ခွဲခြားမှုမရှိဘဲ နဂိုရှိနေသည့် သက်သာချောင်ချိရေး စရိတ်များကို အတူတူ ခံစားခွင့်ရှိနေကြောင်း ၊ ထို့ပြင် ခိုလှုံခွင့် လျှောက်ပြီးသည်နှင့် အလုပ်လုပ်ခွင့်လည်း ရကြောင်း သိရသည် ။

“ ခိုလှုံခွင့်သူများထောက်ပံ့ရေးဌာန ဆောက်ဖို့ ရန်ပုံငွေ ဒေါ်လာ ၁၂ သန်း လျာထားပါတယ် ။ နှစ်စဉ် အသုံးစရိတ်က ဒေါ်လာ ၃သန်းကနေ ၄သန်း လျာထားပါတယ် ။ တကယ်ဆို ဒီလို ရန်ပုံငွေနှင့် ကိုရီးယားပြည်တွင်းရှိ ခိုလှုံခွင့်ရသူများရော ခိုလှုံခွင့် လျှောက်ထားသူများကိုပါ ထောက်ပံ့လိုက်မယ်ဆိုရင် ကမ္ဘာမှာ အကောင်းဆုံးသော ထောက်ပံ့မှုကိုပေးနိုင်တဲ့ အနေအထားဖြစ်လာမှာပါ ။ ၁၀ နှစ်မက ထောက်ပံ့ပေးနိုင်တဲ့ ဘတ်ဂျက်ပါပဲ ။ သည်အဆောက်အဦး စီမံကိန်းဟာ ငွေဖြုန်းတဲ့ စီမံချက်လို့ သဘောရပါတယ် ။ ကျနော်ကတော့ သည်စီမံချက်ကို ကန့်ကွက်တယ်” ဟု လုပ်ငန်းအဖွဲ့ဌာနမှူး မစ္စတာ ချွဲဝေါန်ကွန့် (최원근 사업팀장) ကပြောသည် ။

လွန်ခဲ့သည့် ၂၀၀၉ခုနှစ် ဇွန် ၂၀ ရက်ကစပြီး အသက်ဝင်လာသည့် လူဝင်မှုကြီးကြပ်ရေးဥပဒေတွင် ၊ ခိုလှုံခွင့် လျှောက်ထားသူများ ၁ နှစ်ကျော်မှသာလျင် အလုပ် လျှောက် ထားခွင့်ရှိမည်ဟု ကာလ ကန့်သတ် ထားသည်ကို တွေ့ရကြောင်း ၊ ဇွန်လ ၂၀ မတိုင်မှီ လျှောက်လွှာရှင်များကိုလည်း ဤကာလ နောက်ပိုင်း လျှောက်ထားသူများအဖြစ် သတ်မှတ် ထားကြောင်းလည်း သိရသည် ။


ရည်ညွှန်းချက်-
http://www.mwtv.kr

No comments: